Childhood leukemia (ကလေးသွေးကင်ဆာရောဂါ)

Childhood leukemia (ကလေးသွေးကင်ဆာရောဂါ)

သွေးကင်ဆာရောဂါသည် သွေးနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးဖြူဥဆဲလ်များ မူမမှန်ပွါးများခြင်းကြောင့် ဖြစ်သော ကင်ဆာအမျိုးအစားဖြစ်သည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ (မွေးစမှ အသက် ၁၉ နှစ်ကြား) တွင် အဖြစ်များဆုံး ကင်ဆာများတွင် အပါအဝင်ဖြစ်သည်။ ကလေးကင်ဆာရောဂါများ၏ (၃၀) ရာခိုင်နှုန်းခန့်သည် သွေးကင်ဆာရောဂါရှင်များ ဖြစ်ကြသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို အတိအကျ မသိရှိနိုင်သော်လည်း မွေးရာပါ မျိုးဗီဇပြောင်းလဲမှုကြောင့် အဓိကဖြစ်နိုင်သည်ဟုယူဆကြသည်။ ထို့အပြင် အချို့ကင်ဆာရောဂါ အမျိုးအစားများသည် မိဘများတွင် ရောဂါမျိုးရိုးရှိခဲ့ပါက သားသမီးများတွင်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်ဟုဆိုသည်။ ထို့ပြင် မောင်နှမသားချင်းတစ်ဦးတွင် (အထူးသဖြင့် အမြွှာများတွင်) သွေးကင်ဆာဖြစ်ပွါးသူရှိပါက ကျန်မောင်နှမများတွင်လည်း ဖြစ်နိုင်ခြေမြင့်မားသည်။

မျိုးဗီဇကြောင့် မဟုတ်သော လူနေမှုဘဝ (သို့မဟုတ်) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (ဥပမာ _ ဆေးလိပ်၊ အရက်၊ စိုက်ပျိုးရေးသုံးဓာတုစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ကင်ဆာဖြစ်စေနိုင်သော အချို့ ဗိုင်းရပ်စ်ပိုးများ – HIV, HPV, EB virus စသည်တို့) ကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

သွေးကင်ဆာဖြစ်နိုင်ခြေများသူများ

မျိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများကြောင့်ဖြစ်သော မွေးရာပါရောဂါ (သို့မဟုတ်) ရောဂါလက္ခဏာစု (Syndromes) အချို့တွင် သွေးကင်ဆာဖြစ်နိုင်ခြေများသည်ကို တွေ့ရသည်။ ဥပမာအားဖြင့်_

  • Down syndrome
  • Ataxia-telangiectasia
  • Bloom syndrome
  • Fanconi anemia
  • Li-Fraumeni syndrome
  • Shwachman-Diamond syndrome စသည်တို့ဖြစ်သည်။
Clal img1
ရောဂါလက္ခဏာများ

သွေးကင်ဆာရောဂါသည် သွေးနှင့် ရိုးတွင်းခြင်ဆီတွင်ဖြစ်သည့် ကင်ဆာတစ်မျိုးဖြစ်သည်။ ရိုးတွင်းခြင်ဆီဆိုသည်မှာ ခန္ဓာကိုယ်၏ သွေးဆဲလ်များကို ထုတ်လုပ်ရာနေရာဖြစ်သည်။ သွေးကင်ဆာသည် ရိုးတွင်းခြင်ဆီမှ စဖြစ်သည်။ ရိုးတွင်းခြင်ဆီသည် အရိုးများ၏ အလယ်ဗဟိုအတွင်းပိုင်းတွင် တည်ရှိပြီး ပျော့ပြောင်းနူးညံ့သော တစ်ရှူးအလွှာမျိုးဖြစ်သည်။ ရိုးတွင်းခြင်ဆီကို_

