Mpox (မျောက်ကျောက်ရောဂါ)

Mpox (မျောက်ကျောက်ရောဂါ)

မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကို (၁၉၅၈) ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး၊ (၁၉၇၀) ခုနှစ်တွင် လူသားများ၌ ပထမဆုံးတွေ့ရှိကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သောရောဂါဖြစ်ပြီး မျောက်ကျောက်ရောဂါပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်များ (မျောက်အမျိုးအစားအမျိုးမျိုး၊ ရှဥ့်၊ ကြွက်၊ မွှား) မှ အများဆုံးကူးစက်နိုင်သည်။ ၎င်းတိရစ္ဆာန်များနေထိုင်ရာ ပူနွေးစွတ်စိုသော ရာသီဥတုရှိသည့် အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အဓိကတွေ့ရှိရသည်။

တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သည့်အပြင် ရောဂါရှိနေသော လူတစ်ဦးမှ အခြားတစ်ဦးသို့လည်း ကူးစက်နိုင်ပြီး ကျောက်ကြီး‌ရောဂါ၏ လက္ခဏာများနှင့် ဆင်တူသည်။ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ (၂၀၂၂) ခုနှစ် မေလတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်‌ရောဂါအဖြစ် ပထမအကြိမ် ကြေငြာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင်လည်း အာဖရိကတိုက်၏ ပြည်နယ်အများစုတွင် မျောက်ကျောက်‌ရောဂါ ဖြစ်ပွားမှုနှုန်း လျင်မြန်စွာ ပြန်လည်မြင့်တက်လာသဖြင့် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့အစည်း (WHO)မှ (၂၀၂၄) ခုနှစ်၊ သြဂုတ်လ (၁၄)ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအ‌ရေးပေါ်အခြေအနေအဖြစ် ဒုတိယအကြိမ် ကြေညာခဲ့သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျောက်ကျောက်‌ရောဂါပိုး အမျိုးအစား (၂) မျိုးရှိသည်။

မျောက်ကျောက်‌ရောဂါပိုး အမျိုးအစား (၁) (clade I)
မျောက်ကျောက်ရောဂါပိုး အမျိုးအစား (၁) (Clade I) တွင် မျိုးကွဲ အေ (Clade Ia) နှင့် မျိုးကွဲ ဘီ (Clade Ib) ဟူ၍ နှစ်မျိုးရှိသည်။ အမျိုးအစား (၁) ဗိုင်းရပ်စ်ပိုးသည် အာဖရိကအလယ်ပိုင်း (ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ) နှင့် အိမ်နီးချင်းနိုင်ငံများတွင် အဓိကတွေ့ရှိရပြီး ရောဂါလက္ခဏာ ပိုမိုပြင်းထန်၍ သေဆုံးမှုနှုန်း (၁၀) ရာခိုင်နှုန်းခန့် မြင့်မားစေသည်။ ၂၀၂၄ ခုနှစ်တွင် Clade Ib မျိုးကွဲကို အာဖရိက ပြင်ပနိုင်ငံများတွင်ပါ တွေ့ရှိခဲ့ကြသည်။

မျောက်ကျောက်ရောဂါပိုး အမျိုးအစား (၂) (clade II)
မျောက်ကျောက်ရောဂါပိုး အမျိုးအစား (၂) (Clade II) တွင် မျိုးကွဲ အေ (Clade IIa) နှင့် မျိုးကွဲ ဘီ (Clade IIb) ဟူ၍ နှစ်မျိုးရှိသည်။ အမျိုးအစား (၂) ဗိုင်းရပ်စ်‌ပိုးသည် အာဖရိကအနောက်ပိုင်းတွင် အဓိကတွေ့ရှိရပြီး၊ (၂၀၂၂) ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်‌ရောဂါကို ဖြစ်ပေါ်စေခဲ့သည်။ ရောဂါလက္ခဏာများမှာ မပြင်းထန်ဘဲ သေဆုံးမှုနှုန်းမှာ (၁) ရာခိုင်နှုန်းခန့်သာရှိသည်။

