Peptic ulcer disease (အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများ)

Peptic ulcer disease (အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများ)

အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး အထူးသဖြင့် သက်လတ်ပိုင်းအရွယ်များတွင် ပိုမိုဖြစ်ပွါးသည်။ အနာရှိသူများ၏ (၇၀) ရာခိုင်နှုန်းတွင် မည်သည့်လက္ခဏာမျှ မပြသဖြင့် သတိမပြုမိဘဲ ရှိနေတတ်သည်။ ဝမ်းဗိုက်အထက်ပိုင်း ရင်ခေါင်းနေရာတွင် နာခြင်း၊ အောင့်ခြင်း၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများသည် အဖြစ်များသောလက္ခဏာများဖြစ်သည်။ အနာဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာ အက်ဆစ်ဓာတ်များခြင်းနှင့် အစာအိမ်ပိုးရှိခြင်းတို့ကြောင့်ဖြစ်သည်။

Peptic ulcer disease image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာခြေလမ်းကြောင်း အတွင်းနံရံများကို အစာခြေရည် အက်ဆစ်ဓာတ်မှ ခံနိုင်ရည်ရှိစေရန် အချွဲများ (Mucus) ထုတ်ပြီး ကာကွယ်ထားသည်။ အက်ဆစ်ဓာတ် အထွက်များခြင်းနှင့် အချွဲအလွှာ ပျက်စီးခြင်းတို့ကြောင့် အနာများဖြစ်ပေါ်ရသည်။

အစာအိမ်နှင့် အူသိမ်ဦးပိုင်း အနာဖြစ်ခြင်း၏ အဓိကအကြောင်းရင်းများမှာ_

  1. အစာအိမ်ပိုးဝင်ခြင်း (Helicobacter pylori infection)
    အစာအိမ်ပိုးသည် အစာအိမ်နှင့် အူလမ်းကြောင်းနံရံများကို ကာကွယ်ပေးသော အချွဲအလွှာထဲတွင် နေထိုင်ပေါက်ပွါးပြီး အစာအိမ်အတွင်းနံရံ ရောင်ရမ်းစေကာ အစာအိမ်အနာကို ဖြစ်စေသည်။ အစာအိမ်ပိုးသည် မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် ကူးစက်သည်ဟု ယူဆထားကြသည်။
  2. အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
    ဒိုင်ကလိုဖန်နက် (diclofenac)၊ အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့ အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်၊ အူလမ်းကြောင်းနံရံများကို တိုက်စားရောင်ရမ်းစေပြီး အနာများဖြစ်စေသည်။ ပါရာစီတမောကြောင့် အနာဖြစ်မှုမှာ အလွန်နည်းပါးသည်။
  3. အခြားသောက်ဆေးများ
    စတီးရွိုက်သောက်ဆေးကဲ့သို့သောဆေးများ၊ သွေးကျဲဆေးများ၊ အရိုးပွရောဂါကုသသည့် ဆေးများ (Alendronate, Risedronate) စသည့် ဆေးများသည်လည်း အနာဖြစ်ပေါ်စေနိုင်သည်။

အောက်ပါအချက်များကြောင့်လည်း အစာအိမ်၊ အူသိမ်အနာများ ပိုမိုဖြစ်ပွါးစေသည်။

  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အပူ၊ အစပ်စားခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

အဖြစ်အများဆုံးလက္ခဏာမှာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့်ဗိုက်နာခြင်းဖြစ်သည်။ အစာအိမ်ထဲ အစာမရှိလျှင် အက်ဆစ်ဓာတ်ကြောင့် ပိုနာတတ်သည်။ အစားပြန်စားလိုက်လျှင် သို့မဟုတ် အစာအိမ်အက်ဆစ်ထိန်းဆေးများ သောက်ပြီးလျှင် နာကျင်ခြင်း သက်သာသွားလေ့ရှိသည်။