  • သွေးနီဥများ (ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ဆဲလ်များ)
  • သွေးဖြူဥများ (ခန္ဓာကိုယ်ကို ပိုးမွှားများနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသော ဆဲလ်များ)
  • သွေးဥမွှားများ (သွေးကြောများ ပျက်စီးသွားသောအခါတွင် သွေးထွက်ခြင်းကို ရပ်တန့်ရန် သွေးခဲများ ဖြစ်ပေါ်လာစေသော ဆဲလ်များ)
  • ခြင်ဆီပင်မဆဲလ်များ
  • အဆီတစ်ရှူးများ
  • သွေးကြောများဖြင့် ဖွဲ့စည်းထားသည်။

ပုံမှန်အားဖြင့် ခြင်ဆီပင်မဆဲလ်များမှ သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများအဖြစ် အသွင်ပြောင်းထုတ်လုပ်ပေးပြီး ကိုယ်ခန္ဓာအတွင်းသို့ သွေးဆဲလ်များအဖြစ် လှည့်လည် စီးဆင်းစေခြင်း ဖြစ်သည်။ သွေးကင်ဆာရောဂါတွင်မူ ရိုးတွင်းခြင်ဆီမှ ပုံမှန်ထုတ်လုပ်လျက်ရှိသော သွေးဆဲလ်များအစား ပုံသဏ္ဌာန်မမှန်သော သွေးဖြူဥဆဲလ်များကို ပမာဏများစွာ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ထိုအခါ သွေးထဲရှိ ပုံမှန်လုပ်ငန်းဆောင်တာများ ပြုလုပ်ပေးနေသော သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများကို ထုတ်လုပ်မှု လျော့နည်းသွားနိုင်သလို ပုံမမှန်သော သွေးဖြူဥဆဲလ်များကြောင့် ရောဂါလက္ခဏာများ ပေါ်လာသည်။

ကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိရပါက သွေးကင်ဆာရောဂါဟု သံသယရှိသင့်သည်။ လက္ခဏာဆင်တူသော ‌အခြားရောဂါများစွာ ရှိသော်လည်း သွေးကင်ဆာရောဂါကို စောစီးစွာ ရှာဖွေသိရှိခြင်းဖြင့် ကုသမှုကို ပိုမိုအောင်မြင်စေနိုင်သည်။

ကလေးသွေးကင်ဆာ အမျိုးအစားများတွင် အဓိကအမျိုးအစားအုပ်စု နှစ်ခုရှိသည်။

  • လတ်တလောသွေးကင်ဆာရောဂါအုပ်စု (Acute leukemia)
    • Acute Lymphoblastic Leukemia (ALL)
    • Acute Myeloid Leukemia (AML)
  • နာတာရှည်သွေးကင်ဆာရောဂါအုပ်စု (Chronic leukemia)
    • Chronic Myeloid Leukemia (CML)
    • Chronic Lymphoid Leukemia (CLL) တို့ဖြစ်သည်။

အတွေ့ရများသောလက္ခဏာများမှာ_

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အသားအရေ ဖြူဖျော့ခြင်း
  • မကြာခဏ ဖျားတတ်ခြင်း
  • အရေပြားတွင် သွေးခြည်ဥလွယ်ခြင်း
  • နှာခေါင်းသွေးထွက် လွယ်ခြင်း၊ သွားဖုံးသွေးယိုလွယ်ခြင်း
  • နုံးချည့်၍ အားနည်းတတ်ခြင်း
  • မောခြင်း၊ ချောင်းဆိုးခြင်း
  • အသက်ရှူကျပ်ခြင်း
  • အစားအသောက်ပျက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခြေလက် အရိုးအဆစ်များ နာကျင်ခြင်း၊ ရင်ညွန့်ရိုး ညှပ်ရိုးများပါ တစ်ခါတစ်ရံ နာကျင်ခြင်း
  • ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်တွင် အလုံးအကျိတ်များ စမ်းမိတတ်ခြင်း
  • လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် အကျိတ်များ ထွက်လာတတ်ခြင်း
  • မူးဝေ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း
  • တက်ခြင်း၊ လမ်းလျှောက်စဥ် ဟန်ချက်မညီခြင်း
  • အမြင်အာရုံ ‌ဝေဝါးခြင်း
  • သွားဖုံးများ ပုံမှန်ထက် ပို၍ထူလာခြင်း စသည်တို့ဖြစ်သည်။
Clal img2
နောက်ဆက်တွဲပြဿနာများ

