Zika virus disease (ဇီကာအဖျားရောဂါ)

Zika virus disease (ဇီကာအဖျားရောဂါ)

ဇီကာအဖျားရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ကူးစက်ခံရသူအများစုတွင် ရောဂါလက္ခဏာမပြဘဲ ဇီကာဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားနိုင်ကြသည်။ ကိုယ်ဝန်ရှိသူတစ်ဦး ကူးစက်ခံရပါက ဇီကာဗိုင်းရပ်စ်ပိုးသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။

ဇီကာအဖျားရောဂါကို တောင်အမေရိကတိုက်၊ လက်တင်အမေရိကနှင့် အမေရိကတိုက် အလယ်ပိုင်းဒေသများ၊ ကာရေဘီယံကျွန်းစုဒေသများနှင့် ပစိဖိတ်ကျွန်းများတွင် အများဆုံးတွေ့ရှိရသည်။ ထိုဒေသများမှတစ်ဆင့်၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခရီးသွားလာမှုများမှတစ်ဆင့် ကူးစက်ပျံနှံ့နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ဇီကာဗိုင်းရပ်စ်ပိုး (Zika virus)ကြောင့် ဖြစ်ပွါးသည်။ အဖျားရောဂါ ကူးစက်နိုင်သော နည်းလမ်း (၄) ခုရှိသည်။

  1. ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရခြင်း
    ဇီကာအဖျားရောဂါ ဖြစ်စေသော ဇီကာဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားသည့် အေးဒီးစ် ခြင်ကျားမျိုးစိတ် (Aedes aegypti, Aedes albopictus) အကိုက်ခံရခြင်းကြောင့် ရောဂါဖြစ်ပွါးရခြင်းဖြစ်သည်။
  2. ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ခြင်း
    ကိုယ်ဝန်ရှိနေချိန်တွင် ဇီကာဗိုင်းရပ်စ်ပိုးရှိနေပါက မိခင်၏ အချင်းမှတစ်ဆင့် သန္ဓေသားသို့ ကူးစက်နိုင်သည်။
  3. လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း
    ဇီကာဗိုင်းရပ်စ်ပိုးသည် ရောဂါကူးစက်ခံရပြီးနောက် ရက်သတ္တပတ်မှ လပေါင်းများစွာအထိ သုက်ရည်ကဲ့သို့ ခန္ဓာကိုယ်အရည်များအတွင်း၌ ရှိနေနိုင်သည်။ ပါးစပ်၊ စအို (သို့မဟုတ်) မိန်းမအင်္ဂါစသည့် မည်သည့်နည်းနှင့်မဆို လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်သည်။
  4. သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်း
    ဇီကာဗိုင်းရပ်စ်ပိုးရှိသော လူနာ၏သွေးကို သွင်းမိလျှင် ရောဂါကူးစက်ခံရနိုင်သည်။
ရောဂါလက္ခဏာများ

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသောလူများတွင် အနည်းငယ်သာ လက္ခဏာပြတတ်ပြီး ဇီကာဗိုင်းရပ်စ်ပိုးရှိသော ခြင်ကိုက်ခံရပြီးနောက် (၂)ရက် မှ (၇)ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသလေ့ရှိသည်။

ဇီကာအဖျားရောဂါ၏ အဖြစ်များဆုံး ရောဂါလက္ခဏာများမှာ_

  • ဖျားခြင်း၊ ကိုယ်ပူခြင်း
  • အဖုအပိမ့်များ ထွက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အဆစ်များ နာကျင်ရောင်ရမ်းခြင်း
  • မျက်လုံးနီခြင်း၊ နာခြင်း စသည်တို့ဖြစ်သည်။
Zika virus image1
နောက်ဆက်တွဲပြဿနာများ

လူအများစုသည် (၇)ရက်မှ (၁၀)ရက်အတွင်း ပြန်လည်ကောင်းမွန်လာကြလေ့ရှိသည်။ သို့သော်လည်း အချို့သော လူနာများတွင်မူ ရောဂါလက္ခဏာများ ပိုဆိုးလာပြီး ရောဂါပြင်းထန်လာတတ်သည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက သန္ဓေသားဖွံဖြိုးမှုကို ထိခိုက်စေသောကြောင့် မွေးဖွားလာသော ကလေးငယ်များတွင်_

