စီပီရောဂါသည် မြန်မာကလေးများတွင် အတွေ့ရများသော၊ ဖြစ်ပြီးလျှင် ပုံမှန်အတိုင်း ပြန်မကောင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ဖြစ်ပေါ်ရသောအကြောင်းရင်းအချို့ကို ကာကွယ်၍ရနိုင်သော အခြေအနေတစ်ခုလည်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ၏ လှုပ်ရှားမှုကို ဦးနှောက်အစိတ်အပိုင်းများမှ ထိန်းချုပ်ထားသည်။ ရောဂါအခြေအနေတစ်ခုခုကြောင့် ဖွံ့ဖြိုးဆဲဦးနှောက်၏ အစိတ်အပိုင်းများကို ထိခိုက်ခဲ့လျှင် ကိုယ်ခန္ဓာကြွက်သားများ၏ လှုပ်ရှားမှု၊ ခြေလက်များ၏ အနေအထား စသည်တို့ ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း၊ ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) ပိုမိုတောင့်တင်းခြင်း၊ ပုံမမှန်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းတို့ကို တွေ့ရှိရသည်။ ဤအခြေအနေကို CP ရောဂါဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးဦးနှောက်သည် ကိုယ်ဝန်စတင်ရှိစဥ်ကာလမှပင် စတင်ဖွံ့ဖြိုးပြီး၊ မွေးဖွားပြီးနောက် အသက် (၂) နှစ်ခန့်အဓိက ဆက်လက်ကြီးထွားဖွံ့ဖြိုးသည်။ ကလေးတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးနေစဉ်ကာလအတွင်း ဖြစ်ပွါးသည့် ရောဂါအခြေအနေများကြောင့် CP ရောဂါဖြစ်လာရသည်။။
CP ဖြစ်စေသော နောက်ခံရောဂါအခြေအနေများသည်
- ကိုယ်ဝန်ဆောင်စဥ်နှင့် ကလေးမွေးဖွားချိန်တွင် ဖြစ်ပွါးလျှင် _ မွေးရာပါ စီပီရောဂါ (Congenital CP)
- ကလေးအသက် (၂၈) ရက်အကျော်တွင်မှ ဖြစ်ပွါးလျှင် မွေးရာပါမဟုတ်သော စီပီရောဂါ (Acquired CP) ဟု ခွဲခြားသတ်မှတ်နိုင်သည်။
မွေးရာပါ စီပီရောဂါသည် ပိုအဖြစ်များပြီး စီပီရောဂါအားလုံး၏ (၈၅ – ၉၀) ရာခိုင်နှုန်းထိ ရှိသည်။ တစ်ခါတစ်ရံ စီပီရောဂါဖြစ်စေသော အကြောင်းရင်းကို ရှာမတွေ့သည့်အခြေအနေများလည်းရှိသည်။
မွေးရာပါ စီပီရောဂါကိုဖြစ်စေသော အကြောင်းရင်းအချို့မှာ _
- သန္ဓေသားတွင် မွေးရာပါ ဦးနှောက်အစိတ်အပိုင်း ပုံမှန်မဟုတ်ခြင်း
- ကိုယ်ဝန်ဆောင်မိခင်ထံမှ ရောဂါပိုးမွှားများ သန္ဓေသားထံ ကူးစက်ရောက်ရှိခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် သိုင်းရွိုက်ရောဂါနှင့် ကိုယ်ဝန်ဆိပ်တက်သောရောဂါများရှိခြင်း
- ကလေးမီးဖွားစဉ် ခက်ခဲခြင်း၊ မွေးဖွားချိန်ကြာမြင့်ခြင်းကြောင့် ကလေးဦးနှောက် အောက်ဆီဂျင်ရရှိမှု ပြတ်လပ်ခြင်း
- လမစေ့ပေါင်မပြည့်ဘဲ မွေးခြင်း၊ အမွှာကိုယ်ဝန် မွေးခြင်း
- ကလေးတွင် မျိုးဗီဇ ပုံမမှန်မှုများပါရှိခြင်း
- မွေးဖွားနေစဥ် အချိန်ပိုင်းတစ်ဝိုက်တွင် ကလေး၌ ဦးနှောက်သွေးကြောပိတ်ဆို့၍ လေဖြတ်ခြင်း
