အရိုးကျိုးခြင်းသည် အသက်အရွယ်မရွေး မည်သူမဆိုဖြစ်နိုင်သည်။ အမျိုးသားများသည် အမျိုးသမီးများထက် ပို၍အဖြစ်များသည်။ အသက် (၁၅)နှစ် မှ (၄၅)နှစ်အရွယ်သည် ထိခိုက်ဒဏ်ရာရရှိနိုင်မှု အများဆုံးဖြစ်သောကြောင့် အရိုးကျိုးမှု အများဆုံးဖြစ်သည့်အရွယ်ဖြစ်သည်။ အမေရိကန်သုတေသနအဖွဲ့တစ်ခု၏ စာရင်းအရ (၂၀၁၉) ခုနှစ် တစ်နှစ်တည်းတွင်ပင် အရိုးကျိုးသည့် လူနာပေါင်း တစ်ကမ္ဘာလုံးတွင် (၁၇၈) သန်းရှိသည်။ အရိုးကျိုးခြင်းသည် ထိခိုက်ဒဏ်ရာကြောင့် အများဆုံးဖြစ်လေ့ရှိပြီး အရိုးပွခြင်းနှင့် အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ အရိုးကျိုးခြင်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုတွင် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ အချို့သော အရိုးကျိုးခြင်းများတွင် ကျောက်ပတ်တီးစည်းခြင်း၊ အထောက်အကူပြုကိရိယာ တပ်ဆင်ခြင်းများဖြင့် ကုသနိုင်သည်။ အရိုးပြန်ဆက်မည့်အချိန်သည် ကျိုးသည့် အရိုးအမျိုးအစား၊ နေရာနှင့် အကြောင်းရင်းပေါ် မူတည်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပြင်ပမှ ပြင်းထန်သည့်အား (External Force) တစ်ခု၏ ရိုက်ခတ်မှုသည် အရိုး၏ခံနိုင်ရည်ကို ကျော်လွန်သွားလျှင် အရိုးကျိုးခြင်း ဖြစ်ပေါ်သည်။ ရိုက်ခတ်သည့်အားသည် အရိုးကိုသာမက ကြွက်သား ၊အဆီ၊ အရေပြား၊ သွေးကြော၊ အာရုံကြောနှင့် အခြားကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်နိုင်သည်။ အရိုးကျိုးခြင်းအဖြစ်အများဆုံး ထိခိုက်ဒဏ်ရာများတွင်
- ယာဉ်မတော်တဆမှုများ
- အမြင့်မှပြုတ်ကျခြင်း
- မြေပြင်တွင် ချော်လဲခြင်း
- ခိုက်ရန်ဖြစ်ပွါးမှုများ (သေနတ်ဒဏ်ရာအပါအဝင်)
- အားကစားထိခိုက်ဒဏ်ရာများ
- လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာများ စသည်ဖြင့် ပါဝင်သည်။
အရိုးကျိုးခြင်း အမျိုးအစားများ
အရိုးကျိုးခြင်း အမျိုးအစားပေါ်မူတည်၍ ကုသမှုနှင့် ပျောက်ကင်းမည့်အချိန် ကွာခြားသည်။ ထို့ကြောင့် ဆရာဝန်များသည် ကုသနည်းကိုဆုံးဖြတ်ရန် အရိုးကျိုးခြင်း အမျိုးအစားကို ခွဲခြားလေ့ရှိသည်။
- ပွင့်ကျိုး (Open Fractures)
ကျိုးသည့်အရိုးသည် အရေပြားကို ဖောက်ထွက်သွားလျှင် ပွင့်ကျိုးဟုခေါ်သည်။ အရေပြားဒဏ်ရာမှ သွေးထွက်နိုင်သည်၊ ပြင်ပမှ ရောဂါပိုးများဝင်ရောက်နိုင်သည်။ ပွင့်ကျိုးသည် အရေးပေါ်အခြေအနေဖြစ်သည်။ နောက်ဆက်တွဲပြဿနာလည်း များပြားသည်။ - ပိတ်ကျိုး (Closed Fractures)
အရေပြားပေါက်ထွက်ခြင်းမရှိ၊ ပြင်ပသို့ သွေးထွက်ခြင်းမရှိပေ။ - ရွေ့ကျိုး၊ ငြိမ်ကျိုး (Displaced or Non-displaced fractures)
ကျိုးသည့်အရိုး၏ အပိုင်းအစများ နေရာရွေ့ခြင်းရှိလျှင် ပြင်းထန်သည့်ဒဏ်ရာဟု သတ်မှတ်နိုင်ပြီး ခွဲစိတ်ကုသမှု လိုအပ်သည်။ - အရိုးအက်ကွဲသည့် ပုံစံပေါ်မူတည်၍ အရိုးကျိုးခြင်း အမျိုးအစားကို အောက်ပါအတိုင်း သတ်မှတ်သည်။
- ကန့်လန့်ဖြတ်ကျိုးခြင်း (Transverse Fractures)
