ဝဲယားနာ (Scabies) သည် ကလေးများတွင် အဖြစ်များပြီး အလွန်အမင်းယားယံစေသော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါပိုးရှိသူနှင့် အချိန်ကြာမြင့်စွာ အရေပြားချင်း ထိတွေ့ မှုကြောင့်လည်းကောင်း၊ ကပ်ပါးပိုးရှိသူ၏ အဝတ်အထည်၊ အိပ်ရာခင်း၊ စောင် အစရှိသော အသုံးအဆောင်များ မျှဝေသုံးစွဲမှုကြောင့် လည်းကောင်း ကူးစက်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
Sarcoptes scabeii ဟုခေါ်သော အလွန်သေးငယ်သည့် ကပ်ပါးပိုးမွှားများ လူ့အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက် နေထိုင်မှုကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။ အဆိုပါ ကပ်ပါးပိုးအမကောင်သည် အရေပြားကို ထွင်းဖောက်ကာ တွင်းခေါင်းများတူးပြီး ဥများ ဥချသည်။ ထိုဥများမှ သားလောင်းများပေါက်ကာ အရေပြားပေါ်တွင် ကြီးထွားလာသည်။ အရွယ်ရောက်လာသော ကပ်ပါးကောင်တို့သည် အရေပြားကို ထွင်းဖောက်ခြင်း၊ ဥ ဥခြင်းများ ပြုကြသည်။ ဝဲယားနာ၏ အဓိကလက္ခဏာဖြစ်သော ယားယံခြင်းသည် ဤကပ်ပါးကောင်များ၊ ဥများ၊ ၎င်းတို့၏ အညစ်အကြေးများကို ခန္ဓာကိုယ်မှ ဓာတ်မတည့်၊ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာရသည်။
ဝဲယားနာပိုးသည် တိရစ္ဆာန်မှတစ်ဆင့် မကူးစက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ပေါ်မှ ဝဲပိုးကောင်သည် လူ့ခန္ဓာကိုယ်ပေါ်တွင် မျိုးပွါးရှင်သန်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ သို့သော် တိရစ္ဆာန်ပေါ်မှ ဝဲပိုးကောင်လေးများသည် လူ့အရေပြားနှင့် ထိတွေ့သည့်ချိန်တွင် ယားယံခြင်းကို ဖြစ်ပေါ်စေနိုင်သော်လည်း ထိုဝဲပိုးများသည် ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။
ရောဂါလက္ခဏာများ
အဓိကရောဂါလက္ခဏာ (၂) ခုမှာ_
- အလွန်ယားယံခြင်းနှင့်
- အရေပြားတွင် အဖု၊ အပိန့်များထခြင်းတို့ဖြစ်သည်။
 
								                     
								                    ယခင်ရောဂါဖြစ်ဖူးသူတွင် ကပ်ပါးကောင်ကူးစက်ခံရပြီး (၁-၄) ရက်အကြာတွင် လက္ခဏာစပေါ် ပြီး ပထမအကြိမ် ကူးစက်ခံရသူတွင် (၄ – ၆) ပတ်ကြာမှ ရောဂါလက္ခဏာများ စတင်ခံစားရတတ်သည်။
- အလွန်ယားယံခြင်း
- ညဘက်အချိန်တွင် ယားယံမှု အဆိုးဆုံးဖြစ်သည်၊ အိပ်မရနိုင်အောင် ပြင်းထန်နိုင်သည်
- အရေပြားဓာတ်မတည့်ခြင်းကြောင့် ဖြစ်သဖြင့် တစ်ခါတစ်ရံ ကပ်ပါးပိုးနှိမ်နင်းပြီး ကာလအတန်ကြာသည်အထိ ဆက်လက်ယားယံနေတတ်သည်
 
- အရေပြားအဖု၊ အပိန့်ထခြင်း
- အနီရောင်၊ ပန်းရောင် အကွက်၊ အဖု၊ အရည်ကြည်ဖု အသေးလေးများကို ခန္ဓာကိုယ်တစ်ခုလုံးတွင် တွေ့နိုင်သည်၊ အဖြစ်များသော နေရာများမှာ_
- လက်ချောင်းနှင့် လက်ချောင်းကြားများ
- လက်ကောက်ဝတ်၊ တံတောင်ဆစ်
- ချိုင်းကြား၊ ညှပ်ရိုးကြား
- လိင်အင်္ဂါအနီး
- ခါးနှင့် ချက်တစ်ဝိုက်နေရာများ
 
- ကလေးငယ်များ (အထူးသဖြင့် တစ်နှစ်အောက်ကလေးများ) တွင် မျက်နှာ၊ လည်ပင်း၊ ဦးရေပြား၊ ခြေဖဝါး၊ လက်ဖဝါးများတွင်ပါ တွေ့နိုင်သည်။
 
- အနီရောင်၊ ပန်းရောင် အကွက်၊ အဖု၊ အရည်ကြည်ဖု အသေးလေးများကို ခန္ဓာကိုယ်တစ်ခုလုံးတွင် တွေ့နိုင်သည်၊ အဖြစ်များသော နေရာများမှာ_
- တွင်းခေါင်းများ (burrows)
 ကပ်ပါးပိုးအမကောင်တူး၍ ဖြစ်လာသောတွင်းခေါင်းများသည် ဝဲရောဂါ၏ ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။- အရေပြားတွင် (၁) စင်တီမီတာမျှရှိသော သေးငယ်တွန့်ခေါက်နေသည့် အစင်းကြောင်းလေးများအဖြစ် တွေ့ရသည်
- အဖြူရောင်၊ ငွေရောင် သို့မဟုတ် အနီးပတ်ဝန်းကျင်ရှိ အသားအရောင်အတိုင်းရှိသော ဖောင်းကြွနေသည့် တွင်းခေါင်းငယ်များကို_
- လက်ချောင်းအကြား နေရာများ
- လက်ကောက်ဝတ်၊ တံကောက်ကွေး၊ ဒူးနောက်ရှိ အရေပြားတွန့်များ
- လိင်အင်္ဂါ၊ ရင်သားအကြား နေရာများ
- နောက်ကျောညှပ်ရိုးကြားနေရာများတွင် တွေ့နိုင်သည်။
 
 
ဝဲယားနာကူးစက်နိုင်ခြေများသည့် အခြေအနေများ
- လူဦးရေထူထပ်သောနေရာများ
- မိသားစုများစွာ စုပေါင်းနေထိုင်သူများ
- ကလေးပြုစုစောင့်ရှောက်ရေးဌာနများ
- နေ့ကလေးထိန်းဌာနများ
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဌာနများ
- အကျဥ်းထောင်ကဲ့သို့နေရာများတွင် နေထိုင်သူများအပြင်
 
- သန့်ရှင်းမှု မရှိခြင်း
- ဆင်းရဲမွဲတေခြင်း
- အာဟာရချို့တဲ့ခြင်း
- အိမ်ရာမဲ့ဖြစ်ခြင်း
- ကိုယ်ခံအားကျဆင်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ကူးစက်၍ အနာဖြစ်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်း
- ဘက်တီးရီးယား ပိုးဝင်ခြင်းမှတစ်ဆင့် ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့် ကျောက်ကပ်ရောင်ခြင်း၊ နှလုံးထိခိုက်ခြင်း
- ကုတ်ခြစ်မိခြင်းကြောင့် အရေပြားမာလာခြင်း၊ ဂျွတ်တက်ခြင်း
- နှင်းခူနှင့် ဆိုရီးယားစစ်ရောဂါများကို ပိုဆိုးလာစေခြင်း စသည်တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးတွင်
- ဝဲရောဂါဟု သံသယရှိလျှင် (အထူးသဖြင့် အသက်တစ်နှစ်အောက် ကလေးများတွင်)
- ဆေးလိမ်း၍ မပျောက်လျှင်၊ မကြာခဏပြန်ဖြစ်လျှင်
- ကြီးမားပြင်းထန်သော ဝဲအနာများဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
- မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အများအားဖြင့် လူနာ၏ ရောဂါရာဇဝင် သေချာစွာမေးမြန်းခြင်းနှင့် ယားယံသော အရေပြားနေရာများကို စမ်းသပ်စစ်ဆေးခြင်းများဖြင့် ဝဲယားနာရောဂါကိုအလွယ်တကူ သိရှိနိုင်သည်။
- ရောဂါရာဇဝင်
 ညဘက်တွင် အလွန်ယားယံခြင်းနှင့် ရောဂါရှိသူနှင့် ထိတွေ့ခဲ့ခြင်း ရှိမရှိ မေးမြန်းခြင်း
- စစ်ဆေးခြင်း
 အရေပြားပေါ်ရှိ အဖုအပိန့်များ၊ အရည်ကြည်ဖုများ သို့မဟုတ် ဝဲပိုးကောင်များ၏ တွင်းခေါင်းများ (burrows) ကို ရှာဖွေစစ်ဆေးခြင်း
- အရေပြားနမူနာယူ၍ စစ်ဆေးခြင်း (Skin scraping)
 အချို့အခြေအနေများတွင် ယားယံခြင်းဖြစ်နေသောနေရာမှ အရေပြားအသားစ နမူနာယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် ဝဲပိုးကောင် သို့မဟုတ် ၎င်း၏ ဥများကို ရှာဖွေခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်သည်။
- အရေပြားကြည့်မှန်ဘီလူး (Dermoscopy)
 မျက်စိဖြင့် တိုက်ရိုက်ကြည့်ရှုခြင်းထက် Dermoscope ဟုခေါ်သော မှန်ဘီလူးအသေးစားကို အသုံးပြု၍ အရေပြားကို ချဲ့ကြည့်ခြင်းဖြင့် ဝဲပိုးကောင်များနှင့် ၎င်းတို့တူးထားသော တွင်းခေါင်းများကို ပိုမိုလွယ်ကူတိကျစွာ ရှာဖွေနိုင်လာသည်။ ၎င်းသည် ရောဂါကို ပိုမိုမြန်ဆန်စွာ အတည်ပြုနိုင်စေသည်။
- ပိုမိုအဆင့်မြင့်သော နည်းပညာများ
 သုတေသနများတွင် confocal microscopy ကဲ့သို့သော အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာများကို အသုံးပြု၍ အရေပြားအတွင်းရှိ ဝဲပိုးများကို အသားစမယူဘဲ တိုက်ရိုက်မြင်နိုင်ရန် ကြိုးစားနေသည်။
ကုသခြင်း
ဝဲယားနာအတွက် ထိရောက်သော ကုသမှုမှာ အရေပြားလိမ်းဆေးနှင့် သောက်ဆေးများဖြစ်သည်။
- အရေပြားလိမ်းဆေးများ
 Permethrin cream, Benzyl benzoate lotion သို့မဟုတ် Sulfur ointment ကဲ့သို့သော လိမ်းဆေးများကို ဆေးဘူးပါ ညွှန်ကြားချက်အတိုင်း အသုံးပြုရသည်။- ဆေးကို လည်ပင်းမှစ၍ ခြေဖျားအထိ ခန္ဓာကိုယ်တစ်ခုလုံး လိမ်းပေးရန် လိုအပ်ပြီး အနည်းဆုံး ၈နာရီ မှ ၁၄နာရီကြာအောင် ထားရမည်၊ အများအားဖြင့် ညဘက်အိပ်ရာမဝင်မီ လိမ်းပြီး မနက်မိုးလင်းမှ ရေဆေးချခြင်း ပြုလုပ်နိုင်သည်
- ကလေးငယ်များ (အထူးသဖြင့် တစ်နှစ်အောက်ကလေးများ) တွင် မျက်နှာနှင့် ဦးခေါင်းကိုပါ လိမ်းပေးရန် လိုအပ်သည်
- ၇ ရက် မှ ၁၀ရက်အကြာတွင် နောက်တစ်ကြိမ် ထပ်မံဆေးလိမ်း၍ ကုသရန် လိုအပ်သည်
 
- သောက်ဆေးများ
- Ivermectin သောက်ဆေး
 လိမ်းဆေးများအပြင် Ivermectin ဟုခေါ်သော သောက်ဆေးကိုလည်း ထိရောက်စွာ အသုံးပြုလာသည်။ ၎င်းသည် ပြင်းထန်သောဝဲယားနာအမျိုးအစားများ (ဥပမာ – crusted scabies) နှင့် လူအများစုပေါင်းနေထိုင်ရာ နေရာများတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက် ပိုမိုအဆင်ပြေစေသည်။ ကလေးများအတွက်လည်း သင့်လျော်သောဆေးပမာဏဖြင့် ပေးနိုင်သည်။
- အယားသက်သာစေသော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines)
 ဝဲပိုးသတ်ဆေးများသည် ပိုးကိုသေစေသော်လည်း ယားယံခြင်းသည် ရက်သတ္တပတ် အတော်အတန်ကြာအောင် ကျန်ရှိနေနိုင်သည်။ ယားယံမှုသက်သာစေရန် Antihistamines ဆေးများကို သောက်သုံးနိုင်သည်။
- ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
 ကုတ်ခြစ်မိခြင်းကြောင့် ဘက်တီးရီးယားပိုး ထပ်လောင်းကူးစက်နေသည်ဟု ယူဆပါက ပဋိဇီဝပိုးသတ်ဆေးကို ပေးနိုင်သည်။
 
- Ivermectin သောက်ဆေး
- အိမ်ထောင်စုတစ်စုလုံး တစ်ပြိုင်နက်တည်း ကုသခြင်း
- ဝဲပိုးများ အမြစ်ပြတ်ရှင်းရန်အတွက် အိမ်ရှိအတူနေမိသားစုဝင်အားလုံးနှင့် တစ်လအတွင်း အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့ဖူးသူအားလုံးကို တစ်ပြိုင်နက်တည်း ကုသမှုခံယူရန် လိုအပ်သည်။
 
ဆေးလိမ်းပြီးနောက် (၄) ပတ်ကျော်ကြာသည်အထိ ယားယံနေလျှင်၊ အရေပြားအကွက်အသစ်များ ထပ်ထွက်လျှင် ဆရာဝန်နှင့် ပြန်လည်ပြသသင့်သည်။
ကာကွယ်ခြင်း
ဤကပ်ပါးပိုးသည် လူ၏ခန္ဓာကိုယ်ပြင်ပတွင် (၇၂) နာရီထက် ပို၍မရှင်သန်နိုင်ပေ။ ဝဲပိုးကူးစက်ပျံ့နှံ့ခြင်းကို တားဆီးရန် အောက်ပါအချက်များကို လိုက်နာရန် အရေးကြီးသည်။
- ပိုးသတ်ခြင်း
 ဝဲပိုးကူးစက်နိုင်သည့် အဝတ်အစားများ၊ အိပ်ရာခင်းများ၊ စောင်များနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို အနည်းဆုံး အပူချိန် (၆၀) ဒီဂရီစင်တီဂရိတ် ရှိသော ရေပူဖြင့် ဆပ်ပြာသုံး၍ လျှော်ဖွပ်ပြီး အပူပေးစက်ဖြင့် အခြောက်ခံသင့်သည်။
- ပစ္စည်းများ သီးသန့်ခွဲထားခြင်း
 လျှော်ဖွပ်၍မရသော အသုံးအဆောင်ပစ္စည်းများကို လေလုံသည့် ပလပ်စတစ်အိတ်ထဲတွင် ၃ရက် မှ ၁ပတ်ခန့် ထည့်ထားခြင်းဖြင့် ဝဲပိုးများကို သေစေနိုင်သည်။
- သန့်ရှင်းရေးပြုလုပ်ခြင်း
 နေအိမ်ပတ်ဝန်းကျင်တစ်ခုလုံးကို ဝဲပိုးများ မကျန်ရှိအောင် သေချာစွာ သန့်ရှင်းရေးပြုလုပ်ပါ။
- အနီးကပ်ထိတွေ့မှု ရှောင်ကြဉ်ခြင်း
 ကုသမှု မပြီးမချင်း ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုများကို ရှောင်ကြဉ်ပြီး အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုလုပ်သင့်ပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝဲယားနာရောဂါကို “လျစ်လျူရှုထားသော အပူပိုင်းဒေသရောဂါများ” စာရင်းတွင် ထည့်သွင်းသတ်မှတ်ပြီး ဝဲရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွါးသည့်နေရာများတွင် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ရန်အတွက် “လူထုအတွင်း တစ်ပြိုင်နက်တည်း သောက်ဆေး သို့မဟုတ် လိမ်းဆေးများဖြင့် ကုသပေးသည့် မဟာဗျူဟာ” (Mass Drug Administration – MDA) ကို အသုံးပြုလာသည်။
References:
- Centers for Disease Control and Prevention. (n.d.). Treatment of scabies. Retrieved July 26, 2025, from https://www.cdc.gov/scabies/treatment/index.html
- NHS. (n.d.). Scabies. Retrieved July 26, 2025, from https://www.nhs.uk/conditions/scabies/
- Mayo Clinic. (n.d.). Scabies: Symptoms & causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/scabies/symptoms-causes/syc-20377378
- National Institute for Health and Care Excellence (NICE). (n.d.). Scabies. Retrieved July 26, 2025, from https://cks.nice.org.uk/topics/scabies
- Malaysian Paediatric Association. (2019). Paediatric protocols for Malaysian hospitals (4th ed., 2nd print).
- Engelman, D., Cantey, P. T., Marks, M., Solomon, A. W., Chang, A. Y., Chosidow, O., Enbiale, W., Engelman, H., Hendrickx, D., Lammie, P., Mason, D. S., Martin, D. L., McCarthy, J. S., Romani, L., Sokana, O., Whitfeld, M. J., & Hay, R. J. (2019). The public health importance of scabies. The Lancet, 394(10193), 81–89. https://doi.org/10.1016/S0140-6736(19)31135-6
- Hengge, U. R., Currie, B. J., Jäger, G., Lupi, O., & Schwartz, R. A. (2006). Scabies: A dermatological problem of the tropics. International Journal of Dermatology, 45(3), 199–203. https://doi.org/10.1111/j.1365-4632.2004.02418.x
- Pannell, R. S., Fleming, D. M., & Jones, A. T. (2021). Advances in the diagnosis and management of scabies. British Journal of Dermatology, 185(5), 915–924. https://doi.org/10.1111/bjd.20625
- World Health Organization. (2020). WHO report on scabies. World Health Organization.
Published: 30 August 2024
Last updated: 22 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ်  တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
![Scabies in children [ဝဲယားနာ (ကလေး)]](https://www.cllhealth.com/wp-content/uploads/2024/08/MG_0578-2-1920x1280.jpg)