ပန်းနာရင်ကျပ်ရောဂါ (Bronchial asthma) ဆိုသည်မှာ နာတာရှည်အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်အတွင်းရှိ လေပြွန်များသည် ပတ်ဝန်းကျင်ရှိလှုံ့ဆော်မှုများကို လိုအပ်သည်ထက်ပို၍ တုံ့ပြန်မှုများနေသောကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသည့်အခါ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း၊ လေပြွန်အတွင်း ချွဲများထွက်လာခြင်း၊ လေပြွန်များ ကျဉ်းသွားခြင်းတို့ကြောင့် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။ ထိုအခြေအနေသည် သေချာစွာကုသမှု မခံယူပါက အသက်အန္တရာယ်ရှိနိုင်သည်။
ပန်းနာရင်ကျပ်သည် အသက်အရွယ်မရွေး စဖြစ်နိုင်သော်လည်း ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးဘဝတွင် အများဆုံးစဖြစ်နိုင်ပြီး ကလေးအများစုသည် အသက် (၅)နှစ် မတိုင်ခင်တွင် ရောဂါလက္ခဏာကို စတင်ခံစားရနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်မကုသနိုင်ခြင်း မရှိသေးပါ။ သို့သော် ကလေးအများစုတွင် ပုံမှန်ကုသမှုနှင့် ကာကွယ်မှုနည်းဗျူဟာများကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ပါက ပန်းနာရင်ကျပ်ရောဂါကို ကောင်းစွာထိန်းချုပ်နိုင်သည်။ စနစ်တကျကုသမှု မခံယူပါက နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးပန်းနာရင်ကျပ် ဖြစ်စေနိုင်သော အကြောင်းအရာများကို အတိအကျမသိနိုင်သော်လည်း အောက်ပါအခြေအနေများကြောင့် ဖြစ်စေသည်ဟု ယူဆရသည်။
- မျိုးရိုးလိုက်ခြင်း
- လသားအရွယ်တွင် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ _ တုပ်ကွေးမိခြင်း၊ အဆုတ်ရောင်ခြင်း)
- ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများဖြင့် ထိတွေ့ခြင်း (Allergens) (ဥပမာ _ ကျပ်ခိုး၊ ပန်းဝတ်မှုန်၊ အမွှေးနံ့များ၊ မီးခိုးငွေ့များ) အစရှိသည်တို့ကြောင့် ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- ဓာတ်မတည့်သည့်ရောဂါရှိသူများ၊ နှင်းခူရောဂါရှိသူများ
- မိသားစုထဲတွင် ပန်းနာရင်ကျပ်ရောဂါရှိသူများ
- အသက်ရှူလမ်းကြောင်း ပိုးဝင်သည့်ရောဂါ မကြာခဏဖြစ်သူများ
- မွေးကင်းစတွင် ပေါင်မပြည့်သည့် ကလေးများ
- အဝလွန်သောကလေးများ
- အစာအိမ် စားချဥ်ပြန်သည့်ရောဂါရှိသူများ
- ဆေးလိပ်ငွေ့ဖြင့် ထိတွေ့မှုရှိနေသည့် ကလေးများ
- လေထုညစ်ညမ်းမှုများသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသူများ
- ယောက်ျားလေးများ
ရောဂါလက္ခဏာများ
ပန်းနာရင်ကျပ်ကလေးများသည် ခံစားရသည့်လက္ခဏာပြင်းထန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီနိုင်ပါ။ ရောဂါလက္ခာများသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပြီး အေးသည့်ရာသီဥတုများတွင် ပိုအဖြစ်များသည်။
- အဓိကလက္ခဏာများ
- မကြာခဏ ချောင်းဆိုးခြင်း (ညဘက်နှင့် နံနက်စောစောအချိန်များတွင် ပိုဆိုးနိုင်သည်)
- ရင်ကျပ်ခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
- မောခြင်းတို့ဖြစ်သည်။
- အခြားဖြစ်နိုင်သောလက္ခဏာများ
- ပြေးလွှားကစားစဥ် ရုတ်တရက် ရင်ကျပ်ချောင်းဆိုးခြင်း
- ချောင်းဆိုးရင်ကျပ်ခြင်းကြောင့် ညဘက် ကောင်းစွာအိပ်မပျော်ခြင်း
- ကိုယ်လှုပ်ရှားမှုပြုလုပ်လျှင် မောခြင်း
အစာကောင်းစွာ မစားနိုင်ခြင်း၊ ကြီးထွားမှု နှောင့်နှေးခြင်း စသည်တို့ဖြစ်သည်။
- အရေးပေါ်လက္ခဏာများ
- ဝမ်းဗိုက်ကြွက်သားကို အသုံးပြု၍ အသက်ရှူရခြင်း
- နံရိုးကြား ချိုင့်ဝင်အောင် အသက်ရှူရခြင်း
- နှုတ်ခမ်းများ၊ လက်သည်းများ ပြာလာခြင်း
- နှလုံးခုန်နှုန်း မြန်လာခြင်း၊ အသက်ရှူနှုန်း မြန်လာခြင်း
- စကားကို အရှည်မပြောနိုင်တော့ခြင်း၊ စကားလုံးဝ မပြောနိုင်တော့ခြင်း
- ရေ သို့မဟုတ် အရည်များ မသောက်နိုင်တော့ခြင်း
- ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပြီး ဤလက္ခဏာများရှိလျှင် ဆရာဝန်နှင့် ချက်ခြင်းပြသရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
- ရုတ်တရက် ဆိုးဆိုးဝါးဝါး ထကျပ်ခြင်း
- ကျောင်းမကြာခဏ ပျက်ခြင်း
- ဆေးရုံ မကြာခဏတက်ရခြင်း၊ အရေးပေါ်ဌာနများသို့ မကြာခဏပြသရခြင်း
- ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- အဆုတ်ထိခိုက်မှု ဖြစ်စေခြင်းတို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ထို့အပြင် အရေးပေါ်လက္ခဏာများရှိပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပန်းနာရင်ကျပ်ရောဂါသည် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ဖြစ်သည့် အဆုတ်လေပြွန်ရောင်ခြင်းနှင့် ဆင်တူသောလက္ခဏာများရှိသောကြောင့် အစောပိုင်းတွင် ရောဂါနာမည်တပ်ရန် မလွယ်ကူပါ။ ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်နိုင်ရန်အတွက် ကလေး၏ ရောဂါရာဇဝင်၊ ရောဂါလက္ခဏာများနှင့် စမ်းသပ်မှုများသည် အရေးကြီးသည်။
ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းစသည့် စစ်ဆေးခြင်းများအား ပုံမှန်အားဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။ သို့သော် ရောဂါ၏ ပြင်းထန်မှု၊ အခြေအနေကို သိရှိနိုင်ရန်၊ ဓာတ်မတည့်သည့် အရာများကို သိရှိနိုင်ရန်၊ အခြားအဆုတ်ရောဂါများ ရှိမရှိ ကြည့်ရန်အတွက် အဆုတ်လုပ်ဆောင်နိုင်စွမ်း တိုင်းတာသည့် စစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ခြင်းများ၊ ဓာတ်မတည့်ပစ္စည်း စစ်ဆေးမှုများကို လိုအပ်လျှင် ပြုလုပ်နိုင်သည်။
ကုသခြင်း
ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး ရေရှည်ကုသရန်လိုအပ်သည်။ ပန်းနာရင်ကျပ်ကို ကုသရာတွင် မိဘများနှင့် ကလေးများအတွက် ပန်းနာရင်ကျပ်ရောဂါအရေးပေါ်ကုသမှု အစီအစဉ် (Asthma action plan)ကို ချမှတ်ပေးထားရမည်ဖြစ်သည်။ ထိုအစီအစဥ်တွင်
- ဆေးများအား မည်သည့်အချိန်တွင် မည်သို့သုံးရမည်ကို သိစေရန်
- ရောဂါလက္ခဏာဆိုးလာချိန်တွင် မည်သို့လုပ်သင့်သည်ကို သိစေရန်
- မည်သည့်အချိန်တွင် အရေးပေါ်ကုသမှုခံယူရမည်ကို သိစေရန် ထည့်သွင်းရေးသားထားရမည်ဖြစ်သည်။
ထိုကုသမှုအစီအစဥ်များကို ကလေး၊ ကလေးမိဘများနှင့် ကလေးကိုပြုစုစောင့်ရှောက်မည့်သူများပါ သိရှိအောင်ပြုလုပ်ထားရမည်။ ကျောင်းနေအရွယ်ကလေးဖြစ်ပါက ကျောင်းမှဆရာ၊ ဆရာမများကိုပါ ကလေးရောဂါအခြေအနေနှင့် အရေးပေါ်ကုသမှု အစီအစဥ်များကို အသိပေးထားရန်လိုသည်။ ပန်းနာရင်ကျပ်ရောဂါကုသရာတွင် ရောဂါပိုဆိုးစေသည့် ပတ်ဝန်းကျင်လှုံ့ဆော်မှုများကို ရှောင်ရန်လည်းအလွန် အရေးကြီးသည်။
ကုသသည့်ဆေးများ (Asthma inhalers)
ကလေး၏ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဆေးများကို နေ့စဥ် သို့မဟုတ် လိုအပ်သည့်အခါ ရှူရန် သို့မဟုတ် သောက်ရန် လိုအပ်နိုင်သည်။ လက္ခဏာသက်သာစေသည့် ဆေးများနှင့် ကာကွယ်ဆေးများ ဟူ၍ရှိသည်။ ဆေးများတွင် ရှူဆေး (Inhaler)နှင့် သောက်ဆေးဟူ၍ ခွဲခြားထားသည်။ ရှူဆေးအသုံးပြုသည့် ကလေးများတွင် ကလေး၏အသက်အရွယ်နှင့် လုပ်ဆောင်နိုင်မှုပေါ် မူတည်၍ နှာခေါင်းနှင့်ပါးစပ်အုပ် (face mask) နှင့် ကြားခံပစ္စည်း (spacers)များကို အသုံးပြုရန် လိုအပ်သည်။
လက္ခဏာအမြန်သက်သာစေသောဆေးများ (relievers)
ကလေး၏ရောဂါသည် ပြင်းထန်ခြင်းမရှိလျှင်၊ အကြိမ်မများလျှင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်မှသာ ရောဂါလက္ခဏာကို အနည်းငယ်ခံစားရလျှင် လက္ခဏာအမြန်သက်သာစေသော ရှူဆေးများကိုသာ သုံးရန်လိုအပ်သည်။ လက္ခဏာ အလျင်အမြန် သက်သာစေသော ဆေးများတွင် လေပြွန်ကျယ်စေသည့် ဆေးများဖြစ်သော short acting beta2 agonists (SABAs)နှင့် short acting anticholinergics ဆေးများ ပါဝင်သည်။
ကာကွယ်ဆေးများ (preventers)
ရောဂါလက္ခဏာများ တဖြည်းဖြည်း လျော့နည်းအောင် ထိန်းသိမ်းရန်နှင့် ရုတ်တရက် ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် နေ့စဥ်အသုံးပြုရန် လိုအပ်သည့်ဆေးဝါးများဖြစ်သည်။ ထိုဆေးများတွင် လေပြွန်ရောင်ရမ်းမှုကို လျှော့ချနိုင်သည့်ဆေးများ၊ လေပြွန်ကျဥ်းသွားခြင်းကို ကာကွယ်နိုင်သည့် ရှူဆေးများနှင့် သောက်ဆေးများပါဝင်သည်။
ပန်းနာရင်ကျပ်အတွက် သုံးသောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
အများစုတွင် ဆိုးကျိုးများတွေ့လေ့မရှိပါ။
- အနီပြင်များထွက်ခြင်း
- ပါးစပ်တွင်း မှက္ခရုထွက်ခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်းတို့ တစ်ခါတစ်ရံ ရှိနိုင်သည်။ ပြင်းထန်သောလက္ခဏာများပေါ်လာလျှင် သက်ဆိုင်ရာဆရာဝန်ဖြင့် ပြန်ပြရန် လိုအပ်သည်။
ကာကွယ်ခြင်း
ပန်းနာရင်ကျပ်ရောဂါကို အပြည့်အဝမကာကွယ်နိုင်သော်လည်း ရုတ်တရက် ထကျပ်ခြင်းများနှင့် မကြာခဏ ရင်ကျပ်ခြင်းများကို လျှော့ချနိုင်သည့် နည်းလမ်းများရှိသည်။ ထိုနည်းလမ်းများမှာ_
- ဆေးလိပ်ငွေ့၊ ဖုန်၊ မီးခိုးနှင့် လေထုညစ်ညမ်းသည့်နေရာများကို ရှောင်ကြဥ်ခြင်း
- လေသန့်စင်စက်၊ အစိုထိန်းစက်များ အသုံးပြုခြင်း
- အမွှေးရနံ့များပါသော ဖယောင်းတိုင်များသုံးခြင်း၊ ခြင်ဆေးဖျန်းဆေးများ အသုံးပြုခြင်းကိုရှောင်ကြဥ်ခြင်း
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း
- အစာအိမ် စားချဥ်ပြန်သည့်ရောဂါ ရှိပါက သေချာစွာကုသခြင်း
- မိမိကလေးအတွက် ရင်ပိုကျပ်စေနိုင်သည့် အရာများအား ရှောင်ကြဥ်ခြင်းတို့ဖြစ်သည်။
ဆရာဝန်မှ ပေးထားသောရှူဆေး၊ သောက်ဆေးများကို ညွှန်ကြားချက်အတိုင်း ပုံမှန်နှင့် နည်းစနစ်မှန်မှန် သုံးစွဲရန် အရေးကြီးသည်။ ဤသို့ရောဂါလက္ခဏာများကို သေချာစွာ ထိန်းနိုင်မည်ဆိုပါက ကလေးသည် ပုံမှန်အတိုင်း နေထိုင်နိုင်ခြင်း၊ ကျောင်း ပုံမှန်တက်ရောက်နိုင်ခြင်း၊ နေ့စဥ်လုပ်ငန်းများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများသို့ အရေးပေါ်သွားရောက်ရန် မလိုအပ်ခြင်း၊ ဆေး၏ ဘေးထွက်ဆိုးကျိုးများကို မခံစားရခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ပြောင်းလဲတိုးတက်မှုများ
ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါကို ကုသရာ၌ ရှူဆေးများ (inhalers) သည် အဓိက ကုထုံးအဖြစ် ဆက်လက်တည်ရှိနေသော်လည်း မကြာသေးမီနှစ်များအတွင်း ရောဂါကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းသစ်များစွာ ပေါ်ထွက်လာခဲ့သည်။ ဤတိုးတက်မှုများသည် အထူးသဖြင့် ဆေးရိုးရိုးဖြင့် ထိန်းမရသော ပြင်းထန်သည့် ပန်းနာရင်ကျပ်ရောဂါရှိသော ကလေးများအတွက် များစွာ အကျိုးရှိသည်။
- ပစ်မှတ်ထား ဇီဝကုထုံးများ (Targeted Biologics)
ယခင်က ပန်းနာရင်ကျပ်ကို ထိန်းချုပ်ရန် ကိုယ်ခံအားစနစ်တစ်ခုလုံးကို နှိမ်နင်းသည့် စတီးရွိုက်ဆေးများကိုသာ အဓိကအသုံးပြုခဲ့သည်။ ယခုအခါ ဇီဝကုထုံးများ (Biologics) ပေါ်ပေါက်လာပြီး ၎င်းဆေးများသည် ရောဂါဖြစ်စေသော ကိုယ်ခံအားစနစ်၏ မူမမှန်တုံ့ပြန်မှုလမ်းကြောင်းကို တိကျစွာ ပစ်မှတ်ထားတိုက်ခိုက်သည်။ [ဥပမာ – Omalizumab, Mepolizumab, Benralizumab] - ပိုမိုကောင်းမွန်သော တစ်ဦးချင်းစီအတွက်ကုထုံး (Enhanced Personalized Medicine)
ရောဂါ၏ ဇီဝအမျိုးအစား (endotype) ပေါ်မူတည်၍ တစ်ဦးချင်းစီအတွက် သင့်လျော်စွာ ရွေးချယ်ပေးနိုင်ရန် ကြိုးစားလာကြသည်။ (ဥပမာ – ဓာတ်မတည့်မှုကြောင့်ဖြစ်သည့် ပန်းနာရင်ကျပ် သို့မဟုတ် eosinophils မြင့်မားသည့် ပန်းနာရင်ကျပ်စသည့် အမျိုးအစားအလိုက် ကုထုံးများကို ပိုမိုတိကျစွာ ရွေးချယ်လာကြသည်) - Smart Inhalers နှင့် နည်းပညာအကူအညီ
စမတ်ရှူဆေးဘူးများ (Smart inhalers) ကို စတင်အသုံးပြုလာကြပြီး ၎င်းရှူဆေးဘူးများသည် လူနာမည်သည့်အချိန်တွင် ရှူဆေးသုံးသည်စသည့် အချက်အလက်များကို မှတ်သားနိုင်သည်။ ဤနည်းပညာဖြင့် မိဘများနှင့် ဆရာဝန်များသည် ကလေး၏ ဆေးသုံးစွဲမှုပုံစံကို ပိုမိုကောင်းမွန်စွာ ကြီးကြပ်နိုင်ပြီး လိုအပ်ပါက သင့်လျော်သော အချိန်တွင် သတိပေးမှုများ ပြုလုပ်ပေးနိုင်သည်။ - ရောဂါ စောစီးစွာ ရှာဖွေကုသခြင်း
အစောပိုင်း ရောဂါအခြေအနေများကို စနစ်တကျ ထိန်းချုပ်ခြင်းဖြင့် နောင်တစ်ချိန်တွင် ရောဂါပိုမိုပြင်းထန်လာခြင်းနှင့် ရေရှည်အဆုတ်ပျက်စီးမှုများ ဖြစ်ပွါးခြင်းကို လျှော့ချနိုင်မည်ဖြစ်သည်။
References:
- Mayo Clinic. (n.d.). Childhood asthma: Symptoms & causes. Retrieved September 22, 2025, from https://www.mayoclinic.org/diseases-conditions/childhood-asthma/symptoms-causes/syc-20351507
- Cleveland Clinic. (2023). Asthma in children: Symptoms, causes & treatment. Retrieved September 22, 2025, from https://my.clevelandclinic.org/health/diseases/6776-asthma-in-children Cleveland Clinic
- Johns Hopkins Medicine. (n.d.). Asthma in children. Retrieved September 22, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/asthma/asthma-in-children
- NHS. (2025). Asthma. Retrieved September 22, 2025, from https://www.nhs.uk/conditions/asthma/
- Bacharier, L. B., Guilbert, T. W., Fitzpatrick, A. M., Bjermer, L., Hedlin, G., Papadopoulos, N. G., … & Szefler, S. J. (2022). A randomized trial of an app-based digital health program in pediatric asthma. Pediatrics, 150(4), e2022058098. https://doi.org/10.1542/peds.2022-058098
- Fitzgerald, D. A., Tang, M. L. K., & Ullmann, N. (2022). Recent advances in the treatment of pediatric asthma. Paediatric Respiratory Reviews, 42, 12–21. https://doi.org/10.1016/j.prrv.2022.01.003
- Global Initiative for Asthma (GINA). (2024). Global strategy for asthma management and prevention. https://ginasthma.org
- Pelaia, C., Calabrese, C., Vatrella, A., & Lombardo, N. (2023). Mepolizumab for severe childhood asthma: A systematic review and meta-analysis. Journal of Allergy and Clinical Immunology: In Practice, 11(3), 792–801. https://doi.org/10.1016/j.jaip.2022.12.001
- Tesse, R., Marseglia, G. L., Licari, A., & Leonardi, S. (2023). The role of personalized medicine in pediatric asthma management. Current Allergy and Asthma Reports, 23(4), 119–128. https://doi.org/10.1007/s11882-023-01084-2
Published: 30 August 2024
Last updated: 21 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.