ကလေး သွေးကင်ဆာများသည် စောစီးစွာကုသမှုမရရှိပါက အသက် သေဆုံးနိုင်ခြေ မြင့်မားသည့်အပြင် ရိုးတွင်းခြင်ဆီနှင့် ကိုယ်ခံအားစနစ်ကို ထိခိုက်သောကြောင့် မကြာခဏဖျားခြင်း၊ ပိုးဝင်ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်အနှံ့သွေးထွက်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ မကြာခဏ ကြုံတွေ့ရတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေး သွေးကင်ဆာရောဂါအမျိုးအစားအချို့ သည် ပြင်းထန်၍ အသက်အန္တရာယ်ရှိသောရောဂါများ ဖြစ်သောကြောင့် လက္ခဏာများထဲမှ အချို့ကို သတိထားမိပါက မိသားစု ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ်စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်၊ သွေးရောဂါအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကလေးတွင် သွေးကင်ဆာရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ ရှိပါက ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကလေးအား အသေးစိတ်စမ်းသပ်စစ်ဆေးမှုများအပြင် ရောဂါအနေအထားပေါ် မူတည်၍ သက်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်ရိုက်ကူးမှုများနှင့် အခြားစစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

သွေးစစ်ဆေးခြင်းများ (Blood tests)

စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်းနှင့် အဏုကြည့်မှန်ပြောင်း (Microscope) ဖြင့် စစ်ဆေးခြင်း

  • စီဘီစီကို သွေးထဲတွင် ပါဝင်သော သွေးဆဲလ်အမျိုးအစား တစ်ခုစီ၏ သက်ဆိုင်ရာအရေအတွက်နှင့် ပမာဏများကို ရေတွက်ရန် လုပ်ဆောင်သည်အဏုကြည့်မှန်ပြောင်း (Microscope) ဖြင့်စစ်ဆေးခြင်း (blood film) – သွေးစက်အနည်းငယ်ကို ဖန်ဆလိုက်ပြားပေါ်တွင် ဖြန့်၍တင်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် ပုံမမှန်သော သွေးဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
  • သွေးဆဲလ်အရေအတွက် ပုံမှန်မဟုတ်ခြင်း၊ ဆဲလ်များ၏ ပုံပန်းသဏ္ဌာန်ပြောင်းလဲခြင်းနှင့် ပုံမှန်မဟုတ်သော သွေးဖြူဥများ (Blasts) ကိုတွေ့ရှိပါက သွေးကင်ဆာရှိသည်ဟု သံသယရှိနိုင်သည်
  • ထိုသို့ Blasts ဆဲလ်များတွေ့ရှိပါက ရောဂါအတိအကျသိရှိရန် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။

အခြားသွေးစစ်ဆေးခြင်းများ (Other blood tests)
သွေးကင်ဆာကို သံသယရှိပါက ဓာတုဗေဒစစ်ဆေးမှု (Chemistry panel) ဟုခေါ်သော အခြားသွေးစစ်ဆေးမှုများကိုလည်း ဆက်လက်စစ်ဆေးနိုင်သည်။ ဥပမာအားဖြင့် အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များ (Liver function tests and renal profile) အပါအဝင် ခန္ဓာကိုယ်ရှိ ဓာတ်ဆားနှင့် အခြားသတ္တုဓာတ်များ (Electrolytes) ကိုလည်း စစ်ဆေးနိုင်သည်။

ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow aspiration and biopsy)
ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းတွင် ရိုးတွင်းခြင်ဆီ အရည်ထုတ်ယူစစ်ဆေးခြင်း (Aspiration) နှင့် ရိုးတွင်းခြင်ဆီ တစ်ရှူးအသားစနမူနာယူစစ်ဆေးခြင်း (Biopsy) တို့ ပါဝင်သည်။ Aspiration and Biopsy နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်းပင် ပြုလုပ်လေ့ရှိပြီး ရိုးတွင်းခြင်ဆီနမူနာများကို အများအားဖြင့် တင်ပါးဆုံရိုးနေရာမှ ယူလေ့ရှိသည်။ သွေးကင်ဆာကို ရောဂါရှာဖွေရန်နှင့် သွေးကင်ဆာအမျိုးအစားကို ဖော်ထုတ်ရန် များစွာအထောက်အကူပြုသည်။ ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းကို ကင်ဆာဆေးဝါးများဖြင့် ကုသပြီးနောက် ကုသမှုကို တုံ့ပြန်ခြင်းနှင့် အကျိုးသက်ရောက်မှု ရှိမရှိအတွက်လည်း ပြုလုပ်နိုင်သည်။

ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid-CSF) ကို ခါးရိုးဆစ်နှစ်ခုကြားမှ ထုတ်ယူ၍ ရောဂါရှာဖွေသည့် နည်းလမ်းဖြစ်သည်။ ထို CSF အရည်ထဲတွင် ကင်ဆာဆဲလ်များ ရှိမရှိ ကြည့်ရှုစစ်ဆေးရန် အသုံးပြုသည်။ ထို့ပြင် သွေးကင်ဆာ ရောဂါရှိကြောင်း စစ်ဆေးသတ်မှတ်ပြီးသော ကလေးများတွင် ဦးနှောက်နှင့် အာရုံကြောစနစ်သို့ ကင်ဆာဆဲလ်များရောက်ရှိခြင်းကို ကုသရန် သို့မဟုတ် ကာကွယ်ရန် ခါးရိုးဆစ်နှစ်ခုကြားမှ CSF အရည်များရှိရာနေရာသို့ ကင်ဆာဆေးဝါးများ ထိုးသွင်း၍ကုသခြင်း (Intrathecal chemotherapy) ကိုလည်း ပြုလုပ်နိုင်သည်။

ပြန်ရည်ကျိတ်များမှ တစ်ရှူးအသားစနမူနာယူစစ်ဆေးခြင်း (Lymph node biopsy)
ပြန်ရည်ကျိတ်များကြီးနေသည့် လက္ခဏာရှိ‌သော ကလေးများတွင် သွေးကင်ဆာသံသယရှိပါက တစ်ရှူးအသားစနမူနာယူစစ်ဆေးခြင်းကို ပြုလုပ်၍လည်း ရောဂါရှာဖွေနိုင်သည်။

သွေးကင်ဆာရောဂါရှာဖွေရန်နှင့် သွေးကင်ဆာအမျိုးအစား ခွဲခြားရန်အတွက် စစ်ဆေးမှုများ

သွေး၊ ရိုးတွင်းခြင်ဆီနှင့် အခြားနမူနာအားလုံးကို စစ်ဆေးမှုများအတွက် ဓာတ်ခွဲခန်းသို့ နမူနာများအား ပို့ထားမည်ဖြစ်သည်။

