Anxiety disorders (စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ)

Anxiety disorders (စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ)

လူတိုင်းလိုလို တွေးတောပူပန်စိုးရိမ်စိတ် အနည်းနှင့်အများ ဖြစ်ပေါ်ခံစားရတတ်သည်။ စိုးရိမ်စိတ်သည် လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်သည်။ စိုးရိမ်စိတ်သည် အခြေအနေတစ်ခုခု၊ ပြဿနာတစ်ခုခု၊ အန္တရာယ်ဖြစ်လာနိုင်ခြေ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အချက်ပြမှုတစ်ခု ဟုဆိုနိုင်သည်။ အခက်အခဲ အန္တရာယ်ဖြစ်လာနိုင်ခြေ တစ်ခုခုနှင့်စပ်လျဥ်းပြီး လိုက်လျောညီထွေ တုံ့ပြန်မှုဟုလည်း ပုံဖော်မှတ်ယူနိုင်သည်။ သို့သော်လည်း စိုးရိမ်စိတ်လွန်ကဲလာပြီး မိမိ၏ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်လာခြင်း၊ စိုးရိမ်စိတ်ကို အမြဲလိုလို သိသာစွာခံစားနေရခြင်း၊ စိုးရိမ်စိတ်လွန်ကဲလာခြင်းကို ထိန်းချုပ်နိုင်ခြင်း မရှိသဖြင့် နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာခြင်း စသည့်အခြေအနေများ ရှိလာသည်ဆိုပါက သတိပြုရမည့်အနေအထားဖြစ်သည်။

စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ (Anxiety disorders) ဆိုသည်မှာ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်များ လွန်ကဲစွာခံစားရပြီး အပြုအမူပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာသည့် အခြေအနေများကို ဆိုလိုသည်။ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများသည် အတွေ့ရအများဆုံးသော စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်သည်။ အခြားသော စိတ်ပိုင်းဆိုင်ရာ ရောဂါများနှင့်လည်း ပူးတွဲဖြစ်ပေါ်တတ်သည်။ စိုးရိမ်စိတ်ဖြစ်ပေါ်စေသည့် အခြေအနေများ၊ အရာဝတ္ထုများ၊ ရှောင်ကြဥ်တတ်သည့် အပြုအမူ၊ သိမှုမှတ်ဉာဏ် စသည်တို့အပေါ် မူတည်ပြီး စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများကို အမျိုးအစား ခွဲခြားသတ်မှတ်ကြသည်။ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါအမျိုးအစားများ များစွာရှိသည်။

စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါအမျိုးအစားများ
  • အထွေထွေ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါ (Generalized anxiety disorder)
  • အရာဝတ္ထု၊ အကြောင်းအရာ တစ်ခုခုကို ကြောက်ရွံ့စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ (Specific phobia)
  • လူမှုပေါင်းသင်းဆက်ဆံရေး စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါ (Social anxiety disorder)
  • ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့် ရောဂါ (Panic disorder)
  • နေရာအခြေအနေကို ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါ (Agoraphobia)
  • ခွဲခွာရမည်ကို စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါ (Separation anxiety disorder)
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ _ စတီးရွိုက်ပါဝင်သောဆေးများ၊ ပါကင်ဆန်ရောဂါကုသသည့် အချို့ဆေးများ) ကြောင့် ဖြစ်ပေါ် လာသော စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ (Substance၊Medication-induced anxiety disorder)
  • ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ (Anxiety disorder due to another medical condition)