  • အစာအိမ်အနာများသည် အစာစားပြီးချိန်တွင် ပိုနာတတ်ပြီး အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း စသည့်လက္ခဏာများ ပြသသည်
  • အူသိမ်ဦးပိုင်းအနာများသည် ဗိုက်ဆာသည့်အချိန်တွင် ပိုနာတတ်ပြီး အစားစားလိုက်ပါက သက်သာသွားတတ်သည်။ နံနက်စောစော (သို့မဟုတ်) ညဖက်တွင် ပိုဆိုးလေ့ရှိသည်

အများစုတွင်မူ မည်သည့်လက္ခဏာမှမပြဘဲ အစာအိမ်အနာ၊ အူသိမ်အနာ ရှိနေတတ်သည်။ အချို့လူနာများတွင် အောက်ဖော်ပြပါ ပိုမိုဆိုးဝါးသော လက္ခဏာများ ခံစားရတတ်သည်။

  • သွေးအန်ခြင်း
  • ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
  • ပျို့အန်ခြင်း
  • အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း
  • အစားအသောက်ပျက်ခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
  • အနာမှ သွေးယိုစိမ့်ခြင်းကြောင့် သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
  • ကြာရှည်စွာ သွေးယိုစိမ့်ခြင်းကြောင့် သွေးအားနည်းခြင်း
  • အစာအိမ်ပေါက်ခြင်း၊ အူပေါက်ခြင်း
  • အစာအိမ်ထွက်ပေါက် ပိတ်ခြင်း
  • အစာအိမ်ကင်ဆာ စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို တစ်ပတ်နှင့်အထက် ခံစားနေရခြင်း၊ ဗိုက်အလွန်အောင့်ခြင်း၊ အစာမစားနိုင်အောင် ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်၍ သိသာစွာ ပိန်ကျသွားခြင်းတို့ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းအမည်းရောင်သွားခြင်းတို့ ခံစားရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

အစာအိမ်ရောဂါ လက္ခဏာများ၊ အစာအိမ်အူသိမ်အနာ လက္ခဏာများ ရှိပါက ဆရာဝန်သည် လူနာကိုစမ်းသပ်ပြီး သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ခြင်းတို့ ပြုလုပ်ရန် ညွှန်ကြားလိမ့်မည်။