  1. အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Microscopic examination)
    သွေး၊ ရိုးတွင်းခြင်ဆီ၊ ပြန်ရည်ကျိတ်တစ်ရှူး၊ သို့မဟုတ် CSF စသည့် နမူနာများအားလုံးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေး၍ ပုံမှန်မဟုတ်သော သွေးဆဲလ်များကို ရှာဖွေသည်။
  2. ကင်ဆာဆဲလ်မှ ပရိုတင်းများကို စစ်ဆေးခြင်း (Flow cytometry and Immunophenotyping)
    ကင်ဆာဆဲလ်မျက်နှာပြင်ပေါ်ရှိ သို့မဟုတ် အတွင်းရှိ ပရိုတင်းဓာတ်ပေါင်းများအပေါ် အခြေခံ၍ သွေးကင်ဆာအမျိုးအစားကို ဆုံးဖြတ်ရန် စစ်ဆေးသည်။ ၎င်းကို အများအားဖြင့် ရိုးတွင်းခြင်ဆီမှ ဆဲလ်များတွင် စစ်ဆေးနိုင်သော်လည်း သွေး၊ ပြန်ရည်ကျိတ်များသားနံရည်ကြောဖုများနှင့် အခြားခန္ဓာကိုယ်အရည်များမှ ဆဲလ်များတွင်လည်း စစ်ဆေးနိုင်သည်။
  3. ဆဲလ်အတွင်းရှိ ခရိုမိုဆုန်းများကို စစ်ဆေးလေ့လာခြင်း (Chromosom‌al studies)
    ဆဲလ်အတွင်းရှိ ခရိုမိုဆုန်းများ၏ အရေအတွက်နှင့် ဖွဲ့စည်းပုံ မူမမှန်မှုများကို လေ့လာခြင်းဖြစ်သည်။ သွေးကင်ဆာအမျိုးအစားအချို့တွင် ခရိုမိုဆုန်းဖွဲ့စည်းပုံနှင့် အရေအတွက် ပြောင်းလဲမှုများ ရှိနေတတ်သောကြောင့် ဤပြောင်းလဲမှုများကို ခွဲခြားသိရှိခြင်းဖြင့် သွေးကင်ဆာ၏ တိကျသောအမျိုးအစားကို ဖော်ထုတ်ရန်နှင့် မှန်ကန်သောကုသမှုနှင့် ရောဂါရလဒ်ကြိုတင်ခန့်မှန်းချက် (prognosis) ကို ဆုံးဖြတ်ရန် အထောက်အကူပြုနိုင်သည်။ ၎င်းတို့တွင်
    • Cytogenetics (မျိုးဗီဇပြောင်းလဲမှုများကို ရှာဖွေခြင်း)
    • Fluorescent in situ hybridization – FISH
    • Polymerase chain reaction – PCR စသည့် နည်းပညာများ ပါဝင်သည်။

ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
ပုံရိပ်ဖော်စစ်ဆေးမှုများကို ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါများ၏ ပုံရိပ်များကို ရိုက်ကူးရန်အတွက် အသုံးပြုသည်။ အသည်း၊ ဘေလုံးစသည့် ကိုယ်တွင်းအင်္ဂါများ၏ အရွယ်အစားကို တိုင်းတာသိရှိရန်၊ ပြန်ရည်ကျိတ်များရှိပါက အရွယ်အစား၊ အရေအတွက်နှင့် တည်နေရာတို့ကို သိရှိရန်အပြင် ရောဂါလက္ခဏာတူသော အခြားကင်ဆာအမျိုးအစားများနှင့်လည်း ခွဲခြားရန် ရိုက်ကူးနိုင်သည်။

  • ရင်ဘတ်ဓာတ်မှန် (Chest X-rays)
  • အာထရာဆောင်း (USG)
  • ကွန်ပျူတာဓာတ်မှန် (Computed tomography – CT scan)
  • သံလိုက်ဓာတ်မှန် (Magnetic resonance imaging – MRI) စသည်တို့ကို ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သလို ရိုက်ကူးလေ့ရှိသည်။
ကုသခြင်း

