Skin cancer (အရေပြားကင်ဆာ)

Skin cancer (အရေပြားကင်ဆာ)

ခန္ဓာကိုယ်အရေပြားရှိဆဲလ်များ မူမမှန်သောကြီးထွားမှုနှင့် နေရောင်နှင့် ထိတွေ့မှုများသော အရေပြားတွင် အဖြစ်များသည်။ အရေပြားကင်ဆာသည် မည်သည့်အသားအရောင်တွင်မဆို၊ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော အဖြစ်များသည့် ကင်ဆာတစ်မျိုးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရေပြားဆဲလ်များသည် အချိန်အတိုင်းအတာတစ်ခုတွင် ဆဲလ်အဟောင်းများပျက်စီးပြီး ဆဲလ်အသစ်များဖြင့် ပုံမှန်အစားထိုးသည်။ ကာလရှည်ကြာ နေရောင်ခြည်ထိတွေ့မှုခံရခြင်းနှင့် အပြင်းအထန် နေလောင်ခံရခြင်းများ ဖြစ်သောအခါ မူလဇီဝဖြစ်စဥ်ပျက်ယွင်း၍ ဆဲလ်များကြီးထွားမှု ပုံမမှန်ဖြစ်ကာ ကင်ဆာဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့အပြင် အရေပြားကင်ဆာသည် ကိုယ်ခံအားနည်းစေသော အခြေအနေများ (သို့မဟုတ်) အဆိပ်ဖြစ်စေသော ပစ္စည်းများနှင့် ထိတွေ့မှုများကြောင့်လည်း ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ

  • နေပူထဲတွင် အချိန်ကြာရှည်စွာ အလုပ်လုပ်ခြင်း၊ ဆော့ကစားခြင်း
  • အရေပြား နေလောင်ခံရလွယ်ခြင်း
  • ပြင်းထန်သော နေရောင်ခြည်ရရှိသည့် အရပ်ဒေသများတွင် နေထိုင်ခြင်း
  • အလှအပအတွက် နေပူစာလှုံခြင်း၊ နေလောင်ခံအိပ်ရာများ အသုံးပြုခြင်း (tanning beds)
  • မျက်လုံးအရောင်နုသော သူများ၊ မှဲ့ခြောက်ဖြစ်လွယ်သော အသားအရေရှိသူများ
  • မှဲ့များစွာရှိသောသူများ (သို့မဟုတ်) ပုံစံမမှန်သောမှဲ့များရှိသူများ
  • မိသားစုတွင် မှဲ့ကင်ဆာရာဇဝင်ရှိသူများ
  • ကိုယ်ခံအားနည်းသူများ
  • အရေပြားရောဂါများကုသရာတွင် ခရမ်းလွန်ရောင်ခြည်ကုထုံးအား အသုံးပြု၍ကုသခြင်း (UV phototherapy)
  • အဆိပ်ရှိသော ဓာတုပစ္စည်းများ (ဥပမာ- အာဆင်းနစ်)နှင့် ထိတွေ့ခြင်း
ရောဂါလက္ခဏာများ

အရေပြားကင်ဆာသည် နေရောင်နှင့် ထိတွေ့မှုများသော နေရာများဖြစ်သည့် ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နားရွက်၊ လည်ပင်း၊ ရင်ဘတ်နှင့် လက်တို့တွင် အဖြစ်များသည်။ ထို့အပြင် လက်ဖဝါး၊ လက်သည်းအောက်နှင့် လိင်အင်္ဂါတစ်ဝိုက်တွင်လည်း တွေ့နိုင်သည်။ အရေပြားကင်ဆာ၏ အတွေ့ရအများဆုံးသော လက္ခဏာမှာ အရေပြားပုံစံ အနေအထားပြောင်းလဲခြင်း (ဥပမာ-ကြီးထွားမှု အသစ်ဖြစ်ခြင်း သို့မဟုတ် နဂိုမှဲ့နေရာ တွင်ပုံစံပြောင်းခြင်း) ဖြစ်သည်။

ဖြစ်ပွားသည့်ဆဲလ်ပေါ်မူတည်၍ ရောဂါလက္ခဏာများ တူညီမှုမရှိပါ။ အတွေ့ရအများဆုံးသော အမျိုးအစား (၃)မျိုးမှာ_

အ​ရေပြားအပေါ်လွှာ (epidermis)၏ အောက်ဆုံးဆဲလ်များမှ ဖြစ်လာသောကင်ဆာ (BCC-Basal Cell Carcinoma)

