အီဘိုလာရောဂါသည် ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသော ရောဂါဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ်မျိုးစု၏ ဗိုင်းရပ်စ်မျိုးစိတ်များစွာသည် သွေးယို၊ သွေးထွက်တတ်သည့် အဖျားရောဂါ အမျိုးအစားကို ဖြစ်စေသည်။ ၎င်းရောဂါကို အာဖရိက၏ ဒေသများတွင် အထူးသဖြင့် တွေ့ရလေ့ရှိသည်။
အီဘိုလာ၏ လက္ခဏာများသည် တုပ်ကွေးကဲ့သို့ စတင်သော်လည်း ပြင်းထန်စွာ အော့အန်ခြင်း၊ သွေးထွက်ခြင်းအပြင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပြဿနာများအထိ ဖြစ်လာနိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် အီဘိုလာလူနာနှင့်ထိတွေ့မိပြီး ရောဂါလက္ခဏာများ တွေ့ရှိနေပါက ဆေးကုသမှုကို ချက်ချင်းရယူသင့်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိသော တိရိစ္ဆာန်များ (သို့မဟုတ်) လူများ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် ထိတွေ့ခြင်းမှ ကူးစက်ခံရတတ်သည်။ ထိုအရည်များမှာ – ဆီး၊ မစင်၊ တံတွေး၊ နို့ရည်၊ မိန်းမကိုယ်မှ အရည်များ ၊ သုက်ရည်များ စသည်တို့ ပါဝင်သည်။ ဗိုင်းရပ်စ်ပိုးရှိနေသော မျက်နှာပြင်များ၊ အရာဝတ္ထုများ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ထိတွေ့ခြင်းမှလည်း အီဘိုလာရောဂါပိုး ကူးစက်နိုင်သည်။ အာဖရိကရှိ သစ်သီးစားလင်းနို့ကြီးများသည် အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုတွင် ပါဝင်နိုင်ဖွယ်ရှိပြီး ပိုးပွါးများရာ လက်ခံကောင် (host) ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
အီဘိုလာရောဂါ သံသယလူနာများကို ပြုစုစောင့်ရှောက်နေစဉ် လုံလောက်သော ကူးစက်မှုကာကွယ်ရေး နည်းလမ်းများ အသုံးမပြုမိသော မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကူးစက်မှုခံရရန် အန္တရာယ်အများဆုံးဖြစ်သည်။ သို့ရာတွင် အီဘိုလာရောဂါသည် လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီးနောက် (၁)ရက် မှ (၂၁)ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လေ့ရှိသည်။
ပထမအဆင့်အနေဖြင့် တုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ကိုယ်လက်ကိုက်ခဲသော လက္ခဏာများကို ပြတတ်သည်။ နောက်ပိုင်းမှ ပြင်းထန်သောလက္ခဏာများ ပေါ်လာသည်။
အဓိကရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အော့အန်ခြင်းနှင့် သွေးယိုစီးထွက်ခြင်းတို့ဖြစ်သည်။ အခြား အဖြစ်များသော အီဘိုလာရောဂါ လက္ခဏာများမှာ –
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ကြွက်သားနာကျင်ခြင်း
- လည်ချောင်းနာခြင်း
- အရေပြားအောက်တွင် သွေးခြည်ဥကွက်များပေါ်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း
- အစားအသောက်ပျက်ခြင်း
- အော့အန်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း (တစ်ခါတရံ သွေးပါတတ်သည်)
- မျက်လုံးနီခြင်း (သို့မဟုတ်) မျက်လုံးများမှ သွေးယိုခြင်း
- ခန္ဓာကိုယ်အနှံ့ သွေးထွက်ခြင်း စသည်တို့ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အီဘိုလာ အဖြစ်များသောဒေသသို့ ခရီးထွက်ပြီး (၂၁)ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသလာလျှင်ဖြစ်စေ၊ အီဘိုလာ အဖြစ်များသောဒေသမှ ပြန်လာသူနှင့် ထိတွေ့ပြီး (၂၁) ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသလာလျှင်ဖြစ်စေ ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