သွေးကင်ဆာ‌ရောဂါကုသမှုသည် ကင်ဆာအမျိုးအစားနှင့် ရောဂါပြင်းထန်နိုင်ခြေ ပိုများသောကလေးများ (High risk) အုပ်စုပေါ် မူတည်၍ ကုသမှုအမျိုးအစားနှင့် ကုသသောအချိန်ကာလတို့ ကွဲပြားခြားနားသည်။ အဓိကရည်ရွယ်ချက်မှာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြင့် အကောင်းဆုံး ကင်ဆာကုသမှုကို ပေးနိုင်ရန်ဖြစ်သည်။ ယေဘုယျအားဖြင့် အစောပိုင်းတွင် ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်ပြီး ဆေးကုသနေစဥ် တစ်လျှောက်လုံးတွင်လည်း ကလေး၏ ကိုယ်ခံအားကောင်းမွန်စေရန် အထူးဂရုစိုက်ရမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာအနေနှင့် ကုသနိုင်သည်။ ဆေးကုသမှုများသည် လပေါင်းများစွာမှသည် တစ်ခါတစ်ရံ နှစ်နှင့်ချီ၍ ကြာမြင့်တတ်သည်။ ကလေးသွေးကင်ဆာရောဂါအတွက် ကင်ဆာကုသနည်းများစွာရှိသည်။

  • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    အသုံးအများဆုံး ကုထုံးဖြစ်သည်။ ကင်ဆာဆဲလ်များကို နှိမ်နင်းရန် အသုံးအများဆုံး ကုသမှုဖြစ်သည်။ သွေးကြောအတွင်းသို့ ထိုးဆေး သို့မဟုတ် ဆေးပြားအဖြစ် ရရှိနိုင်သည်။ ဆေးတစ်မျိုးတည်းအပြင် သုံးမျိုး သို့မဟုတ် လေးမျိုးပေါင်း၍ ပေါင်းစပ်ကုထုံး (Combined chemotherapy regime) အနေဖြင့်လည်း ပေးလေ့ရှိသည်။ သွေးကင်ဆာရောဂါတွင် ကင်ဆာဆေးဝါးများကို လပေါင်းများစွာ ပေး၍ ကုသရန်လိုအပ်နိုင်သည်။ အစောပိုင်းကုသမှုသည် ရောဂါငြိမ်သွားစေရန် ပေးသောအဆင့် (Induction remission phase)၊ ထိုမှတစ်ဆင့် ရောဂါငြိမ်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်အများစုကို နှိမ်နင်းရန်ပေးသောအဆင့် (Consolidation or intensification phase) နှင့် ရောဂါပြန်ကြွမလာစေရန် ကာလရှည်ထိန်းထားရန် ပေးသောအဆင့် (Maintenance phase) ဟူ၍ အဆင့်ဆင့် ကုသမှုပေးရသည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
    သွေးကင်ဆာကလေးအချို့တွင် ကင်ဆာကုထုံးနှင့်အတူ ဓာတ်ရောင်ခြည်ကုထုံးကို တွဲ၍ ကုသရသည်လည်းရှိသည်။ ဦးနှောက်နှင့် အာရုံကြောစနစ်တွင် ကင်ဆာဆဲလ်များရောက်ရှိနေကြောင်း တွေ့ရှိရပါက ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သကဲ့သို့ ပင်မဆဲလ်အစားထိုးခြင်းမစတင်မီလည်း ဓာတ်ရောင်ခြည်ကုထုံးပေးနိုင်သည်။
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    ကလေး၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ကင်ဆာဆဲလ်များကို ပိုမိုကောင်းမွန်စွာ တိုက်ထုတ်နိုင်စေသည်။
  • ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
    သီးခြားမျိုးဗီဇ ပြောင်းလဲမှုများရှိသော ကင်ဆာဆဲလ်များကို အဓိက ပစ်မှတ်ထားသော ကုသမှုဖြစ်သည်။
  • ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသခြင်း (Stem cell transplant with high dose chemotherapy)
    ပင်မဆဲလ်အစားထိုးမှုမပြုလုပ်မီ ပမာဏမြင့်မားသော ကင်ဆာဆေးသွင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးကို ဦးစွာပေး၍ ကုသရသည်။ ထို့နောက်တွင်မှ သိမ်းဆည်းထားသော ပင်မဆဲလ်များကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်သည်။ ထိုပင်မဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်းတွင် နေရာပြန်ယူ၍ ပုံမှန်ဆဲလ်အသစ်များ ထုတ်လုပ်ပေးရန် ဆောင်ရွက်မည်ဖြစ်သည်။
ကလေးတစ်ဦးချင်းစီအလိုက် သင့်တော်သောကုသမှု (Personalized Medicine)

