Obsessive compulsive disorder – OCD (စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သောရောဂါ)

Obsessive compulsive disorder – OCD (စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သောရောဂါ)

စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါ (Obsessive Compulsive Disorder – OCD) တွင် မလိုလားသော အတွေးများ၊ ကြောက်ရွံ့စိတ်များအပေါ် အစွဲအလမ်းလွန်ကဲခြင်း (Obsession) နှင့် ထိုသို့ အစွဲအလမ်းလွန်ကဲခြင်းကို ဖြေဖျောက်ရန် အပြုအမူတစ်ခုခုကို ထပ်တလဲလဲ ပြုလုပ်ခြင်း (Compulsion) တို့နှင့် သက်ဆိုင်သည့် လက္ခဏာများ ပါဝင်သည်။ ထိုသို့ စိတ်အစွဲအလမ်း လွန်ကဲခြင်းနှင့် အပြုအမူတစ်ခုခုကို ထပ်တလဲလဲပြုလုပ်ခြင်းတို့သည် ပုံစံအမျိုးမျိုးရှိတတ်သည်။ ထိုအခြေအနေများကြောင့် ကာယကံရှင်၏ နေ့စဥ်လူနေမှုဘဝနှင့် လုပ်ငန်းဆောင်ရွက်မှုများ ထိခိုက်လာခြင်း၊ ဖိစီးမှုများခံစားရခြင်းတို့ ဖြစ်ပေါ်လာစေတတ်သည်။ ဤရောဂါကို ကုသနိုင်သည့် နည်းလမ်းများ ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သော ရောဂါဖြစ်ပေါ်လာရခြင်း အကြောင်းရင်းကို တိကျစွာ မသိနိုင်သေးဟု ကျွမ်းကျင်ပညာရှင်များက မှတ်ချက်ပြုထားသည်။ သို့သော်လည်း အောက်ပါအကြောင်းရင်းများနှင့် ဆက်နွှယ်မှုရှိသည်ဟု ဖော်ပြကြသည်။

  • မျိုးဗီဇ (Genetics)
    • မိဘ၊ မောင်နှမမျိုးရိုးတွင် စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သော ရောဂါခံစားရသူရှိပါက ရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေရှိသည်
  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    • ဦးနှောက်အတွင်းရှိ Serotonin, Dopamine, Glutamate စသည့်ဓာတုပစ္စည်းနှင့် စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါ ဆက်နွှယ်မှုရှိသည်
  • တွေ့မြင်သင်ယူခြင်း
    • မိသားစုအတွင်း အဆိုပါရောဂါလက္ခဏာ ရှိသူများထံမှ တွေ့မြင်သင်ယူနိုင်ခြေ ရှိခြင်းကြောင့်လည်း ၄င်းရောဂါ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ဆိုကြသည်
  • စိတ်ပိုင်းဆိုင်ရာရောဂါများ
    • ဥပမာ _ စိတ်ကျရောဂါနှင့် စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါတို့ ဆက်နွှယ်မှုရှိသည်ဟု ဆိုသည်
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • Autoimmune encephalitis ကဲ့သို့ရောဂါများကြောင့်လည်း စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲပြုမူတတ်သော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည် (အခြား ရောဂါ အခြေအနေများလည်း ရှိနိုင်သည်)
ရောဂါလက္ခဏာများ

စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါတွင် စိတ်အစွဲအလမ်းလွန်ကဲခြင်း (Obsession) လက္ခဏာများကို သော်လည်းကောင်း၊ အပြုအမူတစ်ခုခုကို ထပ်တလဲလဲပြုလုပ်ခြင်း (Compulsion) လက္ခဏာများကို သော်လည်းကောင်း၊ အဆိုပါအခြေအနေ နှစ်မျိုးလုံး၏ လက္ခဏာများကို‌ သော်လည်းကောင်း ခံစားရနိုင်သည်။