မိမိအနေနှင့် အီဘိုလာရောဂါလက္ခဏာများကို သံသယဖြစ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါပိုးကူးစက်ပြီး အချိန်တိုအတွင်း အီဘိုလာရောဂါကို ရှာဖွေဖော်ထုတ်ရန် ခက်ခဲနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်းစသည့် အီဘိုလာရောဂါ၏ အစောပိုင်းလက္ခဏာများသည် အီဘိုလာဗိုင်းရပ်စ် ပိုးကူးစက်ခြင်းအတွက် အတိအကျမဟုတ်ဘဲ တုပ်ကွေး၊ ငှက်ဖျားနှင့် တိုက်ဖွိုက်အဖျားကဲ့သို့သော၊ အခြားအဖြစ်များသော ရောဂါများနှင့်လည်း ရောဂါလက္ခဏာ ဆင်တူနေခြင်းကြောင့် ဖြစ်သည်။
အီဘိုလာရောဂါ ကူးစက်ခံရခြင်း ရှိမရှိ ဆုံးဖြတ်ရန်အတွက်
- အီဘိုလာရောဂါ၏ လက္ခဏာများ မစတင်မီ (၂၁) ရက်အတွင်း အီဘိုလာဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေရှိသောဒေသသို့ ခရီးထွက်ခြင်း ရှိမရှိ
- အီဘိုလာအဖြစ်များသောဒေသမှ ပြန်လာသူနှင့် ထိတွေ့ခြင်း ရှိမရှိ
- အီဘိုလာရောဂါ သံသယရှိသူ၏ သွေး (သို့မဟုတ်) ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့မိခြင်း ရှိမရှိ
- အီဘိုလာရောဂါဖြင့် ကွယ်လွန်သူ၏ သွေး (သို့မဟုတ်) ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့မိခြင်း ရှိမရှိ
- အီဘိုလာရောဂါမှ ပြန်လည်ကောင်းမွန်လာသည့် အမျိုးသားတစ်ဦး၏ သုက်ရည်နှင့် ထိတွေ့မိခြင်း ရှိမရှိ
- ကူးစက်ခံထားရသည်ဟု သံသယရှိသော လင်းနို့များနှင့် မျောက်ဝံများ (သို့မဟုတ်) မျောက်များနှင့် ထိတွေ့မိခြင်း ရှိမရှိ စသည်တို့ကို သိရှိရန်လိုအပ်သည်။
အကယ်၍ လူတစ်ဦးသည် အီဘိုလာရောဂါ၏ လက္ခဏာများပြသပြီး ထိတွေ့မှုရှိပါက ထိုသူအား အခြားသူများနှင့် သီးခြားခွဲထားသင့်သည်။ အီဘိုလာရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်သဖြင့် သံသယရှိပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနကို အကြောင်းကြားရန် လိုအပ်သည်။
ရောဂါပိုးအတည်ပြုရန် လူနာထံမှ သွေးနမူနာများကို စုဆောင်းပြီး စမ်းသပ်ရသည်။ ရောဂါကူးစက်ပြီး (၃)ရက်ခန့်မှ စတင်၍ သွေးထဲတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိနိုင်သည်။
ကုသခြင်း
အီဘိုလာရောဂါလက္ခဏာရှိသူများသည် ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။ စောစီးစွာ ပြုစုစောင့်ရှောက် ကုသမှုခံယူခြင်းဖြင့် အီဘိုလာလူနာ၏ အသက်ရှင်ရန် အခွင့်အလမ်းကို တိုးတက်စေသည်။ အခြားလူများကို ကူးစက်ဖျားနာစေနိုင်သောကြောင့် အီဘိုလာရောဂါရှိသူများကို ဆေးရုံများတွင်သာ ကုသသင့်သည်။
ကာကွယ်ခြင်း
မိမိကိုယ်မိမိ ကာကွယ်ရန်နှင့် အီဘိုလာရောဂါပြန့်ပွားမှုကို ကာကွယ်ရန် နည်းလမ်းများစွာရှိသည်။
- အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေသော ဒေသများသို့ သွားလာခြင်းအား ရှောင်ကြဉ်ပါ။