ရောဂါပိုးကူးစက်နိုင်သော နည်းလမ်းများမှာ_

  • ရောဂါပိုးရှိသော တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း (ဥပမာ_အမဲလိုက်သမားများ၊ အိမ်ရှင်မများ)
  • ရောဂါပိုးရှိသောသူနှင့် အနီးကပ်ထိတွေ့မှုရှိခြင်း (ဥပမာ_ခန္ဓာကိုယ်ရှိအရည်များနှင့် ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်း၊ နှာချေချောင်းဆိုးခြင်း)
  • ‌ရောဂါပိုးရှိသော မသန့်ရှင်းသည့် အရာဝတ္ထုပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့မှုရှိခြင်း (ဥပမာ_အိပ်ရာခင်းများ၊ အဝတ်အစားများ)
  • ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားထံသို့ ကူးစက်နိုင်ခြင်းတို့ ဖြစ်ကြသည်။

မျောက်ကျောက်ရောဂါခံစားရသူ အများစုသည် အသက်အန္တရာယ်မရှိသော်လည်း အောက်ပါအခြေအနေရှိသူအချို့တွင် ‌ရောဂါပြင်းထန်မှုများ ဖြစ်ပေါ်နိုင်သည်။

  • ကိုယ်ခံအားနည်းသူများ
  • အသက် (၁) နှစ်အောက် ကလေးငယ်များ
  • နှင်းခူရောဂါအခံ ရှိသူများ
  • ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါပြင်းထန်နိုင်သည်။
M pox image3
ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါလက္ခဏာများသည် တစ်ပတ်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း ရောဂါပိုးနှင့်ထိတွေ့ပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း စတင်ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများမှာ (၂)ပတ် မှ (၄)ပတ်အထိ ကြာနိုင်ပြီး ကိုယ်ခံအားနည်းသူများတွင် ပို၍ကြာရှည်စွာ ခံစားရနိုင်သည်။

အဖြစ်များသော ‌ရောဂါလက္ခဏာများမှာ_

  • အရေပြားတွင် အကွက်များဖြစ်ပေါ်ခြင်း (rash)
    အစပိုင်းတွင် အကွက်များသည် ပြားနေသော အနီ‌‌ရောင်အစက်များ (macule – flat red spots) အဖြစ် ပေါ်လာပြီး၊ နောက်ထပ် တစ်ရက်၊ နှစ်ရက်အတွင်း မာကျောသော အဖုများ (Papule) အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအဖုများမှာ တဖြည်းဖြည်းကြီးလာပြီး အရည်ကြည်ဖုများ (vesicles) အဖြစ်သို့‌ ရောက်ရှိ၍ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ နောက် တစ်ရက်၊ နှစ်ရက်ခန့်အကြာတွင် အရည်ကြည်ဖုများသည် ပြည်များနှင့် ပြည့်နှက်လာသည်။ ထိုအဆင့်သည် (၅)ရက် မှ (၇)ရက်ခန့် ကြာနိုင်သည်။ ထို့နောက် အရည်ကြည်ဖုများ တဖြည်းဖြည်း ခြောက်သွေ့လာပြီး နှစ်ပတ်အကြာတွင် ကြွေကျသွားသည်။ အချို့သူများတွင် အကွက်များမှာ အနည်းငယ်သာ ဖြစ်ပေါ်လေ့ရှိပြီး အကွက်ပေါင်း ရာနှင့်ချီ၍ ဖြစ်ပေါ်သူများလည်းရှိသည်။ အကွက်များသည် လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာ၊ ပါးစပ်၊ လည်ပင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါနှင့် စအို အစရှိသော ခန္ဓာကိုယ်အနှံ့အပြား မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သည်။
  • ဖျားခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ခါးနာခြင်း
  • အားအင်ကုန်ခမ်းခြင်း
  • ပြန်ရည်ကျိတ်များ‌ ရောင်ခြင်းတို့ ဖြစ်ကြသည်။
M pox image4
နောက်ဆက်တွဲပြဿနာများ

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအချို့တွင် ရောဂါလက္ခဏာများ အလွန်ပြင်းထန်လာနိုင်ပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အရေပြားရှိ အကွက်များတွင် ဘက်တီးရီးယားပိုးဝင်‌ရောက်ပြီး ပြည်တည်နာများဖြစ်ပေါ်၍ အရေပြား ထိခိုက်ခြင်း
  • အ​ရေပြားအမာရွတ်များ၊ အမဲ၊ အဖြူကွက်များ ကျန်ခဲ့ခြင်း
  • အဆုတ်ရောင်နမိုးနီးယား ဖြစ်ခြင်း
  • မြင်လွှာတွင်ရောဂါပိုးဝင်ပြီး အမြင်အာရုံ ထိခိုက်ခြင်း
  • အစာမျိုရခက်ခဲခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့် ရေဓာတ်ခန်းခြောက်ခြင်း
  • ပိုးဆိပ်ပျံ့ခြင်း
  • ဦးနှောက်ရောင်ခြင်း
  • နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
  • အစာဟောင်းအိမ် ရောင်ရမ်းခြင်း
  • ဆီးလမ်းကြောင်း ရောင်ရမ်းခြင်း
  • လိင်အင်္ဂါများ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ ကိုယ်ခံအားနည်းသူများတွင် အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။

ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း
၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း နိုင်ငံပေါင်း (၁၂၀) ‌ကျော်တွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ဓာတ်ခွဲခန်းအတည်ပြုလူနာပေါင်း တစ်သိန်း (၁၀၀၀၀၀) ကျော်ရှိကြောင်းနှင့် သေဆုံးသူဦးရေ (၂၂၀) ကျော်ရှိကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖော်ပြထားသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြခဲ့သော မျောက်ကျောက်ရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့လျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ ခံစားရသော လက္ခဏာများ သက်သာစေရန် ကုသနိုင်သည်။

ရောဂါရှာဖွေခြင်း

မျောက်ကျောက်‌ရောဂါကို ရှာဖွေရန် ရောဂါရာဇဝင် သေချာစွာ မေးမြန်းခြင်း၊ အကွက်များနှင့် ပြန်ရည်ကျိတ်များကို သေချာစွာ စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် အနာများမှတစ်ဆင့် တစ်ရှူးအသားစယူ၍ စစ်ဆေးခြင်း၊ သွေးထဲတွင် မျောက်ကျောက်ဗိုင်းရပ်စ်ပိုး သို့မဟုတ် ပဋိပစ္စည်းများ စစ်ဆေးခြင်းတို့ဖြင့် ‌‌ရောဂါရှာဖွေတွေ့ရှိနိုင်သည်။ အရေပြားတွင် အနာမရှိသူများတွင် လည်ချောင်း သိုမဟုတ် စအိုတို့မှ တို့ဖတ် (swabs) ယူ၍ စစ်ဆေးမှု ပြုလုပ်နိုင်သည်။

ကုသခြင်း

မျောက်ကျောက်‌ရောဂါအများစုသည် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ် ပြီး (၂)ပတ် မှ (၄)ပတ်အတွင်း သူ့အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ မျောက်ကျောက်‌ရောဂါကို ကုသရာတွင် အဓိကအားဖြင့် အရေပြားအဖုများနှင့် နာကျင်မှုကို ကုသခြင်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းတို့ ဖြစ်ကြသည်။ မျောက်ကျောက်ရောဂါကို ကုသနိုင်သည့် သီးသန့်ဗိုင်းရပ်စ်ပိုးသတ်ဆေး ယခုအချိန်ထိ မထွက်ရှိသေးသော်လည်း ရောဂါပြင်းထန်သူများအတွက် ကျောက်ကြီး‌ရောဂါတွင် အသုံးပြုသည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ ရောဂါလက္ခဏာ ပြင်းထန်လာလျှင် (အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ခံအားနည်းသူများ) ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း

မျောက်ကျောက်ရောဂါပိုးရှိသူနှင့် ထိတွေ့ပြီးနောက် တတ်နိုင်သမျှ အစောဆုံး သို့မဟုတ် (၄) ရက်အတွင်း မျောက်ကျောက်‌ရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပိုးကို ကာကွယ်ရန် ကူညီပေးနိုင်သည်။ ရောဂါလက္ခဏာ မပေါ်သေးသူများတွင် ရောဂါပိုးနှင့် ထိတွေ့ပြီး (၁၄) ရက်အတွင်း ကာကွယ်ဆေးထိုးနိုင်သည်။ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးကို ပထမတစ်ကြိမ်ထိုးပြီးလျှင် တစ်လအကြာတွင် နောက်တစ်ကြိမ် (စုစုပေါင်း နှစ်ကြိမ်) ထိုးရန်လိုအပ်သည်။

အောက်ဖော်ပြပါ ရောဂါဖြစ်နိုင်ခြေများသူများသည် (အထူးသဖြင့် ကပ်ရောဂါဖြစ်နေချိန်တွင်) ကာကွယ်ဆေးထိုးရန် လိုအပ်သည်။