  1. ပုံမှန်ကလေးများထက် ဦးခေါင်းသေးခြင်း (Microcephaly)
  2. အခြားမွေးရာပါချို့ယွင်းမှုများ ဖြစ်ပွါးခြင်း
  3. မွေးရာပါ ဇီကာရောဂါစု (Congenital Zika syndrome)
    • ခေါင်းအရွယ်အစားအလွန်သေးခြင်း
    • ဦးခေါင်းခွံ ချိုင့်ဝင်နေခြင်း
    • ဦးနှောက်ပမာဏနည်းခြင်း
    • မျက်လုံးဖွံဖြိုးမှု ထိခိုက်ခြင်း
    • အရိုးအဆစ်များ မဖွံဖြိုးခြင်း
    • ကြွက်သားတောင့်တင်းခြင်း စသည့်လက္ခဏာများ ပါဝင်သည်
  4. ဦးနှောက်ဖွံဖြိုးမှုထိခိုက်ခြင်း _ ကျောရိုးပြဿနာ၊ ဦး‌နှောက်အတွန့်အခေါက်များ မပါရှိခြင်း၊ ဦးနှောက်အတွင်း အရည်စုခြင်း၊ ဦးနှောက်ကျုံ့ ခြင်း၊ ဦး‌နှောက်အချို့ အစိတ်အပိုင်းများ မပါရှိခြင်း
  5. စီပီရောဂါ (Cerebral palsy) ဖြစ်ခြင်း
  6. အမြင်အာရုံ၊ အကြားအာရုံဆိုင်ရာ ပြဿနာများရှိခြင်း
  7. ပေါင်မပြည့်ကလေးများ မွေးဖွားနိုင်ခြင်းစသော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။

လူကြီးလူနာများတွင် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်မှုသည် ကျောရိုးအာရုံကြောမကြီး ရောင်ရမ်းခြင်း (myelitis)၊ ကိုယ်ခံအားမူမမှန်ခြင်းကြောင့်ဖြစ်သော အာရုံကြောရောင်ရောဂါ (Guillain-Barré syndrome)၊ အခြားအာရုံကြောရောဂါများနှင့်လည်း ရှားရှားပါးပါး ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

Zvd img2
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိသည် ဇီကာဗိုင်းရပ်စ်ပိုး ဖြစ်ပွါးလေ့ရှိသည့် နိုင်ငံ၊ ဒေသများသို့ မကြာသေးမီက ခရီးထွက်ခဲ့ပြီး_

  • ကိုယ်ပူ၊ ဖျားနာ၊ နေမကောင်းဖြစ်ခြင်း
  • ခြေလက်များ ထုံကျဥ်ခြင်း
  • ခြေလက်များတွင် အပ်နှင့်ထိုးသကဲ့သို့ စူးခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • ခြေလက်များ နာကျင်ခြင်း
  • မိမိ (သို့မဟုတ်) မိမိ၏ အိမ်ထောင်ဘက် ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် လပိုင်းအတွင်း ကိုယ်ဝန်ရှိနိုင်ခြင်း၊ ကလေးယူရန် အစီအစဉ်ရှိခြင်း စသည်တို့ရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဇီကာဗိုင်းရပ်စ်ပိုးသည် များသောအားဖြင့် ရောဂါရှိသူ၏ သွေးထဲတွင် တစ်ပတ်ခန့် ရှိနေတတ်သည်။ ဆရာဝန်မှ လိုအပ်သော ဆေးဘက်ဆိုင်ရာနှင့် ခရီးသွားရာဇဝင်အကြောင်း မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။ ဇီကာအဖျားရောဂါ ရှိမရှိ ဆုံးဖြတ်ရန်အတွက် သွေး (သို့မဟုတ်) ဆီးစစ်ဆေးမှုများကို ဆရာဝန်မှ ညွှန်ကြားနိုင်သည်။

ကုသခြင်း

ဇီကာဗိုင်းရပ်စ်အတွက် သီးသန့်ကုသနည်းများ မရှိပါ။ ရောဂါလက္ခဏာများရှိပါက_

  • အနားယူပါ
  • အရည်များများသောက်ပါ
  • ဖျားနာကိုက်ခဲပါက ပါရာစီတမော (Paracetamol) သောက်ပါ

အကယ်၍ မိမိသည် ကိုယ်ဝန်ရှိနေပြီး ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက မိမိကိုယ်ဝန်သန္ဓေသား၏ ကြီးထွားမှုကို အာထရာဆောင်းဖြင့် ပုံမှန်စစ်ဆေးပေးနိုင်သည်။ ရောဂါအခြေအနေအပေါ် မူတည်၍ နောက်ထပ်စောင့်ကြည့်ကုသမှုများ လိုအပ်ပါက ကူးစက်ရောဂါ အထူးကုဆရာဝန်ထံသို့လည်း လွှဲပို့ပေးနိုင်သည်။

ကာကွယ်ခြင်း

ဇီကာအဖျားရောဂါကို အကောင်းဆုံး ကာကွယ်သောနည်းလမ်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းဖြစ်သည်။

  • ထို့ကြောင့် မိမိနေထိုင်ရာ နေအိမ်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှု မရှိစေရန် သတိပြုဆောင်ရွက်ရမည်
  • ခြင်ပြေးလိမ်းဆေး (Mosquito repellent)များ လူးပေးနိုင်သည်
  • ကလေးသူငယ်များ ခြင်ကိုက်ခံရမှု မရှိစေရန် အိပ်သည့်အခါတိုင်း နေ့ညမရွေး ခြင်ထောင်ဖြင့်သိပ်ခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်။

ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သောကြောင့်

  • ကိုယ်ဝန်ရှိနေပါက ဇီကာအဖျားရောဂါ ဖြစ်ပွါးထားသောဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်သည်
  • အိမ်ထောင်သည် အမျိုးသမီးများ၊ ကလေးယူရန် ပြင်ဆင်နေသည့် အမျိုးသမီးများအနေဖြင့် ဇီကာအဖျားရောဂါ ဖြစ်ပွါးထားသောဒေသသို့ ခရီးသွားဖူးလျှင် ရောဂါကူးစက်ခံရနိုင်ခြေရှိသည့်အတွက် မိခင်မှ ကလေးထံသို့ ကူးစက်မှု မရှိစေရန် ကိုယ်ဝန်မယူသေးဘဲ (၂) လ စောင့်ဆိုင်းရမည်ဖြစ်သည်

အမျိုးသားများအနေဖြင့် ဇီကာအဖျားရောဂါ ဖြစ်ပွါးထားသောဒေသသို့ ခရီးသွားဖူးလျှင် မိမိအိမ်ထောင်ဘက်ထံသို့ ရောဂါကူးစက်နိုင်ခြေ လျော့ချရန်

  • အချိန်ကာလ (၃)လ လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်း (သို့မဟုတ်) ကွန်ဒုံးအကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်း ပြုလုပ်သင့်သည်
  • မိမိအိမ်ထောင်ဘက်တွင် ကိုယ်ဝန်ရှိနေပါက ကလေးမွေးဖွားပြီးသည့်အချိန်အထိ လိင်ဆက်ဆံမှုရှောင်ကြဉ်ခြင်း သို့မဟုတ် ကွန်ဒုံးအကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်းများ ပြုလုပ်သင့်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). About Zika virus. U.S. Department of Health & Human Services. Retrieved June 20, 2025, from https://www.cdc.gov/zika/about/index.html
  2. Centers for Disease Control and Prevention. (n.d.). Zika virus: Symptoms, diagnosis, & treatment. U.S. Department of Health & Human Services. Retrieved June 20, 2025, from https://www.cdc.gov/zika/signs-symptoms/index.html
  3. Centers for Disease Control and Prevention. (n.d.). Zika virus: Prevention. U.S. Department of Health & Human Services. Retrieved June 20, 2025, from https://www.cdc.gov/zika/prevention/index.html
  4. Cleveland Clinic. (n.d.). Zika virus. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/16077-zika-virus
  5. Mayo Clinic Health System. (2022). Pregnant women and Zika virus. Retrieved June 20, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/pregnant-women-and-zika-virus
  6. Mayo Clinic. (n.d.). Zika virus: Timeline of outbreaks and vaccine development. Retrieved June 20, 2025, from https://www.mayoclinic.org/diseases-conditions/history-disease-outbreaks-vaccine-timeline/zika-virus
  7. Mayo Clinic News Network. (2016). Zika virus: What you need to know. Retrieved June 20, 2025, from https://newsnetwork.mayoclinic.org/discussion/zika-virus-what-you-need-to-know/
  8. National Health Service. (n.d.). Zika virus. Retrieved June 20, 2025, from https://www.nhs.uk/conditions/zika/
  9. World Health Organization. (2023). Zika virus. Retrieved June 20, 2025, from https://www.who.int/news-room/fact-sheets/detail/zika-virus

Published: 30 August 2024

Last updated: 3 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.