- ရောဂါပိုးရှိနေသူများ၏ သွေးနှင့် ခန္ဓာကိုယ်အရည်များ (ဆီး၊ မစင်၊ တံတွေး၊ ချွေး၊ အော့အန်ဖတ်၊ မိခင်နို့၊ ရေမြွှာရည်၊ သုက်ရည်နှင့် မိန်းမအင်္ဂါအရည်များ)၊ ထိုအရည်များနှင့် ထိတွေ့ထားသည့်ပစ္စည်းများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- အီဘိုလာရောဂါကြောင့် ကွယ်လွန်သူ၏ အလောင်းပြင်ဆင်ခြင်း သို့မဟုတ် သင်္ဂြိုဟ်ခြင်းများ ပြုလုပ်ရာတွင် ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- သစ်သီးစားလင်းနို့ကြီးများ၊ သစ်တောကြိုးဝိုင်းများမှ မျောက်များနှင့် ချင်ပန်ဇီများ (သို့မဟုတ်) အခြားသော အမည်မသိတိရစ္ဆာန်များမှ ရယူထားသော သွေး၊ အရည် (သို့မဟုတ်) အသားစိမ်းများနှင့် ထိတွေ့ခြင်း၊ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
အီဘိုလာရောဂါ မျိုးကွဲများအနက်မှ အဖြစ်အများဆုံးဖြစ်သည့် ဇိုင်ယာ (Zaire) အမျိုးအစား အီဘိုလာရောဂါအတွက်သာ ထိရောက်သည့် ကာကွယ်ဆေးရှိသည်။ အခြားအမျိုးအစား အီဘိုလာရောဂါများအတွက် ထိရောက်သည့် ကာကွယ်ဆေး မရှိသေးပါ။ - အီဘိုလာရောဂါကာကွယ်ဆေးကို အသက် (၁၈) နှစ်ပြည့်ပြီးသူများသာ ထိုးနှံသင့်သည်။ အထူးသဖြင့်
- အီဘိုလာရောဂါ ကူးစက်ခြင်းကို ကာကွယ်တားဆီးရန် ဖွဲ့စည်းထားသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့ဝင်များ
- ဓာတ်ခွဲခန်းပညာရှင်များ (သို့မဟုတ်) ဇီဝလုံခြုံမှုအဆင့်(၄) ဓာတ်ခွဲခန်းများတွင် အလုပ်လုပ်နေသော ဝန်ထမ်းများ
- အီဘိုလာ ကုသရေးစင်တာများတွင် အလုပ်လုပ်နေသော ကျန်းမာရေးဝန်ထမ်းများ
- အီဘိုလာရောဂါ ဖြစ်ပွားသောဒေသများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပညာရှင်များ၊ ဝန်ထမ်းများသာ ထိုးနှံသင့်သည်။ သာမန်အရပ်သားများ ထိုးနှံရန် အကြံမပြုထားပါ။
References:
- Ebola Virus Disease. (2024). Cleveland Clinic. Retrieved June 7, 2024, from https://my.clevelandclinic.org/health/diseases/15606-ebola-virus-disease
- Ebola Disease Basics. (2024). Ebola. Retrieved June 7, 2024, from https://www.cdc.gov/ebola/about/index.html
- How Ebola Disease Spreads. (2024). Ebola. Retrieved June 7, 2024, from https://www.cdc.gov/ebola/causes/index.html
- Signs and Symptoms of Ebola Disease. (2024). Ebola.Retrieved June 7, 2024, from https://www.cdc.gov/ebola/signs-symptoms/index.html
- Van Beneden, C. A., Pietz, H., Kirkcaldy, R. D., Koonin, L. M., Uyeki, T. M., Oster, A. M., Levy, D. A., Glover, M., Arduino, M. J., Merlin, T. L., Kuhar, D. T., Kosmos, C., & Bell, B. P. (2016). Early Identification and Prevention of the Spread of Ebola — United States. MMWR Supplements, 65(3), 75–84. Retrieved June 7, 2024, from https://doi.org/10.15585/mmwr.su6503a11
- Ebola Disease Basics. (2024). Ebola. Retrieved June 7, 2024, from https://www.cdc.gov/ebola/about/?CDC_AAref_Val=https://www.cdc.gov/vhf/ebola/diagnosis/index.html#cdc_disease_basics_testing_screening-testing-and-diagnosis
- World Health Organization: WHO & World Health Organization: WHO. (2023). Ebola virus disease. Retrieved June 7, 2024, from https://www.who.int/news-room/fact-sheets/detail/ebola-virus-disease
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.