- ဒေါင်လိုက်ကျိုးခြင်း (Longitudinal Fractures)
- လိမ်၍ကျိုးခြင်း (Spiral Fractures)
- ကြေမွ၍ကျိုးခြင်း (Comminuted Fractures)
- အပိုင်းပိုင်းကျိုးခြင်း (Segmental Fractures)
- ရောဂါကြောင့်ကျိုးခြင်း (Pathological Fractures)
အရိုးပွရောဂါ၊ အရိုးကင်ဆာများ၊ အရိုးပိုးဝင်ခြင်းနှင့် အခြားဟော်မုန်းကြောင့် ဖြစ်သောရောဂါအချို့တွင် လူနာကိုယ်တိုင် သတိမပြုမိလိုက်သည့် သာမန်ထိခိုက်ဒဏ်ရာတစ်ခုကြောင့် အရိုးကျိုးနိုင်သည်။

ရောဂါလက္ခဏာများ
ထိခိုက်ဒဏ်ရာရရှိပြီး အောက်ပါလက္ခဏာများ တွေ့ရှိလျှင် အရိုးကျိုးသည်ဟု သံသယရှိပါ။
- သာမန်ထက်ပို၍ နာကျင်ခြင်း
- ထိခိုက်မိသည့်နေရာတွင် ရောင်ခြင်း
- ထိခိုက်မိသည့် ခြေ၊ လက်အစိတ်အပိုင်းများ လှုပ်ရှား၍မရခြင်း
- ကွေးကောက်ပုံပျက်ခြင်း
- အတွင်း၌ အရိုးပွတ်တိုက်မှု ခံစားရခြင်း
အထက်ပါလက္ခဏာများနှင့်အတူ ဒဏ်ရာရရှိသည့် နေရာ၏အောက်ပိုင်းတွင် ထုံကျဥ်ခြင်း၊ တွေ့ထိမှုကို မသိခြင်း၊ အေးစက်ခြင်း၊ အရေပြားညိုမဲခြင်းများ တွေ့ရှိလျှင် အာရုံကြော၊ သွေးကြောများ ထိခိုက်ခြင်း ရှိနိုင်သဖြင့် ပို၍အရေးကြီးသော အခြေအနေဟု သတ်မှတ်ရမည်။
နောက်ဆက်တွဲပြဿနာများ
အရိုးကျိုးခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သည်။
- သွေးထွက်လွန်ခြင်း
- ကြွက်သားအကန့်များအတွင်း ရုတ်တရက်ဖိအားတက်ခြင်း (Compartment Syndrome)
- သွေးကြော၊ အာရုံကြောများထိခိုက်ခြင်း
- အတွင်းကလီစာများထိခိုက်ခြင်း
- အရိုးမဆက်ခြင်း၊ အရိုးဆက်နှေးခြင်း၊ အရိုးနေရာလွဲ၍ဆက်ခြင်း
- အရိုးပိုးဝင်ခြင်း
- အဆစ်များခိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ပြင်းထန်သည့် ပြင်ပအားဖြင့် ထိခိုက်ခံရသော ဒဏ်ရာရသူသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အရိုးကျိုးခြင်းကို လူနာအားစမ်းသပ်စစ်ဆေးရုံဖြင့် သိရှိနိုင်သော်လည်း အရိုးကျိုးသည့် အမျိုးအစားကို သိရှိနိုင်ရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray) – အရိုးကျိုးခြင်းကို အတည်ပြုနိုင်ပြီး အရိုးအက်ကွဲကြောင်းများနှင့် ရွေ့လျားမှုကို သိနိုင်သည်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)
ကျိုးသည့်အရိုး၏ အပိုင်းအစများကို အသေးစိတ် ပုံဖော်နိုင်သည်။ - သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
အရိုး၏ပုံရိပ်သာမက အနီးအနားရှိ အခြားအစိတ်အပိုင်းများဖြစ်သော အရိုးနု၊ ကြွက်သား၊ အရွတ်အကြောများ၊ သွေးကြော၊ အာရုံကြောများနှင့် ဝမ်းဗိုက်၊ ရင်ခေါင်းတွင်းမှ အင်္ဂါများ ထိခိုက်မှုကိုပါ သိရှိနိုင်သည်။ အထူးသဖြင့် ကျောရိုးမကြီးကျိုးလျှင် အတွင်းရှိအာရုံကြောကြီး ထိခိုက်မှု ရှိမရှိ သိနိုင်ရန် ရိုက်လေ့ရှိသည်။ - ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone Scan)
သာမန်ဓာတ်မှန်ဖြင့် မသေချာသော အရိုးကျိုးခြင်းများ၊ အရိုးရောဂါတစ်မျိုးမျိုးကြောင့် အရိုးကျိုးခြင်းများတွင် အသုံးပြုသည်။