အ​ရေပြားအောက်ဆုံးဆဲလ်များမှ ဖြစ်လာသောကင်ဆာသည် နေရောင်နှင့်ထိတွေ့မှုများသော မျက်နှာ၊ လည်ပင်းတို့တွင် ဖြစ်လေ့ရှိသည်။ လက္ခဏာများမှာ_

  • ဖယောင်းကဲ့သို့ ဝင်းပြောင်နေသော တဖြည်းဖြည်းကြီးလာသည့်အဖုများ
  • ပန်းရောင်၊ အညိုရောင် (သို့မဟုတ်) အရေပြားအရောင် အချပ်ပြားများ
  • အလိုအလျောက် သွေးထွက်သောအဖုများ
  • ဒဏ်ရာဟောင်းမှ ပြန်ဖြစ်သော အဖုအနာများ
  • ၎င်းတို့၏အရွယ်အစားမှာ မီလီမီတာအနည်းငယ်မှ စင်တီမီတာထိဖြစ်နိုင်သည်။

အ​ရေပြားအောက်ဆုံးဆဲလ်များမှ ဖြစ်လာသော ကင်ဆာသည် ပျံ့နှံ့မှုနည်းပါးသဖြင့် အသက်အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးသည်။ အနည်းငယ်သည်သာ လျင်မြန်စွာ ကြီးထွားလာပြီး၊ ပြန်ရည်ကျိတ်အပါအဝင် အခြားနေရာများသို့ ပျံ့နှံ့နိုင်သည်။ သို့သော် စောစီးစွာ ကုသမှုခံယူရန် အရေးကြီးသည်။

အ​ရေပြားအပေါ်လွှာ (epidermis)၏ ငါးအကြေးခွံပုံစံဆဲလ်များမှ ဖြစ်လာသောကင်ဆာ
(SSC-Squamous Cell Carcinoma)

အများစုသည် နေရောင်နှင့်ထိတွေ့မှုများသော မျက်နှာ၊ နားနှင့် လက်များတွင် အဖြစ်များသည်။ အရွယ်အစားမှာ မီလီမီတာအနည်းငယ်မှ စင်တီမီတာများစွာအထိ ဖြစ်နိုင်သည်။ လက္ခဏာများမှာ

  • မာ၍နီသော အဖုများ
  • အကြေးခွံကဲ့သို့ပြောင်၍ အနာဖေးရှိသော အနာမျက်နာပြင်များအနေဖြင့် တွေ့နိုင်သည်။

အ​ရေပြားအပေါ်လွှာ၏ ငါးအကြေးခွံပုံစံဆဲလ်များမှ ဖြစ်လာသောကင်ဆာသည် ကြီးထွားမှုနှေးကွေးပြီး အများအားဖြင့် အသက်အန္တရာယ် ဖြစ်နိုင်ခြေနည်းပါးသည်။ သို့သော် စောစီးစွာကုသမှုမခံယူပါက အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။

မှဲ့ကင်ဆာ (Melanoma)

မှဲ့ကင်ဆာသည် ခန္ဓာကိုယ်အနှံ့တွင် ဖြစ်ပေါ်နိုင်သည်။ ပုံမှန်အရေပြားတွင် ဖြစ်နိုင်သကဲ့သို့ နဂိုမှဲ့ရှိသောနေရာမှလည်း ကင်ဆာအဖြစ် ပြောင်းနိုင်သည်။ လက္ခဏာများမှာ

  • မှဲ့၏ တစ်ခြမ်းနှင့် တစ်ခြမ်း အချိုးအစားမတူညီခြင်း
  • မှဲ့၏ အနားသတ်များ ပုံမမှန်ဟုတ်ခြင်း
  • မှဲ့၏အရောင် ပြောင်းလဲသွားခြင်း
  • မှဲ့၏အရွယ်အစား (၆)မီလီမီတာထက်ကြီးလာခြင်း သို့မဟုတ် မှဲ့အသစ်ဖြစ်လာခြင်း
  • မှဲ့သည် အရေပြားမျက်နှာပြင်ထက် ဖောင်းကြွလာခြင်း
  • မှဲ့မှသွေးထွက်ခြင်း သို့မဟုတ် ယားယံခြင်းကဲ့သို့ လက္ခဏာအသစ်များဖြစ်ပေါ်လာခြင်း
  • လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းထိပ် (သို့မဟုတ်) ခြေချောင်းထိပ်၊ ပါးစပ်၊ နှာခေါင်း၊ မိန်းမကိုယ် (သို့မဟုတ်) စအိုအမြှေးပါးများတွင် အနက်ရောင်အနာဖြစ်ခြင်း စသည်တို့ဖြစ်သည်။
Skin Cancer IMG 3

