ဘယ်ရီဘယ်ရီ (Beri Beri) ရောဂါသည် ဗီတာမင် ဘီဝမ်း ဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း (Thiamine) ဟုလည်း ခေါ်ဆိုကြသည်။ မိမိတို့၏ ခန္ဓာကိုယ်သည် အစာခြေနိုင်ရန်၊ ဇီဝကမ္မဖြစ်စဥ်များ ထိန်းသိမ်းရန်၊ ကြွက်သားများနှင့် အာရုံကြောစနစ် ကောင်းစွာအလုပ်လုပ်နိုင်ရန် ဗီတာမင် ဘီဝမ်းဓာတ်ကို လိုအပ်သည်။ ထို့ကြောင့် ဘယ်ရီဘယ်ရီဖြစ်ပေါ်လျှင် နှလုံး၊ ကိုယ်ခံအားစနစ်နှင့် ဗဟိုအာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်သည်။ ရောဂါကို စောစီးစွာသိရှိ၍ ကုသမှုခံယူလျှင် လအနည်းငယ်အတွင်း ပြန်လည်သက်သာကောင်းမွန်စေနိုင်သည်။ ဗီတာမင် ဘီဝမ်းချို့တဲ့ခြင်း ဆိုးရွားလာပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် စောစီးစွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဗီတာမင် ဘီဝမ်း ချို့တဲ့သောရောဂါသည် ဗီတာမင် ဘီဝမ်း ဓာတ်ချို့တဲ့သော အစားအစာများကို ရက်ရှည်လများကြာအောင် မှီဝဲစားသုံးရာမှ နဂိုမူလခန္ဓာကိုယ်တွင်း သိမ်းဆည်းသိုလှောင်ထားသော ဗီတာမင် ဘီဝမ်း ဓာတ်များ ချို့တဲ့သွားခြင်းဖြစ်သည်။
အောက်ဖော်ပြပါ အစားအစာများသည် ဗီတာမင် ဘီဝမ်း ကြွယ်ဝသောကြောင့် အဆိုပါ အစားအသောက်များကို လုံလောက်စွာ မစားသုံးလျှင် ဗီတာမင် ဘီဝမ်း ချို့တဲ့သည့်ရောဂါ (ဘယ်ရီဘယ်ရီ) ဖြစ်စေနိုင်သည်။
- အခွံမာသီး၊ နှမ်းကြိတ်စေ့၊ နေကြာစေ့စသော အစေ့အဆန်များ
- ပဲ အမျိုးမျိုး၊ ဂျုံအမျိုးမျိုး၊ နှံစားပင်၊ ကောက်နှံပင်ထွက် အစားအစာများ
- ဝက်သား၊ ဆယ်လ်မွန်ငါး
- နို့နှင့် နို့ထွက်ပစ္စည်းများ
- မောင်းထောင်းဆန်၊ လုံးတီးဆန် (ဆန်လုံးညို)၊ လျော့ကြိတ်ဆန်
- အစိမ်းရောင်ပါသော အသီးအရွက်များ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အာလူးတို့ဖြစ်သည်။
ဗီတာမင် ဘီဝမ်း သည် ဆန်လုံးအဖြူနှင့် ဂျုံမှုန့်တို့တွင် အနည်းငယ်သာ ပါဝင်သည်။ ထိုကြောင့် ဆန်ကိုဖြူဖွေးသည်အထိ ကြိတ်ခွဲခြင်း၊ ဆန်ကိုဖြူဖွေးအောင် ရေဖြင့် အထပ်ထပ် ပွတ်တိုက်ဆေးကြောခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။
ထို့အပြင် ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်း ဖြစ်ပေါ်နိုင်ခြေများသော အကြောင်းရင်းများမှာ_
- နှစ်ရှည်လများ အရက်သောက်သုံးခြင်း
- နာတာရှည် ဝမ်းလျှောခြင်းကြောင့် ဗီတာမင် ဘီဝမ်း မစုပ်ယူနိုင်ခြင်း
- နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory bowel disease)
- ကင်ဆာရောဂါများ
- သိုင်းရွိုက်ဟော်မုန်းများခြင်း
- အသည်းရောဂါများ
- အချို့သော ဆေးဝါးများ (ဥပမာ _ ဆီးဆေးများ၊ နှလုံဆေးများ၊ အတက်ကျဆေးများ)
- မွေးရာပါ ဗီတာမင် ဘီဝမ်း စုပ်ယူနိုင်စွမ်းမရှိခြင်း
- ဗီတာမင် ဘီဝမ်း ချို့တဲ့သော မိခင်နို့ သောက်သုံးသည့် ကလေးငယ်များ
- အစားရှောင်သူများ၊ စားသောက်မှု အလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါ (Eating disorder)
- ကာဗိုဟိုက်ဒရိတ် များပြားသော အစားအစာများ စားသောက်ခြင်း
- ကျောက်ကပ်ဆေးခြင်း
