Scurvy (ဗီတာမင်စီ ချို့တဲ့ခြင်း)

Scurvy (ဗီတာမင်စီ ချို့တဲ့ခြင်း)

ဗီတာမင်စီ ချို့တဲ့ခြင်းသည် အဓိကအားဖြင့် ဗီတာမင်စီဓါတ် ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ မစားသုံးခြင်း၊ ရှောင်ခြင်းကြောင့် ဖြစ်ပွါးရသည်။ ဗီတာမင်စီချို့တဲ့မှုကို ကောင်းစွာ ကုသမှုမခံယူပါက သွားဖုံးသွေးယိုစိမ့်ခြင်း၊ သွားများကျွတ်လွယ်ခြင်း၊ အရေပြားအောက်ရှိ သွေးကြောများမှ သွေးများယိုစိမ့်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဗီတာမင်စီချို့တဲ့ခြင်းသည် ကူးစက်နိုင်သောရောဂါ မဟုတ်ပါ။ ဗီတာမင်စီကို ဗီတာမင်အားဆေးများဖြင့် ပြန်လည်ဖြည့်တင်းခြင်း၊ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ ပြန်လည်စားသုံးခြင်းအားဖြင့် ကုသသက်သာ ပျောက်ကင်းနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ဗီတာမင်စီချို့တဲ့ခြင်းသည် ဗီတာမင်စီကြွယ်ဝသော အစားအစာ၊ အသီးအနှံများကို မစားသုံးခြင်းကြောင့် ဖြစ်သည်။

ရောဂါလက္ခဏာများ

ပထမဦးစွာ ခန္ဓာကိုယ် ပင်ပန်းနွမ်းလျခြင်း၊ အားမရှိခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းများ ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ချိန်တွင် ကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲလက္ခဏာများ ဆက်လက်ဖြစ်ပွားနိုင်သည်။

  • သွေးအားနည်းခြင်း
  • ကိုယ်ခံအားကျဆင်းခြင်း
  • ရောဂါပိုးများအလွယ်တကူဝင်ခြင်း
  • သွားဖုံးများရောင်ရမ်းခြင်း
  • သွားများကျွတ်ထွက်ခြင်း
  • အရေပြားအောက်ရှိ သွေးကြောများမှ သွေးများယိုစိမ့်ခြင်း
  • ထိခိုက်မိပါက အခြားသောသူများထက် အလွယ်တကူ အရေပြားညိုမည်းစွဲခြင်း
  • ခန္ဓာကိုယ်အရေပြား ကြမ်းတမ်းလာခြင်း
  • ခြေထောက်များဖောလာခြင်း
  • အနာဖြစ်ပါက အနာကျက်ရန် အချိန်ကြာမြင့်လာခြင်း
  • ဆံပင်၊ဆံသားများ ကြွပ်ဆတ်လာခြင်း၊ ဆံသားများ ဖောက်တံဝက်အူကဲ့သို့ တွန့်လိမ်လာခြင်း

    မွေးကင်းစကလေးများနှင့် (၁၆) နှစ်အောက်ကလေးများတွင်မူ
  • ကတုန်ကယင်ဖြစ်ခြင်း
  • လှုပ်ရှားလျှင် နာကျင်ခြင်း
  • အစာစားချင်စိတ် မရှိခြင်းများ ဖြစ်ပေါ်နိုင်သည်။
Scurvy IMG1
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက ဗီတာမင်စီကြွယ်ဝသော အစားအစာများ စားသုံးခြင်း၊ ဗီတာမင်စီအားဆေးများ သောက်သုံးခြင်း (သို့မဟုတ်) မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသခြင်းများ ပြုလုပ်ရန်လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ရောဂါ၏ရာဇဝင် ကို သေချာမေးမြန်းခြင်း၊ လူနာ၏လက္ခဏာများကို စမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက သွေးထဲတွင်ရှိသော ဗီတာမင်စီပမာဏကို တိုင်းတာခြင်းများ ပြုလုပ်နိုင်သည်။

ကုသခြင်းနှင့်ကာကွယ်ခြင်း

ဗီတာမင်စီချို့တဲ့ခြင်းကို ဗီတာမင်စီ အားဆေးများ‌ပေးခြင်း၊ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ (အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို တစ်ရက်တွင် တစ်ကြိမ်မှ နှစ်ကြိမ်) စားသုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။ ဗီတာမင်စီချို့တဲ့မှုကြောင့် ရေစီးကမ်းပြိုသွားဖုံးရောင် ဖြစ်နေပါက ကလေးများတွင် ဗီတာမင်စီ (၁၀၀) မှ (၃၀၀) မီလီဂရမ် နှင့် လူကြီးများတွင် ဗီတာမင်စီ (၅၀၀) မှ (၁၀၀၀) မီလီဂရမ်ကို လက္ခဏာပျောက်သည်အထိ နေ့စဉ်သောက်ရန်လိုသည်။

ဗီတာမင်စီကို ပြန်လည်သောက်သုံးပြီးနောက်တွင် လူနာသည် (၄၈) နာရီအတွင်း ခံစားနေရသော ရောဂါလက္ခဏာများ စတင်သက်သာလာနိုင်သည်။ (၂) ပတ်အတွင်း သိသိသာသာ သက်သာလာပြီး သုံးလခန့်ကြာသည့်အခါတွင် လုံးဝပျောက်ကင်းနိုင်သည်။

ဗီတာမင်စီကြွယ်ဝသောအစားအစာများ

အများအားဖြင့် အချဉ်ဓာတ်ရှိသော အသီးအနှံများ၊ စိမ်းသော အသီးအရွက်များတွင် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သည် (ဥပမာ_ လိမ္မော်သီး၊ သရက်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီး၊ ကော်ဖီထုပ်၊ ငရုတ်ပွ စသည်)။ ဗီတာမင်စီကို နေ့စဉ်လိုအပ်ချက်အရ (၄၀) မှ (၁၂၀) မီလီဂရမ်ထိ သောက်သုံးနိုင်သည်။

References:

  1. Scurvy. (2024). Cleveland Clinic. Retrieved June 29, 2024, from https://my.clevelandclinic.org/health/diseases/24318-scurvy
  2. Maria. (2021). VITAMIN C – 12 Health Benefits and 24 Vitamin C Rich Foods. Ecosh. Retrieved June 29, 2024, from https://ecosh.com/vitamin-c-12-health-benefits-symptoms-of-vitamin-c-deficiency-scurvy-and-24-vitamin-c-rich-foods/

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.