ကုသခြင်း
ပြင်းထန်သည့်ပြင်ပအားဖြင့် ထိခိုက်ခံရသောဒဏ်ရာရသူသည် အသက်အန္တရာယ်ရှိသဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ပို့ဆောင်ရန်လိုသည်။
ရှေးဦးကုသခြင်း
အရိုးကျိုးသည်ဟု သံသယရှိလျှင် ဆေးရုံမရောက်မီ အောက်ပါအတိုင်း ရှေးဦးပြုစုရန်လိုသည်။
- သွေးထွက်နေသည့် ဒဏ်ရာကို သွေးတိတ်အောင် ပြုလုပ်ပါ
- အရေပြားပေါက်ထွက်နေသည့် အရိုးကို ဆွဲဆန့်ခြင်း၊ အတွင်းသို့ ပြန်သွင်းခြင်း လုံးဝမပြုလုပ်ရ
- ဒဏ်ရာရသည့် ခြေ၊ လက် ကို လှုပ်ရှားမှု မရှိရန် ကျပ်စည်းပါ၊ အနီးအနားတွင် ရနိုင်သော ပေတံ၊ သစ်သားပြား၊ ထီးရှည်တို့ဖြင့် ဒဏ်ရာရသည့် ခြေ၊ လက်ကို ပူးချည်ပါ၊ လက်ပိုင်းတွင်ဖြစ်လျှင် အဝတ်သိုင်းကြိုးဖြင့် စည်းပါ
- လည်ပင်းရိုးနှင့် ကျောရိုးမကြီး ထိခိုက်လျှင် လူနာအား ကွေးကောက် သယ်ဆောင်ခြင်း မပြုရ၊ ဦးခေါင်းနှင့်ခန္ဓာကိုယ်အား မျဉ်းဖြောင့်အတိုင်းထားပြီး မာကြောသည့် ဘုတ်ပြားဖြင့် သယ်ဆောင်ပါ
- လူနာကို အစာကျွေးခြင်း၊ ရေတိုက်ခြင်း မပြုလုပ်ရ၊ အရေးပေါ်ခွဲစိတ်မှု လိုအပ်နိုင်သောကြောင့်ဖြစ်သည်
ဆေးရုံတွင် ဆက်လက်ကုသခြင်း
အရေးပေါ်ဌာနတွင် ဆရာဝန်များသည် ဒဏ်ရာပြင်းထန်မှုအလိုက် အသက်ကယ်ကုသခြင်းများ ပြုလုပ်ပြီးလျှင် အရိုးကျိုးခြင်းအတွက် ဆက်လက်ကုသမှု ပေးမည်ဖြစ်သည်။
- အရိုးအပိုင်းအစများ ရွေ့လျားခြင်းမရှိလျှင် ကျောက်ပတ်တီးစည်းခြင်း၊ အထောက်အကူပြုကိရိယာဖြင့် ကျပ်စည်းခြင်းများ ပြုလုပ်ပေးလိမ့်မည်၊ ယခုအခါတွင် ပိုမိုပေါ့ပါးပြီး ရေစိုခံနိုင်သော ပလတ်စတစ် ကျောက်ပတ်တီးများ (Fiberglass and Synthetic Casts) ကို အများဆုံး အသုံးပြုလာကြပြီး၊ Smart Casts (အာရုံခံကိရိယာတပ်ဆင်ထားသည့် ကျောက်ပတ်တီး) များက အရိုးကျက်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်နိုင်သောကြောင့် လူနာသက်သောင့်သက်သာရှိစေသည်
- ရွေ့လျားမှုရှိလျှင် မေ့ဆေး၊ ထုံဆေးပေးပြီး အရိုးအား ပြန်လည်တည့်မတ်စေကာ ကျောက်ပတ်တီး စည်းပေးလိမ့်မည်။ ထို့အပြင် အရိုးဆက်နှုန်းမြန်စေရန် လျှပ်စစ်သံလိုက်လှိုင်း (LIPUS) စသည့် ပြင်ပမှ လှုံ့ဆော်ကုထုံးများကိုပါ တွဲဖက်သုံးစွဲနိုင်သည်။
ခွဲစိတ်ကုသခြင်း (Surgical Interventions)
အချို့အရိုးကျိုးခြင်းများတွင်မူ ခွဲစိတ်ကုသမှု မဖြစ်မနေ လိုအပ်သည်။ ယခုအခါတွင် ခွဲစိတ်မှု တိကျမှု၊ အရိုးပြန်ဆက်မှုနှင့် ပြန်လည်သန်စွမ်းမှုကို မြှင့်တင်ရန်အတွက် ခေတ်မီနည်းပညာများကို ပိုမိုအသုံးပြုလာသည်။
အရိုးကျိုးခြင်း အမျိုးအစား၊ ပြင်းထန်မှုနှင့် အခြားဒဏ်ရာများ ပူးတွဲနေမှုပေါ်မူတည်ပြီး အောက်ပါခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်သည်။
- စတီးပြား၊ ဝက်အူဖြင့် စုပ်ခြင်း (Plate and Screws)
ယခုအခါတွင် Locking Plate Systems များကို ပိုမိုအသုံးပြုလာပြီး အရိုးပွသည့်နေရာများတွင်ပင် ပိုမိုခိုင်မာစေသည်။ ထို့ပြင် အရိုးပြန်ဆက်ခြင်းကို အားပေးသည့် Dynamic Plating နည်းစနစ်များကိုပါ အသုံးပြုလာသည်။ - စတီးဝိုင်ယာ၊ အပ်ချောင်းဖြင့် ချည်နှောင်ခြင်း (Wires and Pins)
