အီဘိုလာရောဂါသည် အီဘိုလာရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်သော ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သည်။ အီဘိုလာဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော ရောင်ရမ်းခြင်းနှင့် တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်တွင်း သွေးခဲစနစ်ကို ထိခိုက်ပျက်စီး၍ သွေးကြောများမှ သွေးများစိမ့်ထွက်လာပြီး ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်း ဖြစ်ပေါ်စေသည့် အဖျားရောဂါတစ်မျိုးဖြစ်သည်။ အီဘိုလာရောဂါဖြစ်ပွါးလျှင် ရောဂါပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားသောကြောင့် ဆေးကုသမှုချက်ချင်းခံယူရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အီဘိုလာဗိုင်းရပ်စ်ပိုးကို (၁၉၇၆) ခုနှစ်တွင် အာဖရိက၌ စတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကပ်ရောဂါများအနေနှင့် ဖြစ်ပွားခဲ့ရာ (၂၀၁၃) ခုနှစ် မှ (၂၀၁၆) ခုနှစ်အတွင်း အကြီးမားဆုံးသော ကပ်ရောဂါအသွင်ဖြစ်ပွားမှုကြီး ဖြစ်ပေါ်ခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ အမျိုးအစား (၆) မျိုးရှိသည့်အနက် (၄) မျိုးသည် လူသားများတွင် ရောဂါဖြစ်ပွားစေနိုင်သည်။ ၄င်းဗိုင်းရပ်စ်မျိုးကွဲ တစ်မျိုးချင်းစီပေါ် မူတည်ပြီး ဖြစ်ပေါ်စေနိုင်သော ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုနှုန်း ကွာခြားနိုင်သည်။
အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိသော တိရိစ္ဆာန်များ (သို့မဟုတ်) လူများ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် ထိတွေ့ခြင်းမှ ကူးစက်ခံရတတ်သည်။ ထိုအရည်များမှာ _ ဆီး၊ မစင်၊ တံတွေး၊ နို့ရည်၊ ချွေး၊ မိန်းမကိုယ်မှ အရည်များ၊ သုက်ရည်များ၊ ရေမွှာရည် စသည်တို့ပါဝင်သည်။ ဗိုင်းရပ်စ်ပိုးရှိနေသော မျက်နှာပြင်များ၊ အရာဝတ္ထုများ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ထိတွေ့ခြင်းမှလည်း အီဘိုလာရောဂါပိုး ကူးစက်နိုင်သည်။ အာဖရိကရှိ သစ်သီးစားလင်းနို့ကြီးများသည် အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုတွင် ပါဝင်နိုင်ဖွယ်ရှိပြီး ပိုးပွါးများရာ လက်ခံကောင် (host) ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
အီဘိုလာရောဂါ သံသယလူနာများကို ပြုစုစောင့်ရှောက်နေစဉ် လုံလောက်သော ကူးစက်မှုကာကွယ်ရေး နည်းလမ်းများ အသုံးမပြုမိသော မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကူးစက်မှုခံရရန် အန္တရာယ်အများဆုံးဖြစ်သည်။ သို့ရာတွင် အီဘိုလာရောဂါသည် လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီးနောက် (၂)ရက် မှ (၂၁)ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လေ့ရှိသည်။ အစောပိုင်းတွင် တုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ကိုယ်လက်ကိုက်ခဲသော လက္ခဏာများကို ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ပြင်းထန်သောလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ အတွေ့ရများသော ရောဂါလက္ခဏာများမှာ_
- အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း
- ပြင်းထန်သော ခေါင်းကိုက်ခြင်း
- အဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်း
- လည်ပင်းနာခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဗိုက်အောင့်ခြင်း