စိတ်အစွဲအလမ်းလွန်ကဲခြင်း (Obsession) နှင့်ဆိုင်သောလက္ခဏာများ
  • ကာယကံရှင်က လက်ခံလိုခြင်း၊ အသိစိတ်ဖြင့် အားစိုက်တွေးတောခြင်းမရှိဘဲ အလိုအလျောက် ပေါ်ပေါက်လာသော၊ ဖျောက်ဖျက်ရန်ခက်ခဲသည့် အတွေးများ၊ စေ့ဆော်မှုများ၊ အတွေးအာရုံများ စိတ်ကူးထဲသို့ အလိုလိုဝင်ရောက်လာခြင်း
  • ထိုသို့ဝင်ရောက်လာသည့်အတွက် စိုးရိမ်စိတ်နှင့် ဖိစီးမှုများ သိသိသာသာ ဖြစ်ပေါ်လာခြင်း
  • တွေ့ရတတ်သည့် အနေအထားများ
    • ညစ်ပေနေသည်၊ ညစ်ပေသွားမည်ဟု စွဲထင်နေခြင်း (ဥပမာ _ သူတစ်ပါးထိကိုင်ထားသည့် ပစ္စည်းများကို ကိုင်တွယ်ရာမှ ကိုယ့်ကိုညစ်ပေသွားမည်ကို စိုးရွံ့ခြင်း )
    • မသေချာမရေရာမှုများဖြင့် သံသယစိတ် ဖြစ်ပေါ်နေခြင်း (ဥပမာ _ မီးခလုတ်ပိတ်ခဲ့ခြင်း၊ သော့ခလောက်၊ တံခါး ပိတ်ခဲ့ခြင်း ရှိမရှိ မသေချာဘဲ သံသယစိတ်ဖြစ်ခြင်း)
    • ပစ္စည်းများကို အတိမ်းအစောင်းမရှိဘဲ နေသားတကျ ညီညီညာညာ ရှိနေစေလိုခြင်း (ဥပမာ _ ပစ္စည်းများ စနစ်တကျ မစီထားခြင်း၊ နေရာအထားအသို ရွဲ့စောင်းနေခြင်းများ မြင်တွေ့ရပါက စိတ်ဖိစီးမှုခံစားလာရခြင်း)
    • ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို သို့မဟုတ် သူတစ်ပါးကို အန္တရာယ်ပြုလိုသည့် အတွေးဆိုးများ ဖြစ်ပေါ်လာခြင်း
    • ဘာသာရေးနှင့်ဆိုင်သော၊ ကြမ်းတမ်းသော သို့မဟုတ် လိင်မှုကိစ္စများနှင့်ဆိုင်သော မလိုလားအပ်သည့် အတွေးများ ဖြစ်ပေါ်လာခြင်းတို့ ခံစားရတတ်သည် (အခြားသော အနေအထားများလည်း ရှိနိုင်သည်)
  • အဆိုပါအနေအထား ခံစားချက်များကို လျော့ပါးသွားစေရန်၊ လျစ်လျူရှုရန် သို့မဟုတ် ချိုးနှိမ်ရန် အတွက် တစ်စုံတစ်ခု ပြုလုပ်လိုပြီး၊ ထိုသို့ ပြုလုပ်လိုက်မှသာ အဆိုပါစိတ်ဖြစ်စဥ်များ ခေတ္တပျောက်ကင်းသလို ဖြစ်သွားရခြင်း
အပြုအမူတစ်ခုခုကို ထပ်တလဲလဲ ပြုလုပ်ခြင်း (Compulsion) နှင့်ဆိုင်သောလက္ခဏာများ
  • အထက်တွင်ဖော်ပြခဲ့သည့် စိတ်အစွဲအလမ်းလွန်ကဲခြင်း (Obsession) များကို လျော့ပါးသွားစေရန်၊ လျစ်လျူရှုရန် သို့မဟုတ် ချိုးနှိမ်ရန်အတွက် အပြုအမူတစ်ခုခုကို ထပ်တလဲလဲပြုလုပ်ခြင်း
  • တွေ့ရတတ်သည့် အနေအထားများ_
    • ခြေလက်များ အချိန်ပေးပြီး မကြာခဏ ဆေးတတ်ခြင်း
    • မီးခလုတ်များ၊ သော့ခလောက်၊ တံခါးများ ပိတ်ထားကြောင်း သေချာအောင် ထပ်တလဲလဲ စစ်ဆေးတတ်ခြင်း
    • ပစ္စည်းများကို စိတ်တိုင်းမကျမခြင်း အချိန်ကုန်ခံပြီး စနစ်တကျ စီစဥ်ထားသိုနေတတ်ခြင်း
    • စိတ်ထဲတွင် နံပါတ်များ ရေတွက်နေတတ်ခြင်း၊ အပြုအမူတစ်ခုခုလုပ်ဆောင်သည့်အခါ အကြိမ်ရေသတ်မှတ်ပြီး လုပ်ဆောင်တတ်ခြင်း (အကြိမ်ရေမှတ်ရာတွင် မှားသွားပါက၊ မှားသွားသည်ဟုယူဆပါက အစမှ ပြန်လည်လုပ်ဆောင်တတ်ခြင်း)၊
    • ဘာသာရေးအလုပ်များ မလုပ်ဘဲ ရှောင်ကြဥ်တတ်လာခြင်းတို့ လုပ်ဆောင်လာတတ်သည် (အခြားသော အနေအထားများလည်း ရှိနိုင်သည်)