- အဝလွန်သူများတွင် ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ကုသမှုခံယူထားသူများ (bariatric surgery) တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ဗီတာမင် ဘီဝမ်း ချို့တဲ့လျှင် ဖြစ်သောလက္ခဏာစုတွင် လူကြီးတွင်ဖြစ်သော လက္ခဏာစုနှင့် ကလေးငယ်တွင်ဖြစ်သော လက္ခဏာစု (Infantile beri beri) ဟူ၍ ခွဲခြားထားနိုင်သည်။
လူကြီးတွင်ဖြစ်သော လက္ခဏာစုတွင် အဓိက အုပ်စု (၃) မျိုးရှိသည်။
- ထုံနာခြောက် ဘယ်ရီဘယ်ရီ (Dry beri beri)
Dry beri beri သည် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ကြွက်သားများ လှုပ်ရှားမှုလုပ်ငန်းများကို ပျက်စီးစေနိုင်သည့်အတွက် အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာသည်။- ခြေလက်အဖျားများ ထုံကျဥ်ခြင်း
- ခြေလက်များ လေးလံခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ လေဖြတ်သကဲ့သို့ ဖြစ်ခြင်း
- ကြွက်တက်ခြင်း
- ထုံနာစို ဘယ်ရီဘယ်ရီ (Wet beri beri)
Wet beri beri သည် နှလုံးကို ထိခိုက်စေပြီး နှလုံးလုပ်ငန်း ကောင်းစွာမလုပ်နိုင်သည့်အတွက် အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည့် အသက်အန္တရာယ် ထိခိုက်နိုင်သောအခြေအနေဖြစ်သည်။- ခြေထောက်ဖောလာခြင်း
- မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း
- ညအိပ်နေစဉ် ရေမွန်းသကဲ့သို့ဖြစ်၍ လန့်နိုးခြင်း၊ အိပ်မပျော်ခြင်း
- နှလုံးခုန်နှုန်းမြန်လာခြင်း၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာစားချင်စိတ် ပျောက်ဆုံးခြင်း၊ ဝမ်းချုပ်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။
- ဦးနှောက်ထိခိုက်ခြင်း (Encephalopathy)
- ဂနာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း
- လမ်းလျှောက်စဉ် ဒယိမ်းဒယိုင်ဖြစ်ခြင်း (Ataxia)
- မျက်လုံးကြွက်သားထိခိုက်ခြင်း (Ophthalmoplegia)၊ မျက်ခွံကျခြင်း၊ သူငယ်အိမ်လှုပ်ရှားမှု မူမမှန်ခြင်း (Nystagmus)
- အထက်ပါ လက္ခဏာပေါ်ချိန်တွင် အရေးပေါ်ကုသမှု မခံယူပါက နာတာရှည်အာရုံကြော ထိခိုက်မှုများ ဖြစ်ပွါးနိုင်သည်၊ ထိုအခါတွင် မှတ်ဉာဏ်ထိခိုက်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ လှုံ့ဆော်မှုမဲ့ အာရုံမှားများ ခံစားရခြင်းများ ဖြစ်ပေါ်လာနိုင်သည်
နောက်ဆက်တွဲပြဿနာများ
ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကို ကောင်းမွန်စွာ ကုသမှု မခံယူပါက နှလုံးပုံမှန်အလုပ် မလုပ်နိုင်တော့ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ အသက်အန္တရာယ်ရှိခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်၍ ဗီတာမင် ဘီဝမ်း ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ရောဂါရှာဖွေခြင်း
ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကို လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း (အစားအသောက်များအကြောင်း၊ မိသားစုထဲတွင် အလားတူလက္ခဏာများ ခံစားနေရသူ ရှိမရှိ မေးမြန်းခြင်း) နှင့် လူနာတွင် ဖြစ်ပေါ်နေသော လက္ခဏာများအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် လွယ်ကူစွာ သိရှိနိုင်သည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။