ယခုဖော်ပြခဲ့သော စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါအမျိုးအစားများအပြင် အခြားသော စိုးရိမ်စိတ် လွန်ကဲသည့် ရောဂါအမျိုးအစားများလည်း ရှိပါသေးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းခံများ များစွာရှိသည်။ အဆိုပါအကြောင်းရင်းခံများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters)အခြေအနေ
    • ဦးနှောက်အတွင်းရှိ Norepinephrine၊ Serotonin၊ Gama Amino Butyric Acid (GABA) စသည့် ဓာတုပစ္စည်းများ မညီမျှခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းတို့ ဆက်နွယ်မှုရှိသည်
  • မျိုးဗီဇ၊ မိဘအုပ်ထိန်းမှုပုံစံ
    • မျိုးဗီဇလွှမ်းမိုးမှု၊ မိဘအုပ်ထိန်းမှုပုံစံ စသည်တို့နှင့် စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ ဆက်နွှယ်မှုရှိသည်
  • ကလေးဘဝအတွင်း ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်စဥ်များ (Adverse childhood experience)
    • ကလေးဘဝအတွင်း ပစ်ပယ်ခံရခြင်း၊ ညှဥ်းပန်းနှိပ်စက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် ဖြစ်စဥ်များ ကြုံတွေ့ခဲ့ရဖူးပါက နောက်ဆက်တွဲအနေနှင့် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ် ခံစားရခြင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားလာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်အကျိုးဆက်များ ဖြစ်ပေါ်လာတတ်သည်
  • ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခြေအနေ
    • အပြုသဘောမဆောင်သည့် စိတ်ခံစားချက်များ ခံစားရလွယ်သည့် ကိုယ်ရည်ကိုယ်သွေး အခြေအနေ (Neuroticism)၊ အချို့သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာများ (Personality disorders) တွင် စိုးရိမ်စိတ် ခံစားရလွယ်သော အခြေအနေများ၊ စိုးရိမ်စိတ်လွန်ကဲသော ရောဂါများ တွေ့ရတတ်သည်
  • လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ
    • လုပ်ငန်းခွင်၊ ပညာရေး၊ စီးပွားရေး၊ စသည်ဖြင့် နေ့စဥ်လူနေမှုဘဝတွင် တွေ့ကြုံရသော အခြေအနေများ၊ ဖိစီးမှုများကာလတာရှည် ခံစားရခြင်းကြောင့်လည်း စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါများ ဖြစ်ပေါ်လာနိုင်သည်
  • စိတ်ပိုင်းဆိုင်ရာရောဂါများ
    • စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု (ဥပမာ _ စိတ်ကျရောဂါ) ခံစားနေရပါက စိုးရိမ်စိတ်လွန်ကဲသော ရောဂါဖြစ်လာနိုင်ခြေ မြင့်မားသည်
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • နှလုံးရောဂါများ (ဥပမာ – Congestive heart failure၊ Atrial fibrillation)၊ သိုင်းရွိုက် ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism)၊ (Pheochromocytoma)၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ – ရင်ကျပ်ရောဂါ)၊ ဆီးချိုရောဂါ၊ ဦးနှောက်အာရုံကြော ဆိုင်ရာအချို့သောရောဂါများ၊ Systemic lupus erythematosus ရောဂါကဲ့သို့ ခုခံအားဆိုင်ရာ (Autoimmune) ရောဂါများ၊ စသည်တို့အပါအဝင် အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါအများအပြားတွင် စိုးရိမ်စိတ်လွန်ကဲသော လက္ခဏာများ တွေ့ရတတ်သည်
  • ကုသမှုဆိုင်ရာ ဆေးဝါးများ
    • ကဖိန်းဓာတ် (caffeine) ပါသောဆေးဝါးများ၊ စတီးရွိုက်ပါသောဆေးများ၊ သိုင်းရွိုက် ဟော်မုန်းကျဆင်းသော ရောဂါ (Hypothyroidism) ကုသသည့်ဆေးများ၊ ရင်ကျပ် ရောဂါကုသသည့် အချို့ဆေးဝါးများ စသည်တို့ကြောင့် စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲခြင်း၊ ဆေးလွန်ခြင်း၊ ရုတ်တရက်ဆေးပြတ်ခြင်း၊ စသည့်အခြေအနေများတွင် စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်
ရောဂါလက္ခဏာများ

စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများတွင် ယေဘုယျအားဖြင့် အောက်ဖော်ပြပါလက္ခဏာများ တွေ့ရတတ်သည်။

စိတ်ပိုင်းဆိုင်ရာလက္ခဏာများ_

  • စိတ်သက်သောင့်သက်သာ မရှိခြင်း
  • မလိုလားသော၊ မကောင်းသောအရာတစ်ခုခု ဖြစ်တော့မည်လားဟု စိတ်ပူပန်နေတတ်ခြင်း
  • စိတ်တင်းကြပ်နေသလို ခံစားရခြင်း
  • စိုးရိမ်ထိတ်လန့်တတ်ခြင်း
  • စဥ်းစားခြင်း၊ အာရုံစူးစိုက်ခြင်းတို့တွင် အခက်အခဲဖြစ်တတ်ခြင်း
  • စိတ်တို၊ စိတ်ဆတ်လာခြင်း
  • ဂနာမငြိမ်သလို ခံစားရခြင်း
  • အိပ်မပျော်ခြင်း၊ မကြာခဏ နိုးနေတတ်ခြင်း
  • ပင်ပန်းနွမ်းနယ်သလိုခံစားရခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ_

  • မူးဝေသလို ခံစားရခြင်း
  • ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမဝသလို ခံစားရခြင်း၊ အသက်ရှူနှုန်း မြန်ခြင်း
  • ချွေးပြန်ခြင်း
  • ကတုန်ကယင် ဖြစ်ခြင်း
  • ပျို့အန်ချင်သလို ဖြစ်ခြင်း၊ ပျို့အန်တတ်ခြင်း
  • မကြာခဏ ဆီးသွားချင်သလို ဖြစ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း
  • ခြေလက် ထုံကျဥ်သလို ခံစားရခြင်း
  • ကိုယ်လက် ညောင်းညာ နာကျင်ကိုက်ခဲတတ်ခြင်း
Anxiety disorders IMG1

အဆိုပါလက္ခဏာများအပြင် စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါအမျိုးအစားအလိုက် သီးခြားလက္ခဏာများလည်းရှိသည်။

  • အထွေထွေ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါ (Generalized anxiety disorder)
    • ကျန်းမာရေး၊ မိသားစုကိစ္စများ၊ ငွေရေးကြေးရေးကိစ္စ၊ ပညာရေး၊ အလုပ်အကိုင် စသည့် အမျိုးမျိုးသော အကြောင်းအရာများနှင့် စပ်လျဥ်းပြီး အလွန်အမင်း ကြောင့်ကြစိုးရိမ်နေခြင်း
    • စိုးရိမ်စိတ်လက္ခဏာများ ခံစားနေရခြင်းတို့ကို ထိန်းသိမ်း၍ မရနိုင်ခြင်း စသည့် အခြေအနေများကို (၆) လခန့် ခံစားနေရခြင်း
    • နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာခြင်း
  • အရာဝတ္ထု၊ အကြောင်းအရာတစ်ခုခုကို ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါ (Specific phobia)
    • အခြေအနေ၊ အရာဝတ္ထုတစ်ခုခု (ဥပမာ – လေယာဥ်စီးခြင်း၊ အလွန်မြင့်သောနေရာ၊ တိရိစ္ဆာန် တစ်မျိုးမျိုး၊ ဆေးထိုးခြင်း၊ သွေးမြင်ခြင်း) စသည်တို့ကို အလွန်အမင်း ကြောက်ရွံ့စိုးရိမ်ခြင်း
    • ၄င်းတို့ကြောင့် စိုးရိမ်စိတ်လက္ခဏာများ သိသာစွာဖြစ်ပေါ်လာတတ်ခြင်း
    • ၄င်းအခြေအနေများကိုရှောင်ရှားတတ်ခြင်း ၊ ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲစွာ တုံ့ပြန်ခံစားခြင်း၊ နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာနိုင်ခြင်း စသည့်အခြေအနေများကို (၆) လခန့် ခံစားနေရခြင်း (ကြောက်ရွံ့စိုးရိမ်စိတ်လွန်ကဲစေနိုင်သည့် အခြားအခြေအနေ၊ အကြောင်းအရာများလည်း ရှိသည်)
  • လူမှုပေါင်းသင်းဆက်ဆံရေး စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ (Social anxiety disorder)
    • အခြားသူများက အကဲဖြတ်ဝေဖန်လာနိုင်ခြေရှိသည့် အခြေအနေတစ်ခုခု (ဥပမာ – မရင်းနှီးသူများနှင့် တွေ့ဆုံပြောဆိုရခြင်း၊ လူအများရှေ့တွင် စကားထွက်ပြောရခြင်း) ကို အလွန်အမင်း ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း
    • ထိုသို့လုပ်ဆောင်ရပါက ၄င်း၏ ပြုမူပြောဆိုပုံ၊ စိုးရိမ်စိတ်လက္ခဏာများ သိသာနေပုံတို့ကို အများက အပျက်သဘောဖြင့် အကဲဖြတ်ကြလေမည်လားဟု ကြောက်ရွံ့ခြင်း
    • ၄င်းတို့ကြောင့် ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်လက္ခဏာများ သိသာစွာ ဖြစ်ပေါ်လာတတ်ခြင်း၊
    • ၄င်းအခြေအနေများကို ရှောင်ရှားတတ်ခြင်း၊ ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲစွာ တုံ့ပြန်ခံစားခြင်း
    • နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာနိုင်ခြင်း စသည့်အခြေအနေများကို (၆) လ ခန့် ခံစားနေရခြင်း (စိုးရိမ်စိတ်လွန်ကဲစေနိုင်သည့် အခြားလူမှုပေါင်းသင်းဆက်ဆံရေး အခြေအနေများလည်း ရှိသည်)
  • ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်ရောဂါ (Panic disorder)
    • အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စိတ် ရုတ်ခြည်းခံစားရခြင်း (Panic attack) များ မျှော်လင့်မထားဘဲ မကြာခဏ ဖြစ်ပေါ်တတ်ခြင်း၊ ထိုသို့ ဖြစ်ပေါ်လာသည့်အခါတွင်
      • ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း
      • ချွေးပြန်ခြင်း
      • ကတုန်ကယင်ဖြစ်ခြင်း
      • အသက်ရှူမဝသလို၊ ဆို့နင်သလို ဖြစ်ခြင်း
      • ရင်ဘတ်အောင့်ခြင်း
      • ပျို့အန်ချင်သလိုဖြစ်ခြင်း
      • ခြေလက် ထုံကျဥ်သလိုခံစားရခြင်း
      • ပတ်ဝန်းကျင်အခြေအနေကို ထူးဆန်းနေသကဲ့သို့ ခံစားရခြင်း
      • ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားမည်၊ သေဆုံးသွားမည်ကို ကြောက်ရွံ့စိုးရိမ်ခြင်း စသည်တို့ခံစားရခြင်း
    • ထိုသို့ရုတ်ခြည်းခံစားရခြင်းမျိုး ထပ်မံဖြစ်လာမည်ကို အမြဲလိုလို စိုးရိမ်နေတတ်ခြင်း
    • ယခင်ကဲ့သို့ မဟုတ်တော့ဘဲ သွားလာနေထိုင်မှု အပြုအမူများ ပြောင်းလဲလာခြင်း (ဥပမာ – သွားလာနေကျ မဟုတ်သည့်နေရာများကို ရှောင်ကြဥ်လာခြင်း)
  • နေရာအခြေအနေကို ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါ (Agoraphobia)
    • အများသုံးယာဥ်များ စီးနင်းခြင်း၊ လေဟာပြင်၊ ကွင်းပြင်၊ လူထူထပ်သောနေရာ၊ အလုံပိတ် ထားသည့်အခန်း၊ နေရာမျိုးတွင် ရောက်နေခြင်း၊ နေအိမ်ပြင်ပတွင် တစ်ဦးတည်းရှိနေခြင်း စသည့်အခြေအနေများတွင် ကြောက်ရွံ့စိုးရိမ်စိတ် သိသိသာသာ ဖြစ်ပေါ် ခြင်း
    • အဆိုပါအခြေအနေ၊ နေရာများတွင် ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်လက္ခဏာများ ဖြစ်ပေါ်လာပါက၊ အရှက်ရဖွယ် ကိစ္စတစ်ခုခု ဖြစ်လာပါက လွတ်မြောက်နိုင်မည် မဟုတ်ဟု တွေးတောကြောက်ရွံ့နေတတ်ခြင်း သို့မဟုတ် အဆိုပါအခြေအနေ၊ နေရာများကို ရှောင်ကြဥ်တတ်ခြင်း
    • ၄င်းအခြေအနေ၊ နေရာများကြောင့် ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်လက္ခဏာများ သိသာစွာဖြစ် ပေါ်လာတတ်ခြင်း
    • ၄င်းအခြေအနေများကို ရှောင်ရှားတတ်ခြင်း၊ အဖော်တစ်ဦးဦး ရှိနေရန်လိုအပ်ခြင်း၊ ကြောက်ရွံ့စိုးရိမ်စိတ် လွန်ကဲစွာတုံ့ပြန်ခံစားခြင်း
    • နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာနိုင်ခြင်း စသည့်အခြေအနေများကို (၆) လခန့် ခံစားနေရခြင်း

အချို့သော စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ၊ အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါများတွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စိတ် ရုတ်ခြည်းခံစားရခြင်း (Panic attack) များ ဖြစ်ပေါ်တတ်သည်။ ထိုသို့ခံစားရသည့်အခါတွင် ဖြစ်ပေါ်လာသည့် လက္ခဏာများသည် အချို့သော ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများ (ဥပမာ _ အချို့သော နှလုံးရောဂါအခြေအနေများ၊ သွေးတွင်းသကြားဓာတ် လျော့ကျခြင်း) ၏ လက္ခဏာများနှင့် ဆင်တူတတ်သည့်အတွက် သတိပြုခွဲခြားရန် လိုအပ်သည်။

စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ ဖြစ်ပေါ်စေနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအကြောင်းရင်း တစ်ခုခုရှိနေပါက အဆိုပါရောဂါအကြောင်းရင်းနှင့် သက်ဆိုင်သည့်လက္ခဏာများလည်း တွေ့ရှိနိုင်သည်။ တစ်ခါတစ်ရံတွင် စိုးရိမ်စိတ်လက္ခဏာလွန်ကဲနေခြင်းသည် ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု၏ အစပျိုးလက္ခဏာ ဖြစ်နိုင်ခြေရှိသည် ဆိုသည့်အချက်ကို သတိပြုရန် လိုအပ်သည်။

နောက်ဆက်တွဲပြဿနာများ

စိုးရိမ်စိတ် လက္ခဏာခံစားရမှုများ သိသာဆိုးဝါးလာခြင်း၊ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါတစ်ခုခု ခံစားလာရခြင်း တို့ရှိပါက အောက်ပါနောက်ဆက်တွဲ အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ (အခြားသော အခြေအနေများလည်း ရှိနိုင်သည်)

  • လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲ၊ ပြဿနာများဖြစ်လာခြင်း
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာခြင်း
  • အိပ်မပျော်သည့် အခြေအနေ ပိုမိုသိသာ ဆိုးဝါးလာတတ်ခြင်း
  • လူမှုပေါင်းသင်း ဆက်ဆံရေး ထိခိုက်လာနိုင်ခြင်း
  • ကာယကံရှင်အနေနှင့် စိုးရိမ်စိတ် ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများကို ရှောင်ကြဥ်တတ်လာခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာတတ်ခြင်း၊ ပိုမိုသုံးစွဲလာခြင်း
  • စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ခြင်း
    • ဥပမာ _ စိတ်ကျရောဂါ ခံစားလာရနိုင်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ပိုမိုသိသာလာနိုင်ခြင်း
    ဥပမာ_
    • နှလုံးခုန်နှုန်းမြန်နေခြင်း၊ သွေးပေါင်ချိန် မြင့်တက်နေခြင်း
    • ရင်ကျပ်ရောဂါ ပိုမိုသိသာလာနိုင်ခြင်း
    • အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (Irritable Bowel Syndrome (IBS)) ကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုသိသာလာတတ်ခြင်း
    • စိုးရိမ်စိတ်လက္ခဏာများ ကာလတာရှည်ခံစားလာရပါက ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်လာနိုင်ခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုခြင်း၊ အသက်အန္တရာယ် ထိခိုက်အောင် လုပ်ဆောင်လိုခြင်း စသည်တို့ ဖြစ်လာနိုင်သည့် အလားအလာရှိတတ်ခြင်း (စိုးရိမ်စိတ်လက္ခဏာများ ဆိုးဝါးပြင်းထန်လွန်းခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါပူးတွဲခံစားရခြင်း စသည့်အခြေအနေများတွင် အထူးသတိပြုရန် လိုအပ်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်

စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါကြောင့် မိမိ၏လုပ်ငန်းဆောင်တာများ ထိခိုက်လာခြင်း၊ အိပ်မပျော်သည့် ပြဿနာ သိသာဆိုးဝါးလာခြင်း၊ စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်ရန် ခက်ခဲလာခြင်း၊ လူမှုပေါင်းသင်း ဆက်ဆံရေးများ ထိခိုက်လာခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။

စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါအခြေအနေ ပြင်းထန်ခြင်း၊ နောက်ဆက်တွဲပြဿနာများ ရှိနေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု၏ အစပျိုးလက္ခဏာ ဖြစ်နိုင်ခြေရှိတတ်ခြင်း စသည့်အခြေအနေများတွင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာစစ်ဆေး မေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များမေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိုးရိမ်စိတ်လွန်ကဲသော ရောဂါအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာရောဂါ အကြောင်းရင်းများ ရှိမရှိ ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။

ကုသခြင်း

ကာယကံရှင်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် စိုးရိမ်စိတ်လက္ခဏာများ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်သည်။ ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း (Self-management) ဟုလည်း ခေါ်ဆိုနိုင်သည်။

  • ကဖိန်းဓာတ်သုံးစွဲမှု (ဥပမာ _ ကော်ဖီ၊ လက်ဖက်ရည် ‌သောက်သုံးမှု) လျှော့ချခြင်း
  • ကောင်းမွန်စွာအိပ်စက်မှုကို အထောက်အကူပြုသည့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ၊ အပြုအမူများ၊ ပတ်ဝန်းကျင်အခြေအနေများ (Sleep hygiene) ရရှိစေခြင်း
  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်မိမိ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း

စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ သို့မဟုတ် စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ တစ်ခုခုရှိပါက အောက်ပါကုသမှုများဖြင့် ကုသနိုင်သည်။

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological intervention)
အကြံပြုပံ့ပိုးကုထုံး (Counselling) အပါအဝင် စိတ်ကုထုံးများသည် စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ ကုသရေးအတွက် အကျိုးရှိသည့်ကုထုံးများ ဖြစ်သည်။ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy – CBT) သည် ထိရောက်သည့် ကုထုံးတစ်ခု ဖြစ်သည်။ ကူညီပံ့ပိုးပေးသည့် စိတ်ကုထုံး (Supportive psychotherapy)၊ ဆက်ဆံရေးပြုပြင်မှုကုထုံး (Interpersonal Psychotherapy) စသည်တို့ကိုလည်း အသုံးပြုနိုင်သည်။