ထိုသို့ စိတ်စွဲလမ်းလွန်းခြင်း၊ အပြုအမူတစ်ခုကို ထပ်တလဲလဲပြုလုပ်ခြင်းတို့အတွက် အချိန်များစွာ ပေးရသဖြင့် ဖိစီးမှုများခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် သိသိသာသာ ထိခိုက်လာခြင်းများ ဖြစ်ပေါ် လာသည်။ အဆိုပါလက္ခဏာများသည် စိတ်ဖိစီးမှုများသည့် အခြေအနေများတွင် ပိုမို၍ သိသာဆိုးဝါးလာတတ်သည်။

နောက်ဆက်တွဲပြဿနာများ

စိတ်စွဲလမ်းလွန်းခြင်း၊ အပြုအမူတစ်ခုကို ထပ်တလဲလဲပြုလုပ်နေခြင်းတို့ကြောင့်

  • မလိုအပ်ဘဲ အချိန်များစွာပေးနေရခြင်း
  • ဖိစီးမှုများခြင်း
  • အိမ်မှုကိစ္စ၊ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးစသည့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ တွင် သိသိသာသာ ထိခိုက်လာခြင်း
  • ကျန်းမာ‌ရေးဆိုင်ရာပြဿနာ (ဥပမာ _ အမြဲလိုလို အချိန်ကြာမြင့်စွာ ခြေ လက် ဆေးကြောနေတတ်ခြင်းကြောင့် အရေပြားကို ထိခိုက်လာခြင်း) များ ဖြစ်ပေါ်လာတတ်ခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း
  • ဘဝအရည်အသွေး ထိခိုက်လာခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာနိုင်ခြင်း
  • စိတ်ကျရောဂါ ခံစားလာရနိုင်ခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သော ရောဂါလက္ခဏာများ သိသာစွာဖြစ်ပေါ်နေပြီး ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးဆက်များ ဖြစ်ပေါ်လာခြင်း တို့ရှိပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူတို့နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ရောဂါပြင်းထန်မှု အခြေအနေပေါ်မူတည်ပြီး စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာစစ်ဆေးမေးမြန်းခြင်းဖြင့် ဤရောဂါကို သတ်မှတ်ဖော်ထုတ်နိုင်သည်။ ဤရောဂါ၏ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် အခြားရောဂါများကိုလည်း စိစစ်ဖော်ထုတ်ရန် လိုအပ်နိုင်သည်။