ခေတ်မီ မျိုးဗီဇစစ်ဆေးမှုများသည် ကလေးတစ်ဦးချင်းစီ၏ သွေးကင်ဆာဆဲလ်များတွင် ဖြစ်ပေါ်နေသော မျိုးဗီဇပြောင်းလဲမှုများကို အသေးစိတ် ဖော်ထုတ်ပေးနိုင်သည်။ ဤအချက်အလက်များအပေါ် အခြေခံ၍ ဆရာဝန်များသည် ကုသမှု၏ ထိရောက်မှုကို တိုးမြှင့်ရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် ကုသမှုအစီအစဉ်ကို တစ်ဦးချင်းစီအတွက် စိတ်ကြိုက်ညှိနှိုင်းပေးနိုင်သည်။

ရေရှည်ကျန်းမာရေးကို ဦးစားပေးခြင်း

ယခုအခါ ကလေးသွေးကင်ဆာရောဂါကို ကုသရာတွင် ရောဂါပျောက်ကင်းရေးအပြင် ကုသမှုခံယူပြီးနောက် ရေရှည်တွင် ကျန်းမာရေးပြဿနာများ (ဥပမာ _ နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ) မဖြစ်ပွါးစေရန်ကိုလည်း ပိုမိုအာရုံစိုက်လာကြသည်။ ထို့ကြောင့် အဆိပ်အတောက် နည်းသောဆေးဝါးများကို အသုံးပြုခြင်း၊ ရိုးရိုးကင်ဆာဆေးသွင်းကုထုံး၏ ပမာဏကို လျှော့ချခြင်းနှင့် ဘေးထွက်ဆိုးကျိုးများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲခြင်းတို့သည် ခေတ်မီကုထုံး၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။

ပြန်လည်သက်သာရန်အချိန် (Recovery time)

သွေးကင်ဆာကုသမှုများကို အများအားဖြင့် အချိန်ကာလအပိုင်းအခြား (Cycles) များဖြင့် ပေးလေ့ရှိပြီး ကြားတွင် နာလန်ထချိန်ရစေရန် အချိန်ခြားပေးထားသည်။ ကုသမှုကို ခေတ္တအနားပေးရပ်ဆိုင်းထားခြင်းသည် ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးသည်။ သို့သော် ကုသမှုသည် အစိတ်အပိုင်းများစွာ ပါဝင်သောကြောင့် ကုသမှုအပြီးသတ်ရန် နှစ်အနည်းငယ်ခန့် ကြာနိုင်သည်။ အစပိုင်းကုသမှု၏ ရည်မှန်းချက်မှာ ကင်ဆာကို ရောဂါငြိမ်သည့်အဆင့် (Remission) သို့ ရောက်ရှိစေရန်ဖြစ်သည်။ ရောဂါငြိမ်ပြီးနောက်တွင်ပင် ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေနိုင်သည့် ကင်ဆာဆဲလ်များကို ဆက်လက်နှိမ်နင်းရန်နှင့် ကင်ဆာပြန်ကြွလာခြင်း (Recurrence) ကို လျှော့ချရန်အတွက် ကုသမှုများ ဆက်လက်လိုအပ်နိုင်သည်။