  • ကျန်းမာရေးဝန်ထမ်းများ
  • လိင်တူဆက်ဆံသူများ
  • လိင်ဆက်ဆံဖော်များသူများ
  • လိင်လုပ်သားများ ဖြစ်ကြသည်။

မျောက်ကျောက်ရောဂါကူးစက်ခံရသူများသည်

  • တစ်ဦးတည်း သီးသန့်နေထိုင်ခြင်း
  • အ‌ရေပြားရှိ အနာများခြောက်သွေ့ကွာကျပြီး၊ အရေပြားအသစ် ထွက်ပေါ်သည့်အချိန်ထိ အိမ်၌သာ နေထိုင်ခြင်း
  • အပြင်ထွက်သည့်အခါ နှာခေါင်းစည်းတပ်ခြင်း၊ အရေပြားတွင် အနာများမခြောက်သေးလျှင် ဖုံးအုပ်ထားခြင်း
  • လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် မကြာခဏဆေးကြောခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အခြားသူများသို့ မကူးစက်အောင် ကာကွယ်နိုင်သည်။
M pox image5
ကပ်ရောဂါ ဖြစ်နေသောဒေသများသို့ ခရီးသွားလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ
  • မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ရရှိသောနိုင်ငံဖြစ်ပါက ခရီးမသွားခင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင် ထိုးခြင်း
  • မျောက်ကျောက်ရောဂါရှိသူများနှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဥ်ခြင်း
  • မျောက်ကျောက်ရောဂါရှိသူများနှင့် နမ်းခြင်း၊ ဖက်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဥ်ခြင်း
  • မျောက်ကျောက်ရောဂါရှိသူ အသုံးပြုထားသောပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
  • လက်ကို ဆပ်ပြာ၊ ရေတို့နှင့် မကြာခဏ ဆေးကြောခြင်း
  • တိရိစ္ဆာန်များနှင့် ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း (ဥပမာ _ မျောက်၊ ကြွက်၊ ရှဥ့်)
  • ကျက်အောင်ချက်ပြုတ်ထားခြင်းမရှိသော တိရစ္ဆာန်များ၏ အသားများကိုစားခြင်းမှ ရှောင်ကြဥ်ခြင်း တို့ဖြစ်သည်။

မျောက်ကျောက်ရောဂါလက္ခဏာများ ခံစားရလျှင် သို့မဟုတ် ရောဂါရှိသူနှင့် ထိတွေ့မှုရှိလျှင် ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော စစ်ဆေးကုသမှုနှင့် ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ရန်လိုအပ်သည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားပါက နေအိမ်တွင်သာ သီးသန့်နေထိုင်ရန် လိုအပ်ပြီး ရောဂါလက္ခဏာများနှင့် အရေပြားအနာများ လုံးဝသက်သာပျောက်ကင်းသည်အထိ ခရီးသွားလာခြင်း မပြုရပါ။

References:

  1. World Health Organization. (n.d.). Mpox. Retrieved October 22, 2025, from https://www.who.int/news-room/fact-sheets/detail/mpox
  2. Centers for Disease Control and Prevention. (2024). Mpox caused by human-to-human transmission of monkeypox virus in the Democratic Republic of the Congo with spread to neighboring countries (Health Alert Network HAN-00513). Retrieved October 22, 2025, from https://emergency.cdc.gov/han/2024/han00513.asp
  3. Centers for Disease Control and Prevention. (n.d.). Monkeypox situation summary. Retrieved October 22, 2025, from https://www.cdc.gov/monkeypox/situation-summary/index.html
  4. Cleveland Clinic. (n.d.). Monkeypox. Retrieved October 22, 2025, from https://my.clevelandclinic.org/health/diseases/22371-monkeypox
  5. National Health Service. (n.d.). Mpox. Retrieved October 22, 2025, from https://www.nhs.uk/conditions/mpox/
  6. World Health Organization. (2024). WHO Director-General declares mpox outbreak a public health emergency of international concern. Retrieved October 22, 2025, from https://www.who.int/news/item/14-08-2024-who-director-general-declares-mpox-outbreak-a-public-health-emergency-of-international-concern
  7. European Centre for Disease Prevention and Control. (2024). Mpox epidemiological update, week 36-2024 (clade I). Retrieved October 22, 2025, from https://www.ecdc.europa.eu/en/news-events/mpox-epidemiological-update-week-36-2024-clade-i

Published: 31 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.