ကာယကံရှင်ကို ၄င်းအကြောက်လွန်နေသည့်အရာနှင့် ရင်ဆိုင်ထိတွေ့စေသောကုထုံး (Exposure therapy)၊ ကိုယ်ရောစိတ်ပါ ဖြေလျှော့ချသည့်ကုထုံး (Relaxation therapy) စသည့် အခြားသော စိတ်ပိုင်းဆိုင်ရာ ကုသမှုအမျိုးအစားများလည်း ရှိသည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ကာလတာရှည် ကုသမှုခံယူရန် လိုအပ်နိုင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများအတွက် ဆေးဝါးဖြင့်ကုသရန် လိုအပ်လာပါက စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants)၊ စိတ်ငြိမ်ဆေးများ (Anxiolytics) ကို အဓိကအသုံးပြုကြသည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုအခြေအနေ၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့် အချက်အလက်များအပေါ် မူတည်ပြီး ဆေးဝါးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။

ဆေးဝါးအမျိုးအစား ပမာဏချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများရပ်တန့်ခြင်း၊ စသည်တို့ပြုလုပ်ရန် အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (Psychosocial interventions) လိုအပ်သလို လုပ်ဆောင်ပေးခြင်း
  • စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည့် စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါများကို ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစု၊ နှင့် ပြုစုစောင့်ရှောက်သူများအား စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ ဖြစ်ပေါ် ရသော အကြောင်းရင်းများ၊ အတူဖြစ်ပေါ်နေသည့် ရောဂါအခြေအနေ၊ လိုအပ်သောကုသမှု၊ ကုသမှုစွဲမြဲစွာခံယူခြင်း စသည်တို့နှင့်သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) တို့လည်း လိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

  • စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ ဆိုးဝါးပြင်းထန်ခြင်း၊ စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါနှင့် စိတ်ကျရောဂါ ပူးတွဲခံစားရခြင်း စသည့်အခြေအနေများတွင် ကိုယ့်ကိုယ်ကိုအန္တရာယ်ပြုလိုခြင်း၊ အသက်အန္တရာယ် ထိခိုက်အောင် လုပ်ဆောင်လိုခြင်း စသည်တို့ ဖြစ်ပေါ်လာခြင်း
  • ရောဂါအကြောင်းရင်းခံ တစ်ခုခုကြောင့် စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများဆိုးဝါးပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
  • ဆေးရုံတွင်သာ ရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင်ကုသရန် လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း

လူတိုင်းလိုလို စိုးရိမ်စိတ် အနည်းနှင့်အများ ဖြစ်ပေါ်ခံစားရတတ်သည်။ စိုးရိမ်စိတ်လက္ခဏာများ လုံးဝမဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးရန် မဖြစ်နိုင်ပါ။ သို့သော်လည်း အထက်တွင်ဖော်ပြခဲ့သည့် ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း (Self-management) နည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်သည်။ စိုးရိမ်စိတ်လွန်ကဲသည့် လက္ခဏာများ ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအကြောင်းရင်းများကို တတ်ကျွမ်းနားလည်သူများနှင့် ဆောလျင်စွာ ပြသတိုင်ပင်ပြီး ထိရောက်သောကုသမှု ရယူခြင်းဖြင့်လည်း နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပါလိမ့်မည်။

References:

  1. American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). https://doi.org/10.1176/appi.books.9780890425787
  2. Cleveland Clinic. (n.d.). Anxiety disorders. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/9536-anxiety-disorders
  3. Mayo Clinic. (n.d.). Anxiety: Symptoms and causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/anxiety/symptoms-causes/syc-20350961
  4. WebMD. (n.d.). Anxiety disorders. Retrieved August 26, 2025, from https://www.webmd.com/anxiety-panic/anxiety-disorders
  5. American Psychiatric Association. (n.d.). Anxiety disorders. Retrieved August 26, 2025, from https://www.psychiatry.org/patients-families/anxiety-disorders
  6. World Health Organization. (n.d.). Anxiety disorders. Retrieved August 26, 2025, from https://www.who.int/news-room/fact-sheets/detail/anxiety-disorders

Published: 30 August 2024

Last updated: 30 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.