- မွေးကင်းစကလေး အလွန်အမင်းအသားဝါခြင်း၊ အဝါဓာတ်ကြောင့် ဦးနှောက်ပျက်စီးခြင်း (Kernicterus) တို့ဖြစ်သည်။
မွေးရာပါမဟုတ်သော စီပီရောဂါကိုဖြစ်စေသော အကြောင်းရင်းများတွင်_
- မွေးပြီးနောက်ပိုင်း ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများဖြစ်ခြင်း
- ဦးနှောက်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း
- ဦးနှောက်အတွင်း သွေးယိုခြင်း စသည်တို့ပါဝင်သည်။
အထက်ပါအကြောင်းရင်းများသည် CP ဖြစ်နိုင်သော အကြောင်းတစ်ခုချင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ အကြောင်းရင်းတစ်ခုထက်မက ပါဝင်ပတ်သက်နေတတ်သည်။
ရောဂါလက္ခဏာများ
CP ရောဂါ၏ အဓိကလက္ခဏာများမှာ_
- ကလေးငယ်၏ ပုံမှန်လှုပ်ရှားမှုနှင့် ကိုယ်အနေအထားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ (Motor developmental milestones) အသက်အရွယ်အလိုက် ဖွံ့ဖြိုးခြင်းမရှိဘဲ နောက်ကျခြင်း (ဥပမာ _ ဦးခေါင်းထောင်နိုင်ခြင်း၊ မှောက်နိုင်လှန်နိုင်ခြင်း၊ အထိုင်အထ၊ လမ်းလျှောက်ခြင်းစသည်တို့ နောက်ကျခြင်း)
- ကလေးငယ်၏ ကြွက်သားများ သာမန်ထက် ပိုပျော့ခြင်း (သို့မဟုတ်) ပိုမိုတောင့်တင်းနေခြင်း၊ အကြောဆွဲခြင်း
- ကိုယ်ခန္ဓာ၏ ညာဘက်အခြမ်းနှင့် ဘယ်ဘက်အခြမ်း လှုပ်ရှားမှုမတူခြင်း၊ ကိုယ်ခန္ဓာစည်းချက် မထိန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။
CP အမျိုးအစားများ
CP အမျိုးအစားများကို မျိုးစုံခွဲခြားနိုင်သော်လည်း အဓိကအားဖြင့် ကြွက်သားများ၏ အနေအထားနှင့် ပုံမမှန်လှုပ်ရှားမှုများ ရှိမရှိပေါ်မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- ကြွက်သားတောင့်တင်းသည့် CP (Spastic CP)
အထက်ပါအမျိုးအစားကို ကိုယ်ခန္ဓာအစိတ်အပိုင်းများ သန်စွမ်းမှု ရှိမရှိပေါ် မူတည်ပြီး အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။- Spastic diplegic CP – ခြေနှစ်ဖက်စလုံး သိသိသာသာ ပို၍မသန်သောအမျိုးအစား
- Spastic hemiplegic CP – ကိုယ်တစ်ခြမ်းမသန်သောအမျိုးအစား
- Spastic quadriplegic CP – ခြေလက်လေးဖက်စလုံးမသန်သော အမျိုးအစား
- ပုံမမှန်လှုပ်ရှားမှုများရှိသည့် CP (Dyskinetic CP)
အထက်ပါအမျိုးအစားကို ပုံမမှန်လှုပ်ရှားမှုပေါ်မူတည်ပြီး အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။- Choreoathetoid CP – Chorea, Athetosis စသော ပုံမမှန်အကြောဆွဲခြင်းမျိုးရှိသည့် CP
- Dystonic CP – Dystonia ကြွက်သားတောင့်တင်း အကြောဆွဲခြင်းမျိုးရှိသည့် CP
- Ataxia ဟုခေါ်သော ဒယိမ်းဒယိုင်လှုပ်ရှားမှု ရှိတတ်သည့် CP (Ataxic CP)
- အမျိုးအစား တစ်မျိုးထက်ပို၍ ရှိနေသော CP (Mixed CP)
နောက်ဆက်တွဲပြဿနာများ
- အကြောင်းအမျိုးမျိုးကြောင့် နာကျင်ကိုက်ခဲမှုများ – Chronic pain
- အသိဉာဏ်ဖွံ့ဖြိုးမှု အားနည်းခြင်း- Intellectual disability
- ပတ်ဝန်းကျင်နှင့် ပြောဆိုဆက်သွယ်မှု ပုံမှန်မဟုတ်ခြင်း သို့မဟုတ် နောက်ကျခြင်း – Speech and language disorders
- အမူအကျင့်ဆိုင်ရာ ပြဿနာများ – Behavior disorders
- အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ခြင်း – Visual and hearing impairment
- အတက်ရောဂါ – Epilepsy
- ဆီးမထိန်းနိုင်ခြင်း – Bladder control problems
- အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာများ အထူးသဖြင့် ကျောရိုးနှင့် တင်ပါးဆုံရိုးအဆစ် – skeletal, spine and hip joint problems
- ကောင်းစွာအိပ်မပျော်ခြင်း – Sleep disorder
- သွားရည် အလွန်ကျခြင်း – Drooling
- အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ_အန်ခြင်း၊ ဝမ်းချုပ်ခြင်း – Gastrointestinal problems such as reflux, constipation )
- အစားအသောက် မစားမမျိုနိုင်ခြင်းနှင့် အာဟာရဆိုင်ရာပြဿနာများ – feeding problem and malnutrition
- မကြာခဏ အဆုတ်ရောင်ခြင်း – recurrent chest infections စသည်တို့ဖြစ်သည်။
CP ဖြစ်ကြောင်း ရှာဖွေစစ်ဆေးအတည်ပြုခြင်း
CP ရောဂါဖြစ်ကြောင်းသိရန် သွေးစစ်၊ ဓာတ်မှန်ရိုက်စသည့် စမ်းသပ်စစ်ဆေးခြင်းများမလိုဘဲ လူနာကို ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဦးနှောက်အာရုံကြောလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါသတ်မှတ်နိုင်သည်။
CP ရောဂါဖြစ်ခဲ့သော အကြောင်းရင်းကိုသိရှိရန်နှင့် CP ရောဂါနှင့်တွဲလာသော တခြားရောဂါ အခြေအနေများကို ရှာဖွေရန် သွေးစစ်ခြင်း၊ EEG၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။ နောက်ဆက်တွဲပြဿနာများကို ရှာဖွေရန် အမြင်အာရုံစစ်ဆေးခြင်း၊ အကြားအာရုံစစ်ဆေးခြင်းနှင့် စကားပြောစွမ်းရည်နှင့် ဉာဏ်ရည်စစ်ဆေးခြင်းများကိုပါ တွဲ၍စစ်ဆေးရန် လိုအပ်သည်။
CP ရောဂါနှင့်မှားနိုင်သော ဗီဇဆိုင်ရာနှင့် ခန္ဓာကိုယ် ဇီဝကမ္မဖြစ်ပျက်မှုဆိုင်ရာ ရောဂါများကို လိုအပ်ပါက စမ်းသပ်စစ်ဆေးသည်။
ကုသခြင်း
စီပီကလေးများကို ကုသရာတွင် ကလေး ဦးနှောက်နှင့်အာရုံကြော အထူးကုများသာမက ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေး ကုသမှုပေးသော ပညာရှင်များ၊ အရိုးအထူးကုဆရာဝန်များ၊ အစာအိမ်အူလမ်းကြောင်းဆရာဝန်များ၊ အာဟာရပညာရှင်များ စသည့် ပညာရှင်များအားလုံး အတူပူးပေါင်း၍ ကုသမှုပေးရမည်ဖြစ်သည်။
CP ရောဂါသည် ဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်အောင်ကာကွယ်ရန် ပိုအရေးကြီးသည်။ ဦးနှောက်၏ ဖွံ့ဖြိုးဆဲ အစိတ်အပိုင်းများသည် နုနယ်သောကြောင့် မည်သည့်ဆေးနှင့်မဆို ကုသသော်လည်း လုံးဝ ပြန်မကောင်းနိုင်ပါ။ ဦးနှောက်ကောင်းဆေး၊ ဉာဏ်ကောင်းဆေးဟူ၍မရှိပါ။
သို့သော် ဤသို့ထိခိုက်မှုကြောင့် ဖြစ်လာသော လှုပ်ရှားမှုပြဿနာများ၊ ခြေ၊ လက်၊ ခေါင်း စသည်တို့ ပုံမှန်အနေအထားမရှိခြင်းများကို လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အခြေအနေ ပိုမဆိုးအောင်၊ ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်သည်။
CP ကလေးများကိုကုသရာတွင် အောက်ပါအပိုင်းများပါဝင်သည်။
- ကျွမ်းကျင်သော ဆရာ၊ ဆရာမများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားမှုများ
- ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းများ (Physiotherapy)
- စကားပြောစွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်းများ (Speech and language therapy)
- နေ့စဉ်လှုပ်ရှားမှုစွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်းများ (Occupational therapy) စသည်တို့ကို စောစောစီးစီး အချိန်မှန်မှန် လေ့ကျင့်ရန်နှင့် မိဘများကပါ နားလည်ကူညီပေးနိုင်ရန် အရေးကြီးသည်
- CP ရောဂါနှင့် တွဲလာသော အခြားရောဂါအခြေအနေများကို ကုသခြင်း
- အတက်ရောဂါအတွက် အတက်ကျဆေးများ (Anti-seizure medications)
- ကြွက်သားများတောင့်တင်းခြင်းအတွက် Diazepam, Baclofen ကဲ့သို့ ဆေးဝါးများ၊ Botox ထိုးဆေးများ
- အိပ်မပျော်ခြင်းအတွက် Melantonin ဆေးများ
- ဝမ်းချုပ်ခြင်းအတွက် ဝမ်းပျော့ဆေးများ၊ ပျို့အန်ခြင်းအတွက် အအန်ပျောက်ဆေးနှင့် အစာအိမ်ဆေးများ
- တောင့်တင်းနာကျင်မှုများသက်သာစေရန် ပါရာစီတမောကဲ့သို့ အနာသက်သာဆေးများ စသည်တို့ဖြင့် ကုသနိုင်သည်။
- ထို့ပြင် ကြွက်သားလှုပ်ရှားမှုနှင့် အရိုးအဆစ်များလှုပ်ရှားမှုများ အလွန်ခက်ခဲနေပါက ခွဲစိတ်အထူးကုဆရာဝန်များမှ လိုအပ်သောခွဲစိတ်မှုများ ပြုလုပ်ပေးနိုင်သည်။
- မိဘများကိုလည်း CP နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာပေးရန်နှင့် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးခြင်းတို့ဖြစ်ကြသည်။
ကာကွယ်ခြင်း
CP ရောဂါသည် အပြည့်အဝ ကာကွယ်၍ရသော ရောဂါမဟုတ်သော်လည်း မြန်မာနိုင်ငံ၌ အတွေ့ရများသော CP ကလေးများ၏ အကြောင်းရင်းများသည် ကာကွယ်၍ရသော အခြေအနေများဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေများကြောင့် အဖြစ်များသောကြောင့် အောက်ပါတို့ကို အကြံပြုလိုသည်။
- မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်ပါ၊ ဆေးလိပ်၊ အရက်မသောက်ပါနှင့်၊ စိတ်အေးချမ်းတည်ငြိမ်ဖို့ အရေးကြီးသည်
- ကျန်းမာရေးဝန်ထမ်းများနှင့် ကိုယ်ဝန် စောစီးစွာအပ်နှံ၍ မှန်မှန်ပြပါ
- ဆေးရုံ ဆေးခန်းများတွင် မွေးဖွားပါ
- ကာကွယ်ဆေးများ အပြည့်ထိုးနှံပါ
- CP ဖြစ်ကြောင်း သံသယရှိလျှင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် အမြန်ပြသပါ၊ စောစီးစွာ ကြိုတင်လေ့ကျင့် ပြုစုပျိုးထောင်ပါ
CP ကလေးများ၏မိဘများကိုအကြံပေးချက်များ
- ရောဂါအကြောင်းကို လေ့လာပါ၊ မေးမြန်းပါ၊ ဤရောဂါအကြောင်းကို ပိုသိသည်နှင့်အမျှ မိဘများကိုယ်တိုင် မိမိကလေးငယ်ကို ပိုကူညီနိုင်လေဖြစ်သည်
- မိမိကလေးကို ချစ်ခင်ကြင်နာယုယစွာနှင့် အတူနေထိုင်ကစားပါ၊ သာမန်ကလေးကဲ့သို့ သဘောထားပြီး ပြုမူပြောဆိုပါ
- သာမန်ကလေးများ နှစ်သက်သောနေရာများ (ဥပမာ _ ပန်းခြံ၊ ကစားကွင်း) များသို့ သွားရောက် လည်ပတ်ပေးပါ၊ ရွယ်တူကလေးများနှင့် အတူတကွကစားပေးပါ
- အခြားမိသားစုများ၊ မိတ်ဆွေများ၏ အကူအညီကို ရယူပါ၊ CP ကလေးတစ်ယောက်ကို ပြုစုရခြင်းသည် အလွန်ပင်ပန်းသည်၊ ထို့ကြောင့် အခြားမိသားစု၀င်များအား ကလေးပြုစုနည်းများကို အလျင်းသင့်သလို သင်ပေးပြီး မိဘများအနေနှင့် အချို့အချိန်တွင် အနားယူသင့်သည်
- စိတ်ရှည်ပါ၊ သင့်မျှော်လင့်ချက်များကို မကုန်ဆုံးပါစေနှင့်၊ CPကလေးများသည်လည်း သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးခွင့်၊ သင်ယူနိုင်ခွင့် အခွင့်အလမ်းများရှိသည်
- တတ်ကျွမ်းနားလည်သူ ဆရာ၀န်များ၊ ပညာရှင်များနှင့် ပုံမှန်အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါ၊ သူတို့၏လမ်းညွှန်မှုများကို တသွေမတိမ်းလိုက်နာပါ၊ သိလိုသမျှကို ပွင့်ပွင်းလင်းလင်း မေးမြန်းဆွေးနွေးပါ
- ကလေးကြီးလာလျှင် အမှီအခိုကင်းကင်းဖြင့် ကိုယ်တိုင်ရပ်တည်နိုင်ရန် ရည်ရွယ်ပြီး သင်ကြားလေ့ကျင့်ပေးပါ
References:
- Centers for Disease Control and Prevention (CDC). (n.d.). Cerebral palsy. Retrieved June 26, 2025, from https://www.cdc.gov/cerebral-palsy/?CDC_AAref_Val=https://www.cdc.gov/ncbddd/cp/index.html
- Mayo Clinic. (n.d.). Cerebral palsy – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/cerebral-palsy/symptoms-causes/syc-20353999
- National Health Service (NHS). (n.d.). Cerebral palsy. Retrieved June 26, 2025, from https://www.nhs.uk/conditions/cerebral-palsy/
Published: 30 August 2024
Last updated: 31 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.