Alcohol intoxication (အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အဆိပ်သင့်ခြင်း)

Alcohol intoxication (အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အဆိပ်သင့်ခြင်း)

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အဆိပ်သင့်ခြင်းသည် လူမှုရေးပြဿနာများအပြင် အသက်အန္တရာယ်ပင် ဖြစ်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။ အချိန်တိုအတွင်း အရက်ပမာဏ အများအပြားကို သောက်သုံးလိုက်သောအခါ သွေးတွင်း အရက်ပမာဏ အလွန်အမင်း မြင့်တက်လာပြီး အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေသည်။ ၎င်းသည် အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်အပူချိန်နှင့် သတိအနေအထားကဲ့သို့သော အရေးကြီးသည့် ခန္ဓာကိုယ်လုပ်ငန်းများကို ထိခိုက်စေနိုင်သည်။ အချို့သော အခြေအနေများတွင် အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သောကြောင့် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရက်အဆိပ်သင့်ခြင်းသည် အသည်းက အရက်ကို ခြေဖျက်နိုင်သည့်နှုန်းထက် ပိုမိုမြန်ဆန်စွာ သောက်သုံးခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် အသည်းသည် တစ်နာရီအတွင်း အရက်ပါဝင်သော ယမကာတစ်ခွက်ပမာဏကိုသာ ခြေဖျက်နိုင်သည်။

ယမကာတစ်ခွက်၏ ပုံမှန်အရက်ပါဝင်မှုနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဘီယာ – အရက် (၅%) ပါဝင်သော (၁၂) အောင်စ (၃၅၅ မီလီလီတာ)
  • ဝိုင် – အရက် (၁၂%) ပါဝင်သော (၅) အောင်စ (၁၄၈ မီလီလီတာ)
  • Malt liquor – အရက် (၇%) ပါဝင်သော (၈-၉) အောင်စ (၂၄၀-၂၇၀ မီလီလီတာ)
  • အရက်ပြင်းများ (Gin, Rum, Vodka, Whiskey) – အရက် (၄၀%) ပါဝင်သော (၁.၅) အောင်စ (၄၅ မီလီလီတာ)

ဤပမာဏထက် ပိုမို၍ အချိန်တိုအတွင်း သောက်သုံးပါက အရက်အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သည်။ သို့သော် ဖော်ပြပါနှုန်းထားများသည် ယေဘုယျပမာဏများသာဖြစ်ပြီး၊ အချို့သော ယမကာအမျိုးအစားများတွင် အရက်ပါဝင်မှုနှုန်း ပိုများနိုင်သည်။ ထို့ကြောင့် သောက်သုံးမည့် ယမကာပုလင်းပေါ်ရှိ အရက်ရာခိုင်နှုန်းကို စစ်ဆေးဖတ်ရှုရန် လိုအပ်သည်။

အရက်အဆိပ်သင့်နိုင်ခြေ ပိုများသော အခြေအနေများ
  • ဆယ်ကျော်သက်နှင့် လူငယ်များ
  • အမျိုးသားများ
  • အခြေခံကျန်းမာရေးမကောင်းခြင်း
  • အခြားဆေးဝါးများနှင့် တွဲဖက်သောက်သုံးခြင်း
  • အရက်ပါဝင်မှုနှုန်းများသော အရည်များကို သောက်သုံးခြင်း
  • အရက်မသောက်မီ သို့မဟုတ် သောက်နေစဉ် အစားအစာမစားခြင်း
  • အချိန်တိုအတွင်း များပြားစွာနှင့် လျင်မြန်စွာ သောက်သုံးခြင်း
ရောဂါလက္ခဏာများ

အရက်အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော အဓိကလက္ခဏာများမှာ_

  • ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း
  • တက်ခြင်း
  • အသက်ရှူနှုန်း နှေးလာခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက်)
  • အသက်ရှူပုံ ပုံမမှန်ခြင်း (အသက်ရှူခြင်း တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ၁၀ စက္ကန့်ခန့် ရပ်နားခြင်း)
  • ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်း
  • ကိုယ်အပူချိန် ကျဆင်းခြင်း
  • အသားအရောင် ဖြူဖတ်ဖြူရော်ဖြစ်ခြင်း သို့မဟုတ် ပြာနှမ်းခြင်းတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ

အရက်အဆိပ်သင့်ခြင်းကြောင့် ဖြစ်နိုင်သော ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရပ်ခြင်း
  • အန်ဖတ်များကြောင့် လည်ပင်းလေပြွန်ပိတ်ဆို့ပြီး အသက်ရှူရပ်ခြင်း ဖြစ်ပေါ်နိုင်သည်။
  • ပြင်းထန်သော ရေဓာတ်ဆုံးရှုံးမှု
  • အော့အန်ခြင်းကြောင့် ရေဓာတ်များဆုံးရှုံးပြီး သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းတို့ ဖြစ်စေနိုင်သည်။
  • တက်ခြင်း
  • သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းကြောင့် ဦးနှောက်ဆဲလ်များ စွမ်းအင်မရရှိဘဲ တက်ခြင်း။
  • ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း ရုတ်တရက် နှလုံးရပ်တန့်သည်အထိ ဖြစ်စေနိုင်သည်။
  • နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း
  • ဦးနှောက်ဆဲလ်များ ထိခိုက်ပျက်စီးခြင်း
  • သတိမေ့ခြင်း
  • ရုတ်တရက် အသည်းရောင်ခြင်း သို့မဟုတ် နာတာရှည်အသည်းပျက်စီးခြင်း
  • အစာအိမ်နှင့် ပန်ကရိယ ရောင်ရမ်းခြင်း
  • သွေးပေါင်တက်ခြင်း၊ နှလုံးကြီးခြင်း
  • လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်း (အမျိုးသား)၊ ရာသီပုံမှန်မလာခြင်း (အမျိုးသမီး)
  • ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးမွေးဖွားခြင်း (ကိုယ်ဝန်ဆောင်များ)
  • အရိုးပွခြင်း
  • သွေးဥမွှားများ ကျဆင်းခြင်း၊ ကိုယ်ခံအားစနစ် ကျဆင်းခြင်း
  • အမူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာများရခြင်း
  • အသက်သေဆုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အရက်အလွန်အကျွံသောက်ခြင်းကြောင့် အရက်အဆိပ်သင့်ခြင်းဖြစ်ပေါ်၍ အထက်တွင် ဖော်ပြခဲ့သော လက္ခဏာများ ဖြစ်ပေါ်ပါက အသက်အန္တရာယ် ထိခိုက်နိုင်သော အရေးပေါ်အခြေအနေဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွား‌ရောက် ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

အရက်အလွန်အကျွံသောက်သုံးခြင်းကို လူနာ၏ အရက်သောက်သုံးမှု ရာဇဝင်နှင့် နောက်ခံကျန်းမာရေးအခြေအနေများကို မေးမြန်းစမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက သွေးတွင်းအရက်ပမာဏကို သိရှိရန် သွေးနှင့်ဆီး စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

အရက်အဆိပ်သင့်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် အောက်ပါကုသမှုများကို ဆေးရုံတွင် ခံယူရန် လိုအပ်သည်။

  • အကြောဆေးများ သွင်းခြင်း (IV fluids) – ရေဓာတ်ခန်းခြောက်မှုကို ကုသပေးနိုင်သည်
  • အောက်ဆီဂျင်ပေးခြင်း – အသက်ရှူရန် အခက်အခဲဖြစ်ခြင်းကို အထောက်အကူပြုသည်
  • အသက်ရှူပိုက်တပ်ခြင်း (Intubation) – အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရခက်ခဲလျှင် အသက်ရှူပိုက်တပ်၍ ကုသရန် လိုအပ်သည်
  • အစာအိမ်ထဲမှ အရက်စုပ်ထုတ်ခြင်း (Stomach pumping) – အစာအိမ်ထဲရှိ ကျန်ရှိသော အရက်များကို ဖယ်ရှားရာတွင် ပြုလုပ်နိုင်သည်
  • ကျောက်ကပ်ဆေးခြင်း (Dialysis) – ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ပါက သွေးတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားရန် ကျောက်ကပ်ဆေးခြင်း ပြုလုပ်ပေးနိုင်သည်
  • ဆေးဝါးများဖြင့် ကုသခြင်း
    • Metadoxine – ဤဆေးသည် ခန္ဓာကိုယ်မှ အရက်ကို ခြေဖျက်ပြီး သွေးနှင့် တစ်ရှူးများထဲမှအရက်ကို ဖယ်ရှားသည့် လုပ်ငန်းစဉ်ကို မြန်ဆန်စေရန် အထောက်အကူပြုသည်
    • Naltrexone – အရက်သောက်ချင်စိတ်ကို လျော့နည်းစေသည့် ဆေးဝါးဖြစ်ပြီး အလွန်အကျွံ သောက်သုံးခြင်းကို ကုသရာတွင် အသုံးပြုသည်
ကာကွယ်ခြင်း

အရက်အဆိပ်သင့်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အရက်သောက်သုံးခြင်းကို ကန့်သတ်လျှော့ချရန်ဖြစ်သည်။

  • အရက်သောက်တိုင်း ရေကိုပါ သောက်သုံးပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကို လျှော့ချပါ
  • သွေးတွင်းသကြားဓာတ်ကျဆင်းမှုမဖြစ်စေရန် အရက်မသောက်မီ အစာစားထားပါ
  • အရက်သောက်ကြေး လောင်းကစားဂိမ်းများကို ရှောင်ပါ
  • အရက်နှင့် ဆေးဝါးများကို တွဲဖက်မသောက်သုံးသင့်ပါ
  • မိမိသောက်သုံးသော အရက်အမျိုးအစားနှင့် ပမာဏကို သတိကပ်၍ ထိန်းချုပ်ပါ

References:

  1. Cleveland Clinic. (2024). Alcohol poisoning. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/16640-alcohol-poisoning
  2. Mayo Clinic. (n.d.). Alcohol use disorder – Diagnosis and treatment. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/alcohol-use-disorder/diagnosis-treatment/drc-20369250
  3. Mayo Clinic. (n.d.). Alcohol poisoning – Diagnosis and treatment. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/alcohol-poisoning/diagnosis-treatment/drc-20354392
  4. Lee, E., & Kim, H. (2023). Telemedicine and digital health in emergency care for substance use disorders. Health Informatics Journal, 29(2), 1–12.
  5. Molina, S., & Torres, L. (2022). Novel pharmacotherapies for acute alcohol intoxication: A systematic review. Journal of Emergency Medicine, 48(3), 289–301.
  6. Smith, J. (2021). Metadoxine for alcohol intoxication: A clinical perspective. Alcohol: Clinical and Experimental Research, 45(10), 1950–1958.

Published: 30 August 2024

Last updated: 12 November 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

Reviewing section.

Yes, you can request a repeat your test if necessary. However, additional fees may apply, and a new sample may need to be collected. For specific information, please check with the sample receiving center.

Our laboratory provides test results, but interpretation should be done by your healthcare provider who can explain the results in the context of your overall health.