ကုသခြင်း

ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှုများကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက် ပေးရပါသည်။ ရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological intervention)
အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Cognitive-Behavioural Therapy (CBT)] ကို အသုံးပြုနိုင်သည်။ ၄င်းကုထုံးတွင် စိတ်အစွဲအလမ်းလွန်ကဲသည့် အခြေအနေကိုဖြစ်စေသည့် အရာများနှင့် ရင်ဆိုင်ထိတွေ့စေခြင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ထပ်တလဲလဲလုပ်ဆောင်သည့် အပြုအမူများ ဖြစ်မလာစေရန် တားဆီးခြင်းတို့ကို ပေါင်းစပ်ထားသည့် ကုထုံး [Exposure and Response Prevention (ERP)] လည်း ပါဝင်သည်။ ဤကုထုံးများတွင် ကာယကံရှင်၏ ကြိုးစားအားထုတ်မှု၊ လေ့ကျင့်မှုတို့ လိုအပ်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့်အချက်အလက်များ အပေါ်မူတည်ပြီး ဆေးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။

အဓိကအသုံးပြုရသောဆေးမှာ စိတ်ကျရောဂါ ကုသဆေးများ (Antidepressants) ဖြစ်သည်။ ဆေးအမျိုးအစား ပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း၊ စသည်တို့ ပြုလုပ်ရန် အတွက် ရက်ချိန်းမှန်မှန် ပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။

အခြားကုသမှုအမျိုးအစားများ
ရောဂါပြင်းထန်မှု၊ ကုသမှုစွမ်းအား အရင်းအမြစ်ရရှိနိုင်မှု တို့အပေါ် မူတည်ပြီး Deep Brain Stimulation (DBS)၊ Transcranial Magnetic Stimulation (TMS)၊ စသည့်ကုထုံးများကိုလည်း ထည့်သွင်းစဥ်းစားနိုင်သည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ (Psychosocial interventions) လိုအပ်သလို စီစဥ်ဆောင်ရွက်ပေးခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစု၊ နှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) တို့လည်း လိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

  • ရောဂါအခြေအနေ ဆိုးဝါးပြင်းထန်ခြင်း
  • ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြားသော စိတ်ပိုင်းဆိုင်ရာရောဂါ အခြေအနေများ ရှိနေခြင်း
  • ဆေးရုံတွင်သာ ရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အခြေအနေဖြစ်ခြင်းတို့သည် ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြေအနေများ ဖြစ်သည်။
ကာကွယ်ခြင်း

ဤရောဂါကို အတိအကျ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းမရှိပါ။ ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ကုသမှုရယူခြင်းသည် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့် အချက်ဖြစ်သည်။

References:

  1. American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). https://doi.org/10.1176/appi.books.9780890425787
  2. Cleveland Clinic. (n.d.). Obsessive-compulsive disorder (OCD). Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/9490-ocd-obsessive-compulsive-disorder
  3. Mayo Clinic. (n.d.-a). Obsessive-compulsive disorder: Symptoms and causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/obsessive-compulsive-disorder/symptoms-causes/syc-20354432
  4. Mayo Clinic. (n.d.-b). Obsessive-compulsive disorder: Diagnosis and treatment. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/obsessive-compulsive-disorder/diagnosis-treatment/drc-20354438
  5. WebMD. (n.d.). Obsessive-compulsive disorder (OCD). Retrieved August 26, 2025, from https://www.webmd.com/mental-health/obsessive-compulsive-disorder
  6. American Psychiatric Association. (n.d.). Obsessive-compulsive disorder. Retrieved August 26, 2025, from https://www.psychiatry.org/patients-families/obsessive-compulsive-disorder

Published: 30 August 2024

Last updated: 30 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.