စိတ်ဖိစီးမှု (Stress) ဆိုသည်မှာ ခက်ခဲသည့် အခြေအနေတစ်ခုခုကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်တင်းကြပ်မှု ဖြစ်ပေါ်လာသည့် အခြေအနေကို ဆိုလိုသည်။ စိတ်ဖိစီးမှုသည် လူနေမှုဘဝအတွင်းရှိ စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် လှုံ့ဆော်ပေးသည့် သဘာဝတုံ့ပြန်မှုဖြစ်သည်။ လူသားအားလုံးသည် အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးမှု ခံစားရတတ်သည်။ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံနည်းလမ်းသည် လူတို့၏ ကျန်းမာရေးအတွက် ရေတို၊ ရေရှည်ကြီးမားသော ပြောင်းလဲမှု ဖြစ်စေနိုင်သည်။
စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်း (Stressor) များစွာရှိသည်။ အဆိုပါအကြောင်းရင်းများအပေါ် တုံ့ပြန်ခြင်းသည် ပုံမှန်ဖြစ်လေ့ရှိသည့် အခြေအနေတစ်ခုဖြစ်သည်။
လတ်တလော စိတ်ဖိစီးမှုတုံ့ပြန်ခံစားခြင်း (Acute stress reaction) ဆိုသည်မှာ ပြင်းထန်လွန်းသည့် ခြိမ်းခြောက်မှုသဖွယ် ဖြစ်စေသော သို့မဟုတ် ဆိုးရွားသော အဖြစ်အပျက်၊ အခြေအနေ (ဥပမာ _ သဘာဝဘေးအန္တရာယ်များ၊ မတော်တဆထိခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု) တစ်ခုခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတတ်သည့် စိတ်ခံစားချက်ဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သိမှုမှတ်ဉာဏ်ဆိုင်ရာ သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများကို ဆိုလိုသည်။ အဆိုပါ အဖြစ်အပျက်၊ အခြေအနေသည် ကာလတို သို့မဟုတ် ကာလတာရှည် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်၊ အခြေအနေတစ်ခုခုဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကာယကံရှင်အတွက် ပြင်းထန်လွန်းသည့် ခြိမ်းခြောက်မှုသဖွယ်ဖြစ်စေသော သို့မဟုတ် ဆိုးရွားသော အဖြစ်အပျက်၊ အခြေအနေများကြောင့် ဖြစ်ပွါးနိုင်သည်။
ရောဂါလက္ခဏာများ
စိတ်ဖိစီးမှုဖြစ်စေသည့်အခြေအနေကို ပြန်လည်တုံ့ပြန်ရာတွင် လူတစ်ဦးနှင့်တစ်ဦး မတူညီတတ်ဘဲ ကိုင်တွယ်ဖြေရှင်းသည့်ပုံစံများ၊ ဖြစ်ပေါ်တတ်သည့် လက္ခဏာများသည်လည်း လူတစ်ဦးချင်းစီအလိုက် ကွာခြားတတ်သည်။ အဆိုပါလက္ခဏာများသည် စိတ်ဖိစီးမှုဖြစ်စေသည့်အခြေအနေ ကြုံတွေ့ရပြီး မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတတ်သည်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ_
- စိတ်ခံစားချက်များ ကင်းမဲ့သကဲ့သို့ ဖြစ်သွားခြင်း
- သတိမေ့မြောခြင်းမရှိသော်လည်း စကားမပြော၊ လှုပ်ရှားမှုမရှိသည့် အခြေအနေ ဖြစ်သွားခြင်း
- စိုးရိမ်ခြင်း
- စိတ်ဓာတ်ကျခြင်း
- စိတ်ဆတ်ခြင်း
- စိတ်ပျက်ခြင်း
- အာရုံမစူးစိုက်နိုင်ခြင်း
- အိပ်မပျော်ခြင်း
- အဆိုပါအခြေအနေနှင့် စပ်လျဥ်းသည့် မနှစ်မြို့ဖွယ်အိပ်မက်မျိုး ထပ်ခါတလဲလဲ မက်တတ်ခြင်း
- အဆိုပါအခြေအနေများ မနှစ်မြို့ဖွယ် ပြန်လည်ခံစားရသကဲ့သို့ ထပ်ခါတလဲလဲ ဖြစ်တတ်ခြင်း
- ယခင်ကြုံတွေ့ခဲ့ရသော အခြေအနေများကို ပြန်လည်အမှတ်ရစေနိုင်သည့် အခြေအနေများကို ရှောင်ကြဥ်တတ်ခြင်း (ဥပမာ _ ဖိစီးမှု၊ စိုးရိမ်မှုများကို ဖြစ်စေနိုင်သည့်လူများ၊ အပြောအဆိုများ၊ အခြေအနေများကို ရှောင်ကြဥ်တတ်ခြင်း)
- အဆင်အခြင်မဲ့သော၊ ကြမ်းတမ်းသော အပြုအမူများ လုပ်ဆောင်လာခြင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ကာယကံရှင်အတွက် ထိခိုက်မှုဖြစ်လာခြင်းများ ဖြစ်ကြသည်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာများမှာ_
- ရင်တုန်ခြင်း
- နေထိုင်မကောင်းသကဲ့သို့ ခံစားရခြင်း
- ရင်ဘတ်အောင့်ခြင်း
- ခေါင်းကိုက်ခြင်း
- ဝမ်းဗိုက်အောင့်ခြင်း
- အသက်ရှူခက်ခဲသကဲ့သို့ ခံစားရခြင်းများ ဖြစ်ကြသည်။
စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည့်အကြောင်းရင်းနှင့် ကြုံတွေ့ရပြီးနောက် နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အတွင်း သို့မဟုတ် ၄င်းအခြေအနေမှဖယ်ရှားလိုက်သည့်အခါ၊ လွတ်မြောက်သွားသည့်အခါတွင် အဆိုပါတုံ့ပြန်ခံစားမှုများ လျော့ပါးသွားတတ်သည်။
နောက်ဆက်တွဲပြဿနာများ
လတ်တလော စိတ်ဖိစီးမှုတုံ့ပြန်ခံစားခြင်းသည် နာရီအနည်းငယ်၊ ရက်အနည်းငယ်အတွင်း လျော့ပါးသက်သာသွားနိုင်သည်။
