ပီရိုစီရာ ယားနာ (Pityriasis rosea) သည် အန္တရာယ်မရှိသော အရေပြားယားနာတစ်မျိုးဖြစ်ပြီး အများအားဖြင့် သူ့အလိုလို သက်သာပျောက်ကင်းလေ့ရှိသည်။ ဤရောဂါသည် အများစုမှာ နာတာရှည်မဖြစ်ဘဲ ယာယီသာ ဖြစ်ပွားသည်။ ရောဂါစတင်ချိန်တွင် ခန္ဓာကိုယ်ပေါ်၌ အကွက်ကြီးတစ်ကွက် ဦးစွာပေါ်ပေါက်ပြီးနောက် အချိန်တိုအတွင်းတွင် အခြားနေရာများသို့ အကွက်ငယ်များအဖြစ် ဆက်လက်ပျံ့နှံ့သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Pityriasis rosea ဖြစ်ပေါ်ရခြင်း၏ တိကျသော အကြောင်းရင်းကို မသိရှိရသေးပေ။ သို့သော်လည်း ရေယုန်ဗိုင်းရပ်စ် (Herpesviruses) အမျိုးအစားဖြစ်သော HHV-6 နှင့် HHV-7 တို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြသည်။ ဤရောဂါသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်း လုံးဝမရှိပေ။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- အသက် (၁၀) မှ (၃၅) နှစ်ကြား
- အမျိုးသမီးများ
- ကိုယ်ဝန်ဆောင်များ
- စိတ်ဖိစီးမှုများသူများ
ရောဂါလက္ခဏာများ
ဤရောဂါ၏ လက္ခဏာများသည် အဆင့်နှစ်ဆင့်ဖြင့် ဖြစ်ပေါ်လေ့ရှိသည်။
- ပထမဆုံးအကွက် (Herald Patch) ထွက်ပေါ်ခြင်း
- ပထမဆုံးအနေဖြင့် ခန္ဓာကိုယ်၏ ရင်ဘတ်၊ ဝမ်းဗိုက် သို့မဟုတ် ကျောဘက်တွင် တစ်ခုတည်းသော အကွက်ကြီးတစ်ကွက် စတင်ဖြစ်ပေါ်သည်
- ၎င်းအကွက်သည် ဘဲဥပုံစံရှိပြီး နီညိုရောင် သို့မဟုတ် ပန်းရောင်ရှိသည်၊ အလယ်ဗဟိုတွင် အနည်းငယ်ကြမ်းတမ်းသော အရေခွံများ ပါဝင်သည်၊ ဤအကွက်ကို ”Herald Patch” ဟု ခေါ်ကြသည်
- အချို့သူများတွင် ထိုအကွက်မဖြစ်မီ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် ဖျားခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်
- အကွက်ငယ်များ ပျံ့နှံ့လာခြင်း
- ပထမဆုံးအကွက်ပေါ်ပြီး (၁)ရက် မှ (၂)ပတ်ခန့်အတွင်း ခန္ဓာကိုယ်တွင် အကွက်ငယ်လေးများ ထပ်မံဖြစ်ပေါ်လာသည်
- ဤအကွက်ငယ်များသည် သေးငယ်ပြီး ဘဲဥပုံစံရှိသည်
- အထူးသဖြင့် ကျောဘက်တွင် အကွက်များသည် ကျောရိုးတစ်လျှောက် ထင်းရှူးပင် အကိုင်းအခက်များ ဖြာထွက်ကဲ့သို့ Christmas tree pattern တွေ့ရှိနိုင်သည်
- ထိုအရေပြားအကွက်များသည် ယားယံတတ်သည်
- ရက်သတ္တပတ် (၆)ပတ် မှ (၁၀)ပတ်အကြာတွင် ပျောက်ကင်းတတ်သည်

နောက်ဆက်တွဲပြဿနာများ
Pityriasis rosea သည် အန္တရာယ်မရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိသလောက်ရှားပါးသည်။ သို့သော် အချို့သောအခြေအနေများတွင် အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- အမည်းစက်များ ကျန်ရှိခြင်း
အသားအရေညိုမည်းသူများတွင် အကွက်များ ပျောက်ကင်းသွားပြီးနောက် ထိုနေရာများတွင် အမည်းစက်များ ကျန်ရှိနေနိုင်သည်။ ဤအစက်အပြောက်များသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားတတ်သည်။ - ပြင်းထန်စွာ ယားယံခြင်း
အချို့သော လူနာများတွင် အကွက်များသည် အနည်းငယ် ယားယံတတ်သော်လည်း အချို့တွင်မူ အိပ်ရေးပျက်သည်အထိ ပြင်းထန်စွာ ယားယံနိုင်သည်။ - စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
ရောဂါသည် အချိန်ကြာမြင့်စွာ ဖြစ်ပွားတတ်ပြီး အမြင်မလှသော အရေပြားအကွက်များကြောင့် လူမှုဆက်ဆံရေးနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ် သက်ရောက်မှုများ ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အကယ်၍ အကွက်များ ပို၍များပြားလာလျှင် သို့မဟုတ် အချိန် (၃) လကျော်သည်ထိ မသက်သာပါက မိမိ၏မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါ၏ လက္ခဏာရပ်များနှင့် အရေပြားအကွက်များ၏ ပုံသဏ္ဌာန်၊ ပြန့်ပွားနေပုံတို့ကို အခြေခံ၍ ရောဂါရှာဖွေ အတည်ပြုသည်။ အခြားရောဂါများကို သံသယရှိပါက အရေပြားအသားစယူ၍ စစ်ဆေးခြင်း သို့မဟုတ် သွေးစစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