အရေးပေါ်အခြေအနေတွင် ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကို အမြန်ဆုံး သိရှိနိုင်သည့်နည်းလမ်းမှာ ဘီဝမ်း ချို့တဲ့နေသည်ဟု သံသယရှိသည့်လူနာကို ဗီတာမင် ဘီဝမ်း ဆေးပေးပြီး စောင့်ကြည့်ခြင်းဖြစ်သည်။ ထိုသို့ခံစားနေရသည့် လက္ခဏာများသည် ဘီဝမ်း ချို့တဲ့နေသည်မှန်ပါက ဆေးသွင်းပြီး နာရီပိုင်းအတွင်း စတင်သက်သာလာသည်ကို တွေ့ရသည်။
ကုသခြင်း
ဘယ်ရီဘယ်ရီရောဂါကို ဗီတာမင် ဘီဝမ်း ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် လွယ်ကူစွာ ကုသနိုင်သည်။ လူကြီးတစ်ဦးသည် နေ့စဥ် ဗီတာမင် ဘီဝမ်းဓာတ် (၁.၁) မှ (၁.၂) မီလီဂရမ်ခန့် လိုအပ်သည်။ ထိုလိုအပ်ချက်ကို ပုံမှန်အားဖြင့် ဗီတာမင်ဘီဝမ်းကြွယ်ဝသော အစားအသောက်များကို စားသုံးခြင်းဖြင့် ဖြည့်ဆည်းပေးနိုင်သည်။ သို့သော် ဘယ်ရီဘယ်ရီရောဂါတွင် ခန္ဓာကိုယ်တွင်း လိုအပ်နေသည့် ဗီတာမင် ဘီဝမ်း ဓာတ်ကို လျင်မြန်စွာ မြှင့်တင်နိုင်ရန် အစားအသောက်စားရုံဖြင့် မလုံလောက်သဖြင့် ၎င်းဓာတ်ကို ဖြည့်စွက်ဆေးဝါးအနေဖြင့် ဖြည့်တင်းရန် လိုအပ်သည်။ ဗီတာမင် ဘီဝမ်း ဖြည့်စွက်ဆေးဝါးကို ထိုးဆေး (သို့မဟုတ်) သောက်ဆေးအနေဖြင့် အသုံးပြုနိုင်သည်။ ရောဂါပြင်းထန်လျှင် ဗီတာမင်ဘီဝမ်းကို သွေးကြောထဲသို့သွင်း၍ အရေးပေါ်ကုသရန် လိုအပ်သည်။ ထိုးဆေးထိုးပြီးသည့်နောက်တွင် ဗီတာမင် ဘီဝမ်း အားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးရန် လိုအပ်သည်။
ဗီတာမင် ဘီဝမ်း ဖြည့်စွက်ဆေးဝါးများ သောက်သုံးရန် လိုအပ်သည့် အချိန်ကာလသည် ရောဂါပြင်းထန်မှုနှင့် ချို့တဲ့သည့် ကြာချိန်တို့ပေါ်တွင် မူတည်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ဗီတာမင် ဘီဝမ်း ဖြည့်စွက်ဆေးဝါးများကို ရောဂါလက္ခဏာများ လုံးဝပျောက်ကင်းပြီး နဂိုမူလအနေအထားအတိုင်း ပြန်လည်ရောက်ရှိသည့်အချိန်အထိ ဆက်လက်သောက်သုံးရန် လိုအပ်သည်။ အချို့သော နှလုံးရောဂါနှင့် သက်ဆိုင်သည့် လက္ခဏာများသည် နာရီအနည်းငယ် (သို့မဟုတ်) ရက်ပိုင်းအတွင်း သက်သာနိုင်သော်လည်း အာရုံကြောနှင့်သက်ဆိုင်သော လက္ခဏာများ သက်သာရန် အချိန် (၆) လခန့်ကြာမြင့်နိုင်သည်။
ကာကွယ်ခြင်း
ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ဘယ်ရီဘယ်ရီရောဂါကို အလွယ်တကူ ကာကွယ်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ ဗီတာမင် ဘီဝမ်း ချို့တဲ့လျှင်လည်း မွေးကင်းစကလေးကိုပါ သက်ရောက်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်စဉ် အစားမရှောင်ဘဲ အာဟာရပြည့်ဝစွာ စားသုံးရန် လိုအပ်သည်။
References:
- eMedicine. (2024). Beriberi (thiamine deficiency): Overview. Medscape. Retrieved July 26, 2025, from https://emedicine.medscape.com/article/116930-overview
- Healthline. (2021). Beriberi. Healthline. Retrieved July 26, 2025, from https://www.healthline.com/health/beriberi#symptoms
- WebMD. (2025). What is beriberi. WebMD. Retrieved July 26, 2025, from https://www.webmd.com/brain/what-is-beriberi
- Cleveland Clinic. (n.d.). Thiamine (vitamin B1) deficiency. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/thiamine-deficiency
Published: 30 August 2024
Last updated: 17 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.