အဆိုပါလက္ခဏာများ ဆက်လက်ဖြစ်ပေါ်ခံစားနေရပါက လတ်တလော စိတ်ဖိစီးမှုရောဂါ (Acute Stress Disorder)၊ ပြင်းထန် စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post Traumatic Stress Disorder – PTSD) ဟု သတ်မှတ်နိုင်သည့် အခြေအနေများသို့ ရောက်ရှိလာနိုင်သည်။ အချို့သောသူများတွင် စိတ်ကျရောဂါ၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲသည့်ပြဿနာများစသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။
ကာယကံရှင်တွင် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ရှိနှင့်ပြီးဖြစ်ပါက အဆိုပါရောဂါအခြေအနေ သိသာဆိုးဝါးလာခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။
ကုသခြင်း
- ကာယကံရှင်၏ လုံခြုံမှုရှိစေရေးသည် အရေးကြီးသည်
- လတ်တလော စိတ်ဖိစီးမှုတုံ့ပြန်ခံစားခြင်းသည် နာရီအနည်းငယ်၊ ရက်အနည်းငယ်အတွင်း လျော့ပါးသက်သာလာတတ်သည်၊ ၄င်းအခြေအနေကို စိတ်ပိုင်းဆိုင်ရာရောဂါဟု မသတ်မှတ်ပါ
- မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြောဆိုခြင်း၊ ပံ့ပိုးမှုရယူခြင်း
- အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်ခြင်း
- ကိုယ်ရောစိတ်ပါ ဖြေလျော့သည့် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း စသည်တို့ဖြင့် သက်သာမှုရနိုင်သည်
- စိတ်ကျန်းမာရေးအထူးကုဆရာဝန်၊ စိတ်ပညာရှင်များနှင့် ပြသတိုင်ပင်ခြင်း
- စိတ်ဖိစီးမှုပြင်းထန်စွာခံစားရခြင်း
- ကျန်းမာရေးအခြေအနေ ထိခိုက်လာခြင်း
- စိတ်ဖိစီးမှုဖြေလျော့စေသည့် နည်းလမ်းများ လုပ်ဆောင်သော်လည်း သက်သာမှုမရှိခြင်း စသည့်အခြေအနေများရှိလာပါက ပြသတိုင်ပင်ရန် လိုအပ်သည်
- ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို သတိပြုပြီး လိုအပ်သောကုသမှု ရယူရန်လည်း လိုအပ်သည်
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- မေးရိုး၊ ကျောဘက်၊ ပခုံး၊ လက်မောင်း စသည်တို့ နာကျင်ခြင်း
- မူးဝေခြင်း
- ပျို့ခြင်း စသည့်လက္ခဏာများရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်၊ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုခု ပေါ်လာခြင်း သို့မဟုတ် အမှန်တကယ်ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ဖြစ်နေခြင်း ဆိုသည်ကို ခွဲခြားရန် အရေးကြီးသည်
ကာကွယ်ခြင်း
စိတ်ဖိစီးမှုကို ရှောင်လွဲ၍မရပါ။ သို့သော်လည်း စိတ်ဖိစီးမှု လျော့ပါးစေနိုင်သည့် နည်းလမ်းများကို အမြဲလေ့ကျင့်လုပ်ဆောင်နေခြင်းဖြင့် စိတ်ဖိစီးမှုကိုတုံ့ပြန်ခြင်း (Stress reaction) အခြေအနေ ဆိုးဝါးမလာစေရန် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်။
- စိတ်ဖိစီးမှုလျော့ပါးစေနိုင်သည့် အချို့သောနည်းလမ်းများမှာ_
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း
- အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
- တရားမှတ်ခြင်း
- မိသားစု၊ မိတ်ဆွေများနှင့် အချိန်ပေးပြီး အတူရှိနေခြင်း
- စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စသည်ဖြင့် အကျိုးရှိသည့် ဝါသနာပါရာအလုပ်များ လုပ်ဆောင်ခြင်း
- အိပ်စက်ချိန် လုံလောက်စွာရရှိခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော အခြားဆေးများကို ရှောင်ကြဥ်ခြင်းတို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Acute stress disorder. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/24755-acute-stress-disorder
- Mayo Clinic. (2023). Beyond the physical injury: Acute stress reaction. Retrieved August 26, 2025, from https://www.mayoclinic.org/medical-professionals/trauma/news/beyond-the-physical-injury-acute-stress-reaction/mac-20518604
- WebMD. (2024). Stress symptoms: Effects of stress on the body. Retrieved August 26, 2025, from https://www.webmd.com/balance/stress-management/stress-symptoms-effects_of-stress-on-the-body
- World Health Organization. (2023). Acute stress disorder. Retrieved August 26, 2025, from https://applications.emro.who.int/docs/WHOEMMNH237E-eng.pdf
- Sleep Foundation. (2025). Stress and insomnia. Retrieved August 26, 2025, from https://www.sleepfoundation.org/insomnia/stress-and-insomnia
Published: 30 August 2024
Last updated: 30 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.