  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Upper GI Endoscopy)
    အစာအိမ်၊ အူလမ်းကြောင်းတွင် အနာ ရှိမရှိ တိတိကျကျ သိရှိနိုင်ရန် အစာအိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးရသည်။ အထူးသဖြင့်
    • အစာအိမ်၊ အူလမ်းကြောင်း သွေးယိုစိမ့်သော လက္ခဏာများရှိခြင်း
    • အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း
    • အစာနင်ခြင်းနှင့်
    • အသက် (၅၀) ကျော်မှ အစာအိမ်ရောဂါလက္ခဏာများကို ပထမဆုံးခံစားရခြင်း စသည့်အချက်များရှိလျှင် အစာအိမ်မှန်ပြောင်း မဖြစ်မနေ ကြည့်ရှုရမည်။
      ဆရာဝန်သည် လက်သန်းအရွယ် မှန်ပြောင်းပါသော ပြွန်ပျော့ကို ပါးစပ်မှတစ်ဆင့် ထည့်သွင်းကာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အစာအိမ်အထွက် အူသိမ်ဦးပိုင်း အတွင်းနံရံများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ အဆိုပါအတွင်းနံရံများတွင် အနာရှိပါက သေးငယ်သောအသားစယူ၍ စစ်ဆေးရန် လိုအပ်သည်။ ထို့နောက် အစာအိမ်နံရံအသားစကိုယူ၍ အစာအိမ်ပိုး ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ အကယ်၍ အစာအိမ်အနာရှိသည်ဆိုပါက ဆေးကုသမှုခံယူအပြီးတွင် အနာကျက်မကျက် စစ်ဆေးရန် မှန်ပြောင်း ထပ်မံကြည့်သင့်သည်။
  • အစာအိမ်ပိုး (H. pylori) ရှိမရှိ စစ်ဆေးခြင်း
    အဓိကအားဖြင့် အစာအိမ်ပိုး စစ်ဆေးနည်း (၄)နည်း ရှိသည်။
    • Urea ပါသော ဆေးရည် (သို့မဟုတ်) ဆေးခဲကိုသောက်ပြီးနောက် ပြန်မှုတ်ထုတ်သောလေတွင် ပါဝင်သည့် carbon dioxide ပမာဏကို စမ်းသပ်ခြင်း (Urea Breath Test)
    • သွေးထဲတွင် ပိုး၏ ပဋိလှုံ့ပစ္စည်းနှင့် ပဋိပစ္စည်းများကို စစ်ဆေးခြင်း (Antigen and antibody test)
    • ဝမ်းနမူနာမှ အစာအိမ်ပိုးပဋိလှုံ့ပစ္စည်း (H. pylori antigen) ကို ဓာတ်ခွဲစစ်ဆေးခြင်း
    • အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းမှ အသားစယူ၍စစ်ဆေးခြင်းများဖြင့် ရှာဖွေနိုင်သည်။
  • အစာအိမ်၊ အူလမ်းကြောင်း ဓာတ်မှန်များ
    အဖြူရောင်ရှိသည့် အရည်တစ်မျိုး (Barium) သောက်ပြီး ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ ထိုဆေးရည်သည် အစာအိမ်၊ အူလမ်းကြောင်းတစ်လျှောက်ကို ဖြတ်သန်းဆင်းသွားချိန်တွင် ဓာတ်မှန်များရိုက်ခြင်းဖြင့် အစာအိမ်၊ အူလမ်းကြောင်းနံရံ ပုံရိပ်များကို မြင်တွေ့နိုင်သည်။ လိုအပ်ပါက စီတီကွန်ပျုတာဓာတ်မှန် (CT scan) ရိုက်နိုင်သည်။
ကုသခြင်း

ကုသရာတွင် ဆေးဝါးများဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း ဟူ၍ (၂) မျိုးရှိသည်။

ဆေးဝါးများဖြင့်ကုသခြင်း
သောက်ဆေး (သို့မဟုတ်) လိုအပ်လျှင် ထိုးဆေးများဖြင့် ကုသသည်။ အစာအိမ်ပိုးကို ကုသခြင်း၊ အစာအိမ် အက်ဆစ်ထိန်းဆေး၊ အစာအိမ်အက်ဆစ်ဓာတ် ပြယ်ဆေးများနှင့် အစာအိမ်နံရံကို အက်ဆစ်ဒဏ်မှ ကာကွယ်ပေးသည့်ဆေးများ စသည်တို့ကို အသုံးပြု၍ကုသသည်။

