Hypervitaminosis A (ဗီတာမင် အေ အဆိပ်သင့်ခြင်း)

Hypervitaminosis A (ဗီတာမင် အေ အဆိပ်သင့်ခြင်း)

ဗီတာမင် အေ သည် အမြင်အာရုံ ဖွံဖြိုးမှု၊ ခန္ဓာကိုယ်ရှိ ဆဲလ်များပွါးများသည့် လုပ်ငန်းစဥ်များ၊ မျိုးပွါးခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုနှင့် ကိုယ်ခံအားစနစ်တို့အတွက် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ဗီတာမင် အေ သည် ခန္ဓာကိုယ်အတွက် အရေးပါသော်လည်း လိုအပ်သည်ထက် ပိုများနေလျှင် ဘေးထွက်ဆိုးကျိုးများ၊ အဆိပ်သင့်လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပြီး ၎င်းဖြစ်စဥ်ကို ဗီတာမင် အေ အဆိပ်သင့်ခြင်း ဟုခေါ်သည်။ အဆိပ်သင့်ခြင်းဖြစ်ရန် လိုအပ်သောပမာဏသည် သုံးစွဲသူ၏ အသက်၊ အသည်း၏ လုပ်ဆောင်ချက်၊ သုံးစွဲသည့် ပမာဏနှင့် အချိန်ကာလပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှု ရှိနိုင်သည်။

ဖြစ်ပေါ် ရသောအကြောင်းရင်းများ

အဆိပ်သင့်ခြင်းသည် အဓိကအားဖြင့် ဗီတာမင် အေ ပါဝင်မှုပမာဏများသော ဖြည့်စွက်စာများ၊ အစားအစာများကို အလွန်အကျွံစားသုံးခြင်းနှင့် ဗီတာမင် အေ ပါသော ဆေးဝါးများကို ပမာဏများစွာ သုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ဗီတာမင် အေ ပါဝင်မှုများသော အစားအစာများမှာ အသည်း၊ ကြက်ဥအနှစ်၊ နို့ နှင့် နို့ထွက်ပစ္စည်းများ၊ ထောပတ်တို့ ဖြစ်ကြသည်။ အချို့ဗီတာမင် အေ ပါဝင်သော ဝက်ခြံနှင့် အရေပြားရောဂါလိမ်းဆေးများ၊ သောက်ဆေးများကို သတ်မှတ်ပမာဏ၊ ကာလထက် ပိုမိုသုံးစွဲလျှင် ဗီတာမင် အေ အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သည်။ ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်ပြီး ပမာဏအနည်းငယ် ပို၍စားမိယုံနှင့် အဆိပ်သင့်ခြင်းဖြစ်နိုင်သည်။

ရောဂါလက္ခဏာများ
လတ်တလော ဗီတာမင် အေ အဆိပ်သင့်ခြင်း (Acute Vitamin A toxicity)

ဗီတာမင် အေ ပမာဏ (၂၀၀,၀၀၀) မိုက်ခရိုဂရမ် (mcg) သို့မဟုတ် ၆၆၆,၀၀၀ ယူနစ် (IU) ကို တစ်ကြိမ်တည်းဖြင့် တိုက်ကျွေးမိပါက အဆိပ်သင့်ခြင်း လက္ခဏာများကို တွေ့ရနိုင်သည်။ ရောဂါလက္ခဏာများမှာ_

နာတာရှည် ဗီတာမင် အေ အဆိပ်သင့်ခြင်း (Chronic Vitamin A toxicity)

နေ့စဥ် 3,000 မိုက်ခရိုဂရမ် -mcg (သို့မဟုတ်) 10,000 IU ထက်ပို၍ အနည်းဆုံး(၆) လခန့် စားသုံးခြင်းကြောင့်ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ_

  • ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
  • မှိန်းခြင်း၊ နုံးခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
  • ဦးနှောက်အတွင်း ဖိအားတက်လာသောကြောင့် ခေါင်းကိုက်ခြင်း၊ ကလေးငယ်များတွင် ငယ်ထိပ်ဖောင်းခြင်း၊ အမြင်အာရုံဝေဝါးခြင်း
  • အရေပြားတွင် အနီပြင်များထလာခြင်း၊ ယားယံခြင်း၊ အရေပြားကွာခြင်းတို့ဖြစ်သည်။ ၎င်းလက္ခဏာများကို စားပြီး (၈)နာရီ မှ (၂၄)နာရီအတွင်း တွေ့ရတတ်သည်။ ထို့နောက် ရက်အနည်းငယ်အတွင်းတွင် နှုတ်ခမ်းပတ်ဝန်းကျင်၌ အရေပြားများ ကွာတတ်ပြီး၊ နောက်ပိုင်းတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားနိုင်သည်
နာတာရှည် ဗီတာမင် အေ အဆိပ်သင့်ခြင်း (Chronic Vitamin A toxicity)

နေ့စဥ် 10,000 မိုက်ခရိုဂရမ် (mcg) ထက်ပို၍ ‌ရေရှည်သောက်သုံးပါက နာတာရှည် အဆိပ်သင့်ခြင်းဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ_

  • ငွေ့ငွေ့ဖျားခြင်း
  • ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ အစားမစားနိုင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အန်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း
  • ဆံပင်ကျဲ၍ ပါးလာခြင်း၊ ကြမ်းလာခြင်း၊ လက်သည်းများ ကျွတ်ဆတ်လာခြင်း
  • အသည်းကြီးခြင်း၊ ဘေလုံးကြီးခြင်း
  • အသားဝါလာခြင်း၊ အသားအရည် ခြောက်လာခြင်း၊ နှုတ်ခမ်းများကွဲ၍ သွေးထွက်ခြင်း
  • သွေးအားနည်းခြင်း၊ ညဖက် မကြာခဏ ဆီးသွားတတ်ခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း အစရှိသည့် လက္ခဏာများကို တွေ့နိုင်သည်
  • ကာလရှည်ကြာ အဆိပ်သင့်သည့် လက္ခဏာများတွင် ဦးနှောက်အတွင်း ဖိအားတက်လာသည့် လက္ခဏာများ (ဥပမာ_နားအူခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မျက်စိကွယ်ခြင်း) လည်း ရှိနိုင်သည်

အရေးကြီးသောအချက်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများသည် ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ဗီတာမင် အေ ကို သင့်လျော်သော ပမာဏသာ သောက်သုံးသင့်သည်။ ဗီတာမင် အေ သည် သန္ဓေသား ဖွံ့ဖြိုးမှုတွင် အရေးပါသော်လည်း ပမာဏများသွားပါက သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သောကြောင့် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုများကို ဖြစ်စေနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဗီတာမင် အေ အဆိပ်သင့်ခြင်းကို စောစီးစွာ ကုသမှု မခံယူပါက ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ကလေးငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်း
  • အသည်းထိခိုက်နိုင်ခြင်း
  • ခန္ဓာကိုယ်ထဲတွင် ကယ်လ်ဆီယမ်ဓာတ်များ စုလာခြင်း
  • ကယ်လ်ဆီယမ်ဓာတ်များ စုလာခြင်းကြောင့် ကျောက်ကပ်ထိခိုက်နိုင်ခြင်း
  • အရိုးပါးခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ ဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် လူနာ၏ ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းသည် အဓိကဖြစ်သည်။ သို့သော် လိုအပ်ပါက ဗီတာမင် အေ ပမာဏ၊ ဟီမိုဂလိုဘင်ပမာဏ၊ အသည်းလုပ်ဆောင်ချက်များကို စစ်ဆေးတိုင်းတာနိုင်သည်။

‌ကုသခြင်း

လတ်တ‌လော ဗီတာမင် အေ အဆိပ်သင့်ခြင်းဖြစ်လျှင် ဆေးရုံတင်၍ စောင့်ကြည့်ကုသရန် လိုအပ်သည်။

ကာလရှည်ကြာ အဆိပ်သင့်သည့်သူများတွင် သောက်လက်စ ဗီတာမင် အေ အားဆေးများ၊ ဗီတာမင် အေ ပါဝင်သော ဖြည့်စွက်စာများကို ရပ်လိုက်သည်နှင့် ရောဂါလက္ခဏာများသည် ဖြည်းဖြည်းချင်း ပြန်လည်ပျောက်သွားမည်ဖြစ်သည်။

ကာကွယ်ခြင်း

ဗီတာမင် အေ ကြွယ်ဝသော အစိမ်းရောင်အရွက်များ၊ အနီရောင်နှင့် လိမ္မော်ရောင်ရှိသော အသီးများနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါး၊ ဥအနှစ်၊ နို့ထွက်ပစ္စည်းများကို နေ့စဥ် လုံလောက်စွာ (အလွန်အကျွံမဟုတ်ဘဲ) စားသောက်ခြင်းသည် ဗီတာမင် အေ ပါဝင်မှုများသော အားဖြည့်အစားအစာများ၊ ဖြည့်စွက်စာများအား သုံးစွဲခြင်းထက် ပို၍ကောင်းမွန်ပြီး ဗီတာမင် အေ အဆိပ်သင့်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

အသက်အရွယ်အလိုက်သတ်မှတ်ထားသော ဗီတာမင်အေ ပမာဏ
အသက်နေ့စဥ်လိုအပ်သောပမာဏ
မွေးစ မှ ၆ လ၄၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၇ လ မှ ၁၂ လ၅၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၁ နှစ် မှ ၃ နှစ်၃၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၄ နှစ် မှ ၈ နှစ်၄၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၉ နှစ် မှ ၁၃ နှစ်၆၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၁၄ နှစ် မှ ၁၈ နှစ် (မ)၇၀၀ မိုက်ခရိုဂရမ် (mcg)
အသက် ၁၄ နှစ် မှ ၁၈ နှစ် (ကျား)၉၀၀ မိုက်ခရိုဂရမ် (mcg)
ကိုယ်ဝန်ဆောင်မိခင်၇၅၀ မှ ၇၇၀ မိုက်ခရိုဂရမ် (mcg)
နို့တိုက်မိခင်၁၂၀၀ မှ ၁၃၀၀ မိုက်ခရိုဂရမ် (mcg)

References:

  1. Olson, J. M., Ameer, M. A., & Goyal, A. (2023). Vitamin A toxicity. In StatPearls. StatPearls Publishing. Retrieved July 7, 2025, from https://www.ncbi.nlm.nih.gov/books/NBK532916/
  2. National Institutes of Health, Office of Dietary Supplements. (2025). Vitamin A and carotenoids: Health professional fact sheet. Retrieved July 7, 2025, from https://ods.od.nih.gov/factsheets/VitaminA-Consumer/ Office of Dietary Supplements
  3. MedlinePlus. (2024). Hypervitaminosis A. Retrieved July 7, 2025, from https://medlineplus.gov/ency/article/000350.htm
  4. Healthline. (2025). Hypervitaminosis A: Causes, symptoms, and diagnosis. Retrieved July 7, 2025, from https://www.healthline.com/health/hypervitaminosis-a#complications
  5. Mayo Clinic. (2025). Vitamin A (retinol) supplement: Uses, dosage & safety. Retrieved July 7, 2025, from https://www.mayoclinic.org/drugs-supplements-vitamin-a/art-20365945
  6. World Health Organization. (n.d.). Adverse events following administration of vitamin A. Retrieved July 7, 2025, from https://cdn.who.int/media/docs/default-source/immunization/intervention/adverse_events_vita.pdf?sfvrsn=9f783ae6_3
  7. Royal Children’s Hospital. (n.d.). Vitamin A—Immigrant health. Retrieved July 7, 2025, from https://www.rch.org.au/immigranthealth/clinical/Vitamin_A/
  8. MSD Manuals. (2022). Vitamin A toxicity. Retrieved July 7, 2025, from https://www.msdmanuals.com/professional/nutritional-disorders/vitamin-deficiency-dependency-and-toxicity/vitamin-a-toxicity

Published: 30 August 2024

Last updated: 11 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.