အခြားတွေ့ရနည်းသောအရေပြားကင်ဆာများ

ကာပိုးဆီးကင်ဆာ (Kaposi sarcoma)

ဤအမျိုးအစားကင်ဆာများသည် အတွေ့ရနည်းပြီး အရေပြား၏သွေးကြောများတွင် ဖြစ်ပေါ်သည်။ ထို့ကြောင့် အရေပြား (သို့မဟုတ်) အမြှေးပါးများတွင် အနီရောင် (သို့မဟုတ်) ခရမ်းရောင်အကွက်များ အနေဖြင့် တွေ့ရသည်။ အဓိကအားဖြင့် HIVရောဂါကဲ့သို့ ကိုယ်ခံအားနည်းသူများတွင် ဖြစ်လေ့ရှိသည်။

Merkel cell carcinoma

မာ၍ပြောင်နေသောအဖုအနေဖြင့် တွေ့ရပြီး အရေပြားအောက် သို့မဟုတ် ဆံပင်မွှေးညှင်းပေါက်များတွင် တွေ့ရသည်။

  • အဆီကျိတ်မှဖြစ်သော အရေပြားကင်ဆာ (Sebaceous gland carcinoma)

အတွေ့ရနည်းပြီး ဆိုးရွားသောကင်ဆာအမျိုးအစားဖြစ်ပြီး အရေပြားရှိ အဆီကျိတ်များတွင် တွေ့ရသည်။ မာ၍နာကျင်မှုမရှိသော အဖုအနေဖြင့်တွေ့ရသည်။

နောက်ဆက်တွဲပြဿနာများ

အရေပြားကင်ဆာများ၏ အဓိကနောက်ဆက်တွဲပြဿနာမှာ အခြားနေရာများသို့ ပျံ့နှံ့၊ ပွားများခြင်းဖြစ်သည်။ သက်ဆိုင်ရာနေရာအလိုက် ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ အသားစယူ၍ စစ်ဆေးခြင်းတို့ဖြင့် ရောဂါကိုရှာဖွေနိုင်သည်။ အသားစအဖြေပေါ် မူတည်၍ ပြန်ရည်ကျိတ်များ အသားစယူ၍ စစ်ဆေးခြင်း၊ ကင်ဆာပျံ့နှံ့မှု ရှိမရှိသိရှိရန် ကွန်ပြူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ပီအီးတီ စကင်န် (PET Scan)ရိုက်ခြင်းတို့ကို ဆက်လက် ပြုလုပ်နိုင်သည်။

ကုသခြင်း

အအေးဓာတ်ကိုအသုံးပြု၍ကုသခြင်း(cryotherapy)

နိုက်ထရိုဂျင်အရည်ကို သုံး၍ ကင်ဆာဆဲလ်များအား အေးခဲစေခြင်းဖြစ်သည်။ ကုသမှုပြီးလျှင် ဆဲလ်သေများသည် ကြွေကျသွားမည်ဖြစ်သည်။

ခွဲစိတ်ခြင်း

ကင်ဆာအကျိတ်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အရေပြားကိုပါ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။

လျှပ်စီးကြောင်းသုံး ဖြတ်တောက်ကုသခြင်း (Curettage and electrodesiccation)

ကင်ဆာကျိတ်များကို ဖယ်ရှားပြီးနောက် ကျန်နေသည့်ကင်ဆာဆဲလ်များကို လျှပ်စစ်ဓာတ်အသုံးပြု၍ ဖျက်ဆီးခြင်းဖြစ်သည်။

ကင်ဆာဆေးသွင်းကုထုံး (chemotherapy)

ကင်ဆာဆဲလ်များအား သေစေသည့် ဆေးများပေးခြင်းဖြစ်သည်။ အကယ်၍ ရောဂါသည် အရေပြားအပေါ်ယံလွှာတွင် ဖြစ်ပွားလျှင် လိမ်းဆေးအား တိုက်ရိုက်လိမ်းနိုင်သည်။ ထို့အပြင် သောက်ဆေး (သို့မဟုတ်) ထိုးဆေးအနေဖြင့် ရောဂါပေါ် မူတည်၍‌ ပေးနိုင်သည်။

ဓာတ်ရောင်ခြည်ကုထုံး

အားကောင်းသော ဓာတ်ရောင်ခြည်များကို အသုံးပြု၍ ကင်ဆာဆဲလ်များအား သေစေခြင်းဖြစ်သည်။

အလင်းနှင့်ဆေးဝါးများ ပေါင်းစပ်ကုသခြင်း (Photodynamic therapy-PDT)

အရေပြားဆရာဝန်မှ လေဆာအလင်းများနှင့် လိမ်းဆေးများကို အသုံးပြု၍ကုသည်။ ရှေးဦးစွာ အလင်းနှင့် ထိတွေ့လျှင် အာနိသင်ပြသောလိမ်းဆေးကို လိုအပ်သောနေရာတွင် သုတ်လိမ်းသည်။ ထို့နောက် လေဆာကဲ့သို့သော အလင်းတန်းဖြင့် ပြသထိတွေ့စေကာ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ထိုကုထုံးသည် ကင်ဆာဖြစ်စေသော ဆဲလ်များအားသေစေပြီး ပုံမှန်ဆဲလ်များအား ပျက်စီးစေခြင်း မဖြစ်စေပါ။

ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း

ကင်ဆာဆဲလ်များအား သေစေရန်အတွက် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိပေးသည့် ဆေးများပေးခြင်း ဖြစ်သည်။

ကုထုံးများ၏ နောက်ဆက်တွဲပြဿနာများ

အရေပြားကင်ဆာကုထုံးများပေါ် မူတည်၍ အောက်ပါ နောက်ဆက်တွဲပြဿနာများကို တွေ့ရတတ်သည်။

  • ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆံပင်ကျွတ်ခြင်း
  • သွေးထွက်ခြင်း
  • ရောင်ခြင်း၊ နာကျင်ခြင်း
  • အနာရွတ်ဖြစ်ခြင်း
  • အာရုံကြောထိခိုက်ခြင်းကြောင့် အထိအတွေ့ အာရုံခံစားမှု နည်းသွားခြင်း
  • အရေပြားပိုးဝင်ခြင်း
  • အကျိတ်ပြန်ဖြစ်ခြင်း တို့ဖြစ်နိုင်သည်။
ကာကွယ်ခြင်း

အရေပြားကင်ဆာအများစုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများမှာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု၊ နေလောင်မှုများမှ ကာကွယ်ခြင်းဖြစ်သည်။ ကင်ဆာဖြစ်စေသည့် အခြေအနေများကို လျော့ချနိုင်သည့် နည်းလမ်းများမှာ

  • နေရောင်ပြင်းသောအချိန်များတွင် နေပူထဲမထွက်ဘဲ အရိပ်ထဲတွင်နေခြင်း
  • အလှအပအတွက် နေပူစာလှုံခြင်း၊ နေလောင်ခံအိပ်ရာသုံးခြင်းတို့ကို မပြုလုပ်ခြင်း
  • နေပူထဲသို့ထွက်ပါက ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း
  • နေရောင်ကာ လိမ်းဆေးခရင်မ် လိမ်းခြင်း၊ နှုတ်ခမ်းနီအဆီလိမ်းခြင်း
  • နေရောင်နှင့် ဓာတ်ပြုမှုများသော ဆေးဝါးအချို့အား သတိထား၍သုံးခြင်း (sun sensitising medications)
  • ကလေးငယ်များနှင့် အသက် (၆)လအထက် ကလေးများတွင် နေပူထဲထွက်ပါက နေရောင်ကာ လိမ်းဆေးခရင်မ် လိမ်းပေးခြင်းတို့ဖြစ်သည်။
  • အရေပြားကင်ဆာကို ကုသရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်အတွက် စောစီးစွာ သိရှိရန်အရေးကြီးသည်။ ထို့ကြောင့် အရေပြားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း၊ မှဲ့အသစ်ဖြစ်ခြင်း၊ မှဲ့များတွင် ပြောင်းလဲမှုဖြစ်ခြင်း၊ အနာဖြစ်ခြင်း၊အရောင်ပြောင်းခြင်းများရှိပါက စောစီးစွာ ပြသရန် အရေးကြီးသည်။

References:

  1. Skin cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 3, 2024, from https://www.mayoclinic.org/diseases-conditions/skin-cancer/symptoms-causes/syc-20377605
  2. Skin Cancer. (2021). Cleveland Clinic. Retrieved July 3, 2024, from https://my.clevelandclinic.org/health/diseases/15818-skin-cancer
  3. Types of skin cancer. (n.d.). Retrieved July 3, 2024, from https://www.aad.org/public/diseases/skin-cancer/types/common
  4. DermNet. (2023). Basal cell carcinoma. DermNet®. Retrieved July 3, 2024, from https://dermnetnz.org/topics/basal-cell-carcinoma
  5. DermNet. (2023). Squamous cell carcinoma dermoscopy. DermNet®. Retrieved July 3, 2024, from https://dermnetnz.org/topics/squamous-cell-carcinoma-dermoscopy

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.