  1. အစာအိမ်ပိုးကို ကုသခြင်း
    • အစာအိမ်ပိုး ကုသရာတွင် ပဋိဇီဝပိုးသတ်ဆေး (၂) မျိုး၊ အစာအိမ်မှ အက်စစ်ထွက်ခြင်းကို တားဆီးပေးသောဆေးများ (Proton pump inhibitors) (၁) မျိုး၊ အစာအိမ်နံရံကို ကာကွယ်ပေးသော (Bismuth subsalicylate) ဆေး (၁) မျိုးတို့ကို တစ်ပြိုင်တည်းပေးခြင်းဖြင့် ကုသလေ့ရှိသည်၊ ပိုးသတ်ဆေး (၂) မျိုးပေါင်းပေးခြင်းသည် ဆေးယဥ်ပါးခြင်းကို ကာကွယ်ရန်ဖြစ်သည်၊ ၎င်းပိုးသတ်ဆေးများကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း (၁၄) ရက်ပြည့်အောင် သောက်သုံးရန် လိုအပ်သည်
    • ပိုးသတ်ဆေး သောက်ပြီးနောက် (၄) ပတ်အကြာတွင် အစာအိမ်ပိုး ပျောက်မပျောက်ကို ထပ်မံစစ်ဆေးရန်လိုသည်၊ မပျောက်ပါက နောက်တစ်ကြိမ် အခြားပိုးသတ်ဆေးများဖြင့် ကုသရန်လိုသည်
  2. အစာအိမ်အက်ဆစ်ထိန်းဆေး (Proton pump inhibitors and H2 blockers)
    • အစာအိမ်အက်ဆစ်ထိန်းဆေး (Proton Pump Inhibitor) သည် အက်ဆစ်ထုတ်ပေးသော အစာအိမ်ကလပ်စည်းဆဲလ်များ၏ လုပ်ဆောင်မှုကို ပိတ်လိုက်ခြင်းဖြင့် အက်ဆစ်အထွက်နည်းစေသည်၊ ၎င်းဆေးများတွင် – Omeprazole, Pantoprazole, Rabeprazole စသည့် ဆေးများပါဝင်သည်
    • အက်ဆစ်ထိန်းဆေးများကို အချိန်ကာလ ကြာရှည်စွာအသုံးပြုပါက အရိုးပွခြင်းဖြစ်စေပြီး အရိုးကျိုးနိုင်ခြေများသောကြောင့် အမြဲစွဲသောက်ခြင်းမပြုလုပ်ဘဲ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးသင့်သည်
    • အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို လျော့ကျစေသည့် အခြားဆေးများ (H2 blocker – Cimetidine, Famotidine) တို့သည်လည်း အစာအိမ်အက်ဆစ်ထွက်ခြင်းကို လျော့နည်းစေခြင်းကြောင့် အစာအိမ်အနာများကို သက်သာစေပြီး အနာကျက်ခြင်းကို အားပေးသည်
  3. အစာအိမ်အက်ဆစ်ဓာတ် ပြယ်စေသောဆေးများ (Antacid)
    • အစာအိမ်အက်ဆစ်ဓာတ် ပြယ်စေသောဆေးများ (Antacid) သည် ထွက်ပြီးသား အက်ဆစ်ဓာတ်များကို ဓာတ်ပြယ်စေခြင်းဖြင့် နာကျင်မှုကို အမြန်သက်သာစေသည်၊ သို့သော် အနာကိုမကျက်စေပါ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများရှိသည်
  4. အစာအိမ်ကို အက်ဆစ်ဒဏ်မှ ကာကွယ်ပေးသောဆေးများ
    • အစာအိမ်၊ အူလမ်းကြောင်းနံရံများကို ထိခိုက်မှုနည်းစေရန် ကာကွယ်ပေးသည့်ဆေးများဖြစ်သည်

ခွဲစိတ်ကုသခြင်း
အနာကြောင့် အစာအိမ်ထွက်ပေါက်ပိတ်ခြင်း၊ အနာမှ သွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အူပေါက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးပါက ခွဲစိတ်ကုသရန် လိုအပ်သည်။

ကာကွယ်ခြင်း

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အစာအိမ်၊ အူသိမ်အနာများ ဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။

  • ဆေးလိပ်နှင့်အရက် ရှောင်ကြဥ်ခြင်း
  • စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ခြင်း
  • အပူ၊ အစပ် ရှောင်ကြဥ်ခြင်း
  • အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်ခြင်း
  • H.pylori ဘက်တီးရီးယားပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ လက်ကိုပုံမှန်ဆေးခြင်း (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း)

References:

  1. Cleveland Clinic. (2025). Peptic ulcer disease. Retrieved June 22, 2025, from https://my.clevelandclinic.org/health/diseases/10350-peptic-ulcer-disease
  2. Mayo Clinic. (n.d.). Peptic ulcer – Symptoms and causes. Retrieved June 22, 2025, from https://www.mayoclinic.org/diseases-conditions/peptic-ulcer/symptoms-causes/syc-20354223
  3. Brown, C., & Lewis, W. (2022). Peptic ulcer disease. In Oxford handbook of clinical surgery (5th ed., pp. 384–387). Oxford University Press.

Published: 30 August 2024

Last updated: 21 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.