သွေးကင်ဆာရောဂါအများစုသည် စောစီးစွာ သိရှိကုသပါက ယေဘုယျအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ခြေ မြင့်မားသော်လည်း ရောဂါအမျိုးအစားပေါ် မူတည်၍ ဆေးကုသမှုကို တုံ့ပြန်မှုနည်းခြင်း (သို့မဟုတ်) ရောဂါလက္ခဏာများ နောက်တစ်ကြိမ် ပြန်ပေါ်လာခြင်းများ ဖြစ်တတ်သည်။ ကုသမှုပြီးမြောက်သော ကလေးများတွင်လည်း ကင်ဆာပြန်ဖြစ်လာခြင်း (Recurrence) နှင့် ကုသမှု၏ ရေရှည်အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန် ဆက်လက်စောင့်ရှောက်မှုများ လိုအပ်သည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရောဂါအသိနောက်ကျသော သို့မဟုတ် ကုသမှုကို သတ်မှတ်ကာလအတွင်း ထိထိရောက်ရောက် မယူမိသော ကလေးများတွင် ရောဂါလုံးဝပျောက်ကင်းအောင် ကုသ၍ မဖြစ်နိုင်သော်လည်း ခံစားနေရသော လက္ခဏာများ သက်သာစေရန် “‌ဝေဒနာ ညင်သာစေရန် ပြုစုကုသမှု‌” (Palliative care) ‌ဖြင့် ရောဂါလက္ခဏာများ တစ်စိတ်တစ်ပိုင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ ဝေဒနာညင်သာစေရန် ပြုစုကုသမှု‌သည် ကင်ဆာရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် လူနာများနှင့် မိသားစုများ၏ ဘဝနေထိုင်မှု အရည်အသွေးကို တိုးတက်စေရန် ရည်ရွယ်သည်။

ရောဂါရလဒ် ခန့်မှန်းချက် (Prognosis of leukemia)

သွေးကင်ဆာကလေးများ၏ ရောဂါရလဒ်ခန့်မှန်းချက်ကို အများအားဖြင့် ၅ နှစ် အသက်ရှင်နှုန်း (5-year survival rate) ဖြင့် ခန့်မှန်းလေ့ရှိသည်။ ကင်ဆာရောဂါ စတင်တွေ့ရှိပြီးနောက် အနည်းဆုံး ၅ နှစ် အသက်ရှင်နိုင်သော လူနာရာခိုင်နှုန်းကို ဆိုလိုသည်။

  • လတ်တလောသွေးကင်ဆာရောဂါအုပ်စု (Acute Leukemias)
    Acute leukemia အုပ်စုအတွက် ပျမ်းမျှ (၅) နှစ် အသက်ရှင်နှုန်းသည် ALL အမျိုးအစားအတွက် (၉၀%) ခန့်ဖြစ်ပြီး AML အမျိုးအစားအတွက် (၆၅-၇၅%) ဖြစ်သည်။ (၅) နှစ် အသက်ရှင်နှုန်းသည် သွေးကင်ဆာ အမျိုးအစားနှင့် ကုသမှုကို တုံ့ပြန်မှုများ အပေါ်မူတည်၍ ကွဲပြားသည်။ ဥပမာ – AML ၏ အမျိုးအစားခွဲ တစ်ခုဖြစ်သော Acute Promyelocytic Leukemia – APML ၏ ပျောက်ကင်းနှုန်းသည် ယခုအခါ (၉၀%) ထက် ပိုမိုမြင့်မားလာပြီဖြစ်သော်လည်း အခြား AML အမျိုးအစားခွဲများအတွက်မူ ပျောက်ကင်းနှုန်းသည် လျော့နည်းနေဆဲဖြစ်သည်။
  • နာတာရှည်သွေးကင်ဆာရောဂါအုပ်စု (Chronic Leukemias)
    Chronic leukemia အုပ်စုအတွက် ