ဗီတာမင်အေ သည် အမြင်အာရုံ ဖွံဖြိုးမှု၊ ဆဲလ်ပွားသည့် လုပ်ငန်းစဥ်များ၊ မျိုးပွားခြင်း နှင့် ကိုယ်ခံအားစနစ်တို့အတွက် အရေးပါသော အာဟာရ ဓာတ်တစ်မျိုးဖြစ်သည်။ ဗီတာမင် အေ သည်ခန္ဓာကိုယ်အတွက် အရေးပါသော်လည်း လိုအပ်သည်ထက် ပိုများနေလျှင် ဘေးထွက်ဆိုးကျိုးများ၊ အဆိပ်သင့် လက္ခဏာများဖြစ်ပေါ်လာနိုင်ပြီး ၎င်းဖြစ်စဥ်ကို ဗီတာမင်အေ အဆိပ်သင့်ခြင်း ဟုခေါ်သည်။ အဆိပ်သင့်ခြင်းဖြစ်ရန်လိုအပ်သော ပမာဏသည် တစ်ဦး နှင့် တစ်ဦး ကွဲပြားမှုရှိပြီး သုံးစွဲသူ၏ အသက်၊ အသည်း၏ လုပ်ဆောင်ချက်၊ သုံးစွဲသည့် ပမာဏနှင့် အချိန်ကာလပေါ်မူတည်သည်။
ဖြစ်ပေါ် ရသောအကြောင်းရင်းများ
အဆိပ်သင့်ခြင်းသည် အဓိကအားဖြင့် ဗီတာမင် အေ ပမာဏအလွန်များသော ဖြည့်စွက်စာများကို အလွန်အကျွံစားသုံးခြင်း နှင့် ဗီတာမင် အေ ပါသောဆေးများကို ပမာဏများစွာ သုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိသည်။ အစားအစာအမျိုးအစားအပေါ်မူတည်၍ ပါဝင်သောဗီတာမင် အမျိုးအစားများ ကွဲပြားသည်။ လူ့ခန္ဓာကိုယ်အနေနှင့် တိရစ္ဆာန်များမှရသော ဗီတာမင်အေဓာတ်ကို အသီးအနှံအရွက်များမှရသော ဗီတာမင်အေဓာတ်များထက် ပိုမိုသိမ်းဆည်းထားနိုင်သဖြင့် အဆိပ်သင့်ခြင်းကို ပိုမိုဖြစ်ပွါးစေနိုင်သည်။
အချို့ဗီတာမင် အေ ပါဝင်သော ဝက်ခြံနှင့်အရေပြားရောဂါလိမ်းဆေးများ၊ သောက်ဆေးများကို သတ်မှတ်ပမာဏ၊ ကာလထက် ပိုမိုသုံးစွဲလျှင် ဗီတာမင်အေအဆိပ်သင့်ခြင်း ကိုဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ
လတ်တလော ဗီတာမင် အေ အဆိပ်သင့်ခြင်း (Acute Vitamin A toxicity)
ဗီတာမင်အေပမာဏ 200,000 မိုက်ခရိုဂရမ်- mcg (သို့မဟုတ်) 666,000 IU ကို တစ်ကြိမ်တည်းဖြင့် တိုက်ကျွေးမိပါက အဆိပ်သင့်ခြင်း လက္ခဏာများကို တွေ့ရနိုင်သည်။
ရောဂါလက္ခဏာများမှာ
- ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
- မှိန်းခြင်း၊ နုံးခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
- ဦးနှောက်အတွင်း ဖိအားတက်လာသောကြောင့် ခေါင်းကိုက်ခြင်း၊ ကလေးငယ်များတွင် ငယ်ထိပ်ဖောင်းခြင်း၊ အမြင်အာရုံဝေဝါးခြင်း
- အရေပြားတွင် အနီပြင်များထလာခြင်း၊ ယားယံခြင်း၊ အရေပြားကွာခြင်းတို့ဖြစ်သည်။ ၎င်းလက္ခဏာများကို (၈)နာရီ မှ (၂၄)နာရီ အတွင်းတွေ့ရတတ်သည်။ ထို့နောက်ရက်အနည်းငယ်အတွင်းတွင် နှုတ်ခမ်းပတ်ဝန်းကျင်၌ အရေပြားများကွာတတ်ပြီး နောက်ပိုင်းတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားနိုင်သည်။
နာတာရှည် ဗီတာမင် အေ အဆိပ်သင့်ခြင်း (Chronic Vitamin A toxicity)
နေ့စဥ် 3,000 မိုက်ခရိုဂရမ် -mcg (သို့မဟုတ်) 10,000 IU ထက်ပို၍ အနည်းဆုံး(၆) လခန့် စားသုံးခြင်းကြောင့်ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများမှာ-
- ငွေ့ငွေ့ဖျားခြင်း၊
- ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ အစားမစားနိုင်ခြင်း ၊ကိုယ်အလေးချိန် ကျခြင်း၊ အန်ခြင်း၊ ဗိုက် မအီမသာဖြစ်ခြင်း
- ဆံပင်ကျဲပါးလာခြင်း၊ ကြမ်းလာခြင်း၊ လက်သည်းများ ကျွတ်ဆတ်လာခြင်း
- အသည်းကြီးခြင်း၊ ဘေလုံးကြီးခြင်း
- အသားဝါလာခြင်း၊ အသားအရည်ခြောက်လာခြင်း၊ နှုတ်ခမ်းများကွဲ၍ သွေးထွက်ခြင်း
- သွေးအားနည်းခြင်း၊ ဆီး ညဖက်မကြာခဏသွားတတ်ခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း အစရှိသည့် လက္ခဏာများကို တွေ့နိုင်သည်။
- ကာလရှည်ကြာ အဆိပ်သင့်သည့် လက္ခဏာများတွင် ဦးနှောက်အတွင်း ဖိအားတက်လာသည့် လက္ခဏာများ(ဥပမာ – နားအူခြင်း ၊ အမြင်အာရုံဝေဝါးခြင်း၊ မျက်စိကွယ်ခြင်း) လည်း ရှိနိုင်သည်။
