Pityriasis Roseaသည် ဘဲဥပုံသဏ္ဌာန်ရှိသော ပန်းရောင် အရေပြားအကွက်ဖြစ်သည်။ မျက်နှာ၊ ရင်ဘတ်၊ ကျောနှင့် ဝမ်းဗိုက်များတွင် ပို၍တွေ့ရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ် ရသော အကြောင်းရင်းကို အတိအကျ မသိသေးသော်လည်း ရေယုန်ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးအချို့ကြောင့် ဖြစ်တတ်သည်။ ယေဘုယျအားဖြင့် မကူးစက်ပါ။
ရောဂါလက္ခဏာများ
Pityriasis roseaတွင် ရှေးဦးစွာ ပေါ်လာသောအကွက်ကို Herald Patchဟုခေါ်သည်။ (၄)လက်မခန့် အရွယ်အစားရှိသော၊ ဖောင်းကြွ၍ ဘဲဥပုံရှိသော အကြေးခွံကဲ့သို့ ဖြစ်နေသည့် ပန်းရောင် အရေပြားအကွက်ဖြစ်သည်။ ထိုအကွက်မဖြစ်မီ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဖျားခြင်းနှင့် လည်ချောင်းနာခြင်းများ ဖြစ်တတ်သည်။ ထို့နောက် အကွက်ငယ်များစွာပေါ်လာပြီး ထင်းရှူးပင် အကိုင်းအခက်များကဲ့သို့ ပုံစံဖြစ်ပေါ် သည်။ ထိုအရေပြားအကွက်များသည် ယားယံတတ်သည်။ ရက်သတ္တပတ် (၆)ပတ် မှ (၈) ပတ်အကြာတွင် ပျောက်ကင်းတတ်သည်။
ဖြစ်နိုင်ခြေများသောအခြေနေများ
- အသက် (၁၀) မှ (၃၅) နှစ်ကြား
- အမျိုးသမီးများ
- ကိုယ်ဝန်ဆောင်များ
- စိတ်ဖိစီးမှုများသူများ
နောက်ဆက်တွဲပြဿနာများ
- အလွန်ယားယံခြင်း
- အရောင်ဖျော့ သို့မဟုတ် အရောင်ရင့်သော အကွက်များ ယာယီဖြစ်တတ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အကယ်၍ အကွက်များ ပို၍များပြားလာလျှင်၊ အချိန် (၃)လကျော်သည်ထိ မသက်သာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ အရေပြားအကွက်ကို စမ်းသပ်စစ်ဆေးခြင်းများဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက ဖြစ်ပေါ် သည့်နေရာမှ အရေပြားကိုခြစ်ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ပြီး ရောဂါ ရှာဖွေနိုင်သည်။
ကုသခြင်း
- ယားယံမှုကို သက်သာစေသော ဆေးများ (ဥပမာ _ Antihistamine)
- ကာလမင်း (calamine)၊ ဇင့် ပါသော လိမ်းဆေး ခရင်မ်များ
- စတီးရွိုက် လိမ်းဆေး ခရင်မ်များ
- စတီးရွိုက် သောက်ဆေးများ
- ဗိုင်းရပ်စ်သတ်ဆေးများ (ဥပမာ_Acyclovir)
- ခရမ်းလွန်ရောင်ခြည်ကုထုံး (UVB Phototherapy) စသည့် ကုသမှုများကို သက်ဆိုင်ရာ ဆရာဝန်များက ညွှန်ကြားကုသနိုင်သည်။
ကာကွယ်ခြင်း
- နေလောင်ခံ ခရင်မ်များလိမ်းခြင်း
- အစိုဓါတ်ပါသော ခရင်မ်များလိမ်းခြင်း
- ရှားစောင်းလက်ပပ်ဆီ၊ အုန်းဆီ၊ Tea tree အဆီများလိမ်းခြင်း စသည့်တို့ဖြင့် ကာကွယ်နိုင်သည်။
References:
- Pityriasis rosea – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 29, 2024, from https://www.mayoclinic.org/diseases-conditions/pityriasis-rosea/diagnosis-treatment/drc-20376410
- DermNet. (2023). Pityriasis rosea. DermNet®. Retrieved June 29, 2024, from https://dermnetnz.org/topics/pityriasis-rosea
- Pityriasis Rosea. (2024). Johns Hopkins Medicine. Retrieved June 29, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/pityriasis-rosea
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.