- စတီးချောင်းသွင်းခြင်း (Nailing)
- အရေပြားပြင်ပမှ စတီးချောင်းဖြင့် ချုပ်တည်းခြင်း (External Fixator)
- အဆစ်တစ်ခုလုံးပျက်စီးပါက အဆစ်အစားထိုးခြင်း (Arthroplasty)
ရှုပ်ထွေးသော အဆစ်ကျိုးများတွင် Robotic-Assisted Surgery ကို အသုံးပြု၍ အစားထိုးပစ္စည်းများကို အလွန်တိကျစွာ နေရာချထားနိုင်ပြီး ရလဒ်ကောင်းမွန်စေသည်။ - အရိုးအစားထိုး ခွဲစိတ်ခြင်း (Bone Graft)
ဆုံးရှုံးသွားသည့် အရိုးအပိုင်းအစများအတွက် ခန္ဓာကိုယ်၏ အခြားအရိုးများ ဖဲ့ယူခြင်းအပြင်၊ အရိုးပြန်ဆက်မှုကို လှုံ့ဆော်ပေးသော ဇီဝပစ္စည်းများ (Orthobiologics) ဖြစ်သည့် Platelet-Rich Plasma (PRP) နှင့် Bone Morphogenetic Proteins (BMPs) တို့ကိုပါ တွဲဖက် အသုံးပြုလာသည်။ ထို့အပြင် 3D Printing နည်းပညာဖြင့် အရိုးပုံစံအတိုင်း ကိုက်ညီသော စိတ်ကြိုက်အစားထိုးပစ္စည်းများကိုလည်း ဖန်တီးအသုံးပြုနိုင်ပြီဖြစ်သည်။
ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ
အရိုးဆက်သည့်အချိန်သည် ကျိုးသည့်နေရာ၊ ပြင်းထန်မှုနှင့် ကုသသည့်နည်းပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် လက်ပိုင်းတွင် အရိုးဆက်ချိန်သည် တစ်လခွဲမှ သုံးလအထိကြာနိုင်ပြီး ခြေထောက်ပိုင်းတွင် သုံးလ မှ ခြောက်လအထိ ကြာနိုင်သည်။
ခွဲစိတ်ကုသမှု နည်းစနစ်များ တိုးတက်လာမှုကြောင့် အရိုးဆက်ပြီးသော်လည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာမှု ပြုလုပ်နိုင်ရန် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Early Mobilization) ကို စတင်ကုသမှုခံယူချိန်မှ စတင်၍ စနစ်တကျ ပြုလုပ်သွားရန် လိုအပ်သည်။ လတ်တလောတွင် Smart Casts များသည် အရိုးပြန်ဆက်မှု အခြေအနေကို စောင့်ကြည့်ပေးနိုင်သောကြောင့် လူနာများသည် ပြန်လည်သန်စွမ်းရေး အစီအစဉ်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပြီဖြစ်သည်။
ကာကွယ်ခြင်း
အရိုးကျိုးခြင်းမဖြစ်ရန်မှာ ထိခိုက်ဒဏ်ရာမရရှိအောင် ကာကွယ်ခြင်းပင်ဖြစ်သည်။
- ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အားကစားပြုလုပ်ခြင်းသည် အရိုးနှင့်ကြွက်သားများ သန်မာမှုကို ဖြစ်စေနိုင်သည်
- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ ထိုင်ခုံအသက်ကယ်ခါးပတ် ပတ်ခြင်း၊ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း
- အလုပ်ခွင်၊ အားကစားပြုလုပ်ရာနေရာ သတ်မှတ်ထားသော ကာကွယ်ရေးဝတ်စုံ၊ ကိရိယာနှင့် စည်းကမ်းများ လိုက်နာခြင်း
- မိမိ၏အိမ်နှင့်ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် စက်ကိရိယာနှင့် အသုံးအဆောင်များကို စနစ်တကျသိမ်းဆည်းခြင်း၊ အသုံးပြုခြင်း၊ ချော်လဲနိုင်သည့် ကြမ်းပြင်၊ ကြမ်းခင်းများကိုရှင်းလင်းခြင်း၊ သက်ကြီးရွယ်အိုများ လမ်းလျှောက်ရန် လက်ကိုင်အထိန်းတန်း ပြုလုပ်ပေးခြင်း