အရေးကြီးသောအချက်မှာ ကိုယ်ဝန်ဆောင် မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများသည် ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ဗီတာမင် အေ ကို သင့်လျော်သော ပမာဏသာ သောက်သုံးသင့်သည်။ ဗီတာမင် အေ သည် သန္ဓေသား ဖွံ့ဖြိုးမှုတွင် အရေးပါသော်လည်း ပမာဏ များသွားပါက သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သောကြောင့် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုများကို ဖြစ်စေနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဗီတာမင်အေ အဆိပ်သင့်ခြင်းကို စောစီးစွာကုသမှုမခံယူပါက ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ
- ကလေးငယ်များတွင် ကြီးထွားမှုနှောင့်နှေးခြင်း
- အသည်းထိခိုက်နိုင်ခြင်း
- ခန္ဓာကိုယ်ထဲတွင် ကယ်လ်ဆီယမ်ဓာတ်များစုလာခြင်း
- ကယ်လ်ဆီယမ်ဓာတ်များ စုလာခြင်းကြောင့် ကျောက်ကပ်ထိခိုက်နိုင်ခြင်း
- အရိုးပါးခြင်း တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစု ဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ ဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်ပါသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အဓိကအနေဖြင့် ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းသည် အဓိကဖြစ်သည်။ သို့သော် လိုအပ်ပါက ဗီတာမင်အေ ပမာဏ၊ ဟီမိုဂလိုဘင်ပမာဏ၊ အသည်းလုပ်ဆောင်ချက်များကို စစ်ဆေးတိုင်းတာနိုင်သည်။
ကုသခြင်း
လတ်တလောဗီတာမင် အေ အဆိပ်သင့်ခြင်းဖြစ်လျှင် ဆေးရုံတင်၍ စောင့်ကြည့်ကုသရန်လိုအပ်သည်။
ကာလရှည်ကြာ အဆိပ်သင့်သည့်သူများတွင် သောက်လက်စ ဗီတာမင် အေ အားဆေးများ ၊ ဗီတာမင် အေ ပါဝင်သော ဖြည့်စွက်စာများကို ရပ်လိုက်သည်နှင့် ရောဂါလက္ခဏာများသည် ဖြည်းဖြည်းချင်း ပြန်လည်ပျောက်သွားမည်ဖြစ်သည်။
ကာကွယ်ခြင်း
ဗီတာမင်အေ ကြွယ်ဝသော အစိမ်းရောင်အရွက်များ၊ အနီရောင် နှင့် လိမ္မော်ရောင် ရှိသော အသီးများ နှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ဥအနှစ်၊ နို့ထွက်ပစ္စည်းများကို နေ့စဥ် လုံလောက်စွာ စားသောက်ခြင်းသည် ဗီတာမင် အေ ပါဝင်မှုများသော အားဖြည့်အစားအစာများ၊ ဖြည့်စွက်စာများအား သုံးစွဲခြင်းထက် ပို၍ကောင်းမွန်ပြီး ဗီတာမင်အေအဆိပ်သင့်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
အသက် | နေ့စဥ်လိုအပ်သောပမာဏ |
---|---|
မွေးစ မှ ၆ လ | ၄၀၀ mcg |
အသက် ၇ လ မှ ၁၂ လ | ၅၀၀ mcg |
အသက် ၁ နှစ် မှ ၃ နှစ် | ၃၀၀ mcg |
အသက် ၄ နှစ် မှ ၈ နှစ် | ၄၀၀ mcg |
အသက် ၉ နှစ် မှ ၁၃ နှစ် | ၆၀၀ mcg |
အသက် ၁၄ နှစ် မှ ၁၈ နှစ် (မ) | ၇၀၀ mcg |
အသက် ၁၄ နှစ် မှ ၁၈ နှစ် (ကျား) | ၉၀၀ mcg |
ကိုယ်ဝန်ဆောင်မိခင် | ၇၅၀ မှ ၇၇၀ mcg |
နို့တိုက်မိခင် | ၁၂၀၀ မှ ၁၃၀၀ mcg |
References:
- Olson, J. M., Ameer, M. A., & Goyal, A. (2023). Vitamin A Toxicity. StatPearls – NCBI Bookshelf. Retrieved June 7, 2024, from https://www.ncbi.nlm.nih.gov/books/NBK532916/
- Office of Dietary Supplements – Vitamin A and Carotenoids. (n.d.). Retrieved June 7, 2024, from https://ods.od.nih.gov/factsheets/VitaminA-Consumer/
- Hypervitaminosis A: MedlinePlus Medical Encyclopedia. (n.d.). Retrieved June 7, 2024, from https://medlineplus.gov/ency/article/000350.htm
- Pietrangelo, A. (2018). Hypervitaminosis A. Healthline. Retrieved June 7, 2024, from https://www.healthline.com/health/hypervitaminosis-a#treatment
- Vitamin A. (2023). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/drugs-supplements-vitamin-a/art-20365945
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.