- အစားအသောက်ပျက်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါပိုမိုဆိုးရွားလာသောအခါ ခန္ဓာကိုယ်တွင် သွေးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ ခန္ဓာကိုယ်ပြင်ပဖြစ်သော နား၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့တွင် သွေးထွက်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် အချို့သူများတွင် ချောင်းဆိုးသွေးပါခြင်း၊ သွေးအန်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း၊ အရေပြားပေါ်တွင် အနီကွက်ထွက်ခြင်း၊ သွေးခြေဥခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။ နောက်ပိုင်းတွင် ဦးနှောက်ရောင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း၊ တက်ခြင်း၊ ရှော့ခ်ရခြင်းတို့ ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အီဘိုလာရောဂါဖြစ်ပွားပါက ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma)
- ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (Multi-organ failure)
- ပိုးဆိပ်ပျံနှံ့၍ ရှော့ခ်ရခြင်း (Septic Shock)
- ခန္ဓာကိုယ်တွင် သွေးနှင့်အရည်များ ဆုံးရှုံးခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနှင့် သတ္တုဓာတ်များ မညီမမျှ ဖြစ်ခြင်း (Hypovolemia and electrolyte imbalance)
- ခန္ဓာကိုယ်အနှံ့ သွေးယိုစီးခြင်း (Disseminated Intravascular Coagulation) တို့ဖြစ်ကြသည်။
အီဘိုလာ ရောဂါလက္ခဏာများ သက်သာသွားပြီးသည့်တိုင်အောင် အောက်ဖော်ပြပါ လက္ခဏာများသည် နာတာရှည် နောက်ဆက်တွဲပြဿနာများအနေဖြင့် ဖြစ်ပေါ်နိုင်သည်။
- တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း
- ဦးခေါင်းအာရုံကြော ပြဿနာများ (ဥပမာ _ ချာချာလည်အောင်မူးခြင်း၊ အာရုံကြောအားနည်းခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း)
- အမြင်အာရုံ ပြဿနာများ (ဥပမာ _ အမြင်အာရုံ ဆုံးရှုံးခြင်း၊ အမြင်ဝေဝါးခြင်း၊ မျက်စိနာခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း)
- အရေပြားကွာကျခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဝမ်းဗိုက်နာကျင်ခြင်း
- ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်းတို့ ဖြစ်ကြသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အီဘိုလာ အဖြစ်များသောဒေသသို့ ခရီးထွက်ပြီး (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ပြသလာလျှင်ဖြစ်စေ၊ အီဘိုလာ အဖြစ်များသောဒေသမှ ပြန်လာသူနှင့် ထိတွေ့ပြီး (၂၁) ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသလာလျှင်ဖြစ်စေ ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
မိမိအနေနှင့် အီဘိုလာရောဂါလက္ခဏာများကို သံသယဖြစ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါပိုးကူးစက်ပြီး အချိန်တိုအတွင်း အီဘိုလာရောဂါကို ရှာဖွေဖော်ထုတ်ရန် ခက်ခဲနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်းစသည့် အီဘိုလာရောဂါ၏ အစောပိုင်းလက္ခဏာများသည် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းအတွက် အတိအကျမဟုတ်ဘဲ တုပ်ကွေး၊ ငှက်ဖျားနှင့် တိုက်ဖွိုက်အဖျား ကဲ့သို့သော၊ အခြားအဖြစ်များသောရောဂါများနှင့်လည်း ရောဂါလက္ခဏာ ဆင်တူနေခြင်းကြောင့်ဖြစ်သည်။ ရောဂါရှာဖွေရာတွင် ရောဂါရာဇဝင်များသေချာစွာမေးမြန်းခြင်း (အထူးသဖြင့် လတ်တလော ခရီးထွက်ခြင်း ရှိမရှိ၊ အီဘိုလာရောဂါရှိသော လူ (သို့မဟုတ်) တိရစ္ဆာန်များနှင့် ထိတွေ့မှု ရှိမရှိ) တို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ အီဘိုလာရောဂါဖြစ်နိုင်သည်ဟု သံသယရှိပါက သွေးထဲတွင် ဗိုင်းရပ်စ်ပိုး ရှာဖွေစစ်ဆေးခြင်း (PCR)၊ သွေးထဲတွင် ပဋိပစ္စည်း စစ်ဆေးခြင်း (ELISA) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အီဘိုလာ ရောဂါလက္ခဏာရှိသူများသည် ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။ စောစီးစွာ ပြုစုစောင့်ရှောက် ကုသမှုခံယူခြင်းဖြင့် အီဘိုလာလူနာ၏ အသက်ရှင်ရန် အခွင့်အလမ်းကို တိုးတက်စေသည်။ အခြားလူများကို ကူးစက်ဖျားနာစေနိုင်သောကြောင့် အီဘိုလာရောဂါရှိသူများကို ဆေးရုံများတွင်သာ ကုသသင့်သည်။ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသနိုင်သည်။
- ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန် ရေဓာတ်လုံလောက်အောင်ဖြည့်ပေးခြင်း (သွေးကြောအတွင်း အရည်ဖြည့်ပေးခြင်း)
- လိုအပ်လျှင် အောက်ဆီဂျင်ပေး ကုသခြင်း
- အနာသက်သာသော ဆေးများပေးခြင်း
- သွေးပေါင်ပြန်လည်တက်လာစေရန် ဆေးများဖြင့် ကုသခြင်း
- လိုအပ်လျှင် သွေးသွင်းကုသခြင်း
- ဝမ်းလျှောခြင်း၊ အန်ခြင်းတို့ကိုသက်သာစေရန် ဆေးများပေးခြင်း
- အခြားသော ရောဂါပိုးများကို ကုသခြင်းတိုနှင့် ကုသမှုခံယူရန် လိုအပ်သည်။
ကာကွယ်ခြင်း
မိမိကိုယ်မိမိ ကာကွယ်ရန်နှင့် အီဘိုလာရောဂါပြန့်ပွားမှုကို ကာကွယ်ရန် နည်းလမ်းများစွာရှိသည်။
- အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေသော ဒေသများသို့ သွားလာခြင်းအား ရှောင်ကြဉ်ပါ
- ရောဂါပိုးရှိနေသူများ၏ သွေးနှင့် ခန္ဓာကိုယ်အရည်များ (ဆီး၊ မစင်၊ တံတွေး၊ ချွေး၊ အော့အန်ဖတ်၊ မိခင်နို့၊ ရေမြွှာရည်၊ သုက်ရည်နှင့် မိန်းမအင်္ဂါအရည်များ) နှင့် ထိတွေ့ထားသည့်ပစ္စည်းများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
- အီဘိုလာရောဂါကြောင့် ကွယ်လွန်သူ၏ အလောင်းပြင်ဆင်ခြင်း သို့မဟုတ် သင်္ဂြိုဟ်ခြင်းများ ပြုလုပ်ရာတွင် ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
- သစ်သီးစားလင်းနို့ကြီးများ၊ သစ်တောကြိုးဝိုင်းများမှ မျောက်များနှင့် ချင်ပန်ဇီများ (သို့မဟုတ်) အခြားသော အမည်မသိတိရစ္ဆာန်များမှ ရယူထားသော သွေး၊ အရည် (သို့မဟုတ်) အသားစိမ်းများနှင့် ထိတွေ့ခြင်း၊ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
- အီဘိုလာရောဂါအဖြစ်များသည့် နေရာဒေသများတွင် ရောဂါပိုးကူစက်နိုင်ခြေများသော ကျန်းမာရေးဝန်ထမ်းများနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ သို့မဟုတ် အီဘိုလာကပ်ရောဂါ ဖြစ်နေသော နေရာဒေသသို့သွားမည့်သူများအတွက် လိုအပ်လျှင် အီဘိုလာကာကွယ်ဆေးထိုးနှံ၍ ကာကွယ်နိုင်သည်
References:
- Cleveland Clinic. (n.d.). Ebola virus disease. Cleveland Clinic. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/15606-ebola-virus-disease
- Centers for Disease Control and Prevention. (n.d.-a). About Ebola virus disease. CDC. Retrieved June 20, 2025, from https://www.cdc.gov/vhf/ebola/about.html
- Centers for Disease Control and Prevention. (n.d.-b). Ebola virus disease diagnosis. CDC. Retrieved June 20, 2025, from https://www.cdc.gov/vhf/ebola/diagnosis/index.html
- World Health Organization. (n.d.). Ebola virus disease. WHO. Retrieved June 20, 2025, from https://www.who.int/news-room/fact-sheets/detail/ebola-virus-disease
- Centers for Disease Control and Prevention. (2016). Hospital preparedness for Ebola virus disease in the United States: A survey of frontline healthcare facilities. MMWR Supplements, 65(3), 47–52. https://doi.org/10.15585/mmwr.su6503a11
Published: 30 August 2024
Last updated: 23 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.