- အသက် (၅၀) နှစ်ကျော်လျှင် သို့မဟုတ် မိသားစုတွင် အရိုးပွ၊ အရိုးပါးရောဂါ ရာဇဝင်ရှိလျှင် အရိုးသိပ်သည်းဆ တိုင်းတာခြင်းပြုလုပ်ရန် မိသားစုဆရာဝန်နှင့် တိုင်ပင်ခြင်း
- လမ်းလျှောက်တုတ်၊ ကိရိယာနှင့် အထောက်အကူပြု ပစ္စည်းများကို လိုအပ်လျှင် အသုံးပြုခြင်းတို့ဖြင့် အရိုးမကျိုးစေရန် ကာကွယ်နိုင်သည်
References:
- Cleveland Clinic. (2022). Bone fractures: Types, treatment & symptoms. Retrieved October 12, 2025, from https://my.clevelandclinic.org/health/diseases/15241-bone-fractures
- Mayo Clinic. (n.d.). First aid for fractures: What to do. Retrieved October 12, 2025, from https://www.mayoclinic.org/first-aid/first-aid-fractures/basics/art-20056641
- MSD Manuals. (2025). Overview of broken bones (fractures). Retrieved October 12, 2025, from https://www.msdmanuals.com/home/quick-facts-injuries-and-poisoning/fractures/overview-of-broken-bones
- Wong, K. C. (2016). 3D-printed patient-specific applications in orthopedics. Orthopedic Research and Reviews, 8, 57–66. https://doi.org/10.2147/ORR.S99614
- Karuppiah, K., & Sinha, J. (2018). Robotics in trauma and orthopaedics. Annals of the Royal College of Surgeons of England, 100(6 Suppl), 8–15. https://doi.org/10.1308/rcsann.supp1.8
- Greco, T., Bernasconi, A., & Perisano, C. (2025). Trauma and orthopedic surgery: Recent developments and future challenges. Journal of Clinical Medicine, 14(13), 4654. https://doi.org/10.3390/jcm14134654
- Abdullah, A. (2023). Orthobiologics in bone healing and fracture management. Journal of Bone Research, 11, 233. Retrieved from https://www.longdom.org/open-access-pdfs/orthobiologics-in-bone-healing-and-fracture-management.pdf
- Al-Shalawi, F. D., Mohamed Ariff, A. H., Jung, D. W., Mohd Ariffin, M. K. A., Seng Kim, C. L., Brabazon, D., & Al-Osaimi, M. O. (2023). Biomaterials as implants in the orthopedic field for regenerative medicine: Metal versus synthetic polymers. Polymers, 15(12), 2601. https://doi.org/10.3390/polym15122601
- Khan, H., Liao, X., Sheikh, B., Wang, Y., Su, Z., Guo, C., Li, Z., Zhou, C., Cen, Y., & Kong, Q. (2022). Smart biomaterials and their potential applications in tissue engineering. Journal of Materials Chemistry B, 10, 6859–6895. https://doi.org/10.1039/D2TB01106A
Published: 30 August 2024
Last updated: 25 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.