Pityriasis rosea သည် အများအားဖြင့် (၆)ပတ် မှ (၈)ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းသွားသောကြောင့် ကုသမှုခံယူရန် မလိုအပ်ဘဲ စောင့်ကြည့်နိုင်သည်။ သို့သော် အကွက်များကြောင့် ပြင်းထန်စွာ ယားယံခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့ ရှိပါက အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- ယားယံမှုသက်သာစေသော ဆေးဝါးများ
Antihistamine ကဲ့သို့သော ယားယံမှုကို သက်သာစေသည့် သောက်ဆေးများ သို့မဟုတ် Calamine နှင့် Zinc ပါဝင်သော လိမ်းဆေးခရင်မ်များကို အသုံးပြုနိုင်သည်။ - စတီးရွိုက်ဆေးများ
လိမ်းဆေး သို့မဟုတ် သောက်ဆေးအနေဖြင့် အသုံးပြုသော စတီးရွိုက် (Steroid) ဆေးများသည် ရောင်ရမ်းမှုနှင့် ယားယံမှုကို လျင်မြန်စွာ သက်သာစေနိုင်သည်။ - ဗိုင်းရပ်စ်သတ်ဆေးများ
Acyclovir ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးများကို ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ချိန်တွင် အသုံးပြုပါက အကွက်များ ပျောက်ကင်းမည့်အချိန်ကို ပိုမိုတိုတောင်းစေသည်ဟု လေ့လာမှုအချို့တွင် တွေ့ရသည်။ - ခရမ်းလွန်ရောင်ခြည် ကုထုံး (UVB Phototherapy)
ပြင်းထန်သော အခြေအနေများအတွက် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ခရမ်းလွန်ရောင်ခြည်ကုထုံးကို အသုံးပြုနိုင်သည်။ နေရောင်ခြည် အနည်းငယ်ခံခြင်းသည်လည်း အကွက်များ သက်သာစေရန် အထောက်အကူပြုနိုင်သည်။
ကာကွယ်ခြင်း
Pityriasis rosea သည် ကူးစက်တတ်သောရောဂါ မဟုတ်သည့်အပြင် ၎င်းဖြစ်ပွါးရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မသိရှိရသေးသောကြောင့် ကြိုတင်ကာကွယ်ရန် တိကျသောနည်းလမ်း မရှိပါ။ တစ်ကြိမ်ဖြစ်ပွါးဖူးသူသည်လည်း နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
ရောဂါဖြစ်ပွားနေစဥ်အတွင်း လက္ခဏာများကို သက်သာစေရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်။
- နေလောင်ခံခရင်မ် (Sunscreen) လိမ်းခြင်း
- အရေပြားကို အစိုဓာတ်ထိန်းပေးသော ခရင်မ်များ လိမ်းပေးခြင်း
- Oatmeal ပါသောရေဖြင့် ရေချိုးပေးခြင်း
- ရှားစောင်းလက်ပပ်ဆီ၊ အုန်းဆီ သို့မဟုတ် Tea tree အဆီများ လိမ်းခြင်း
- အလွန်ပူသောရေဖြင့် ရေချိုးခြင်းကို ရှောင်ကြဉ်ပြီး ရေနွေးနွေးဖြင့်သာ ရေချိုးပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
References:
- Johns Hopkins Medicine. (n.d.). Pityriasis rosea. Retrieved September 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/pityriasis-rosea
- DermNet NZ. (n.d.). Pityriasis rosea. Retrieved September 26, 2025, from https://dermnetnz.org/topics/pityriasis-rosea
- Mayo Clinic. (n.d.). Pityriasis rosea: Symptoms and causes. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/pityriasis-rosea/symptoms-causes/syc-20376405
Published: 30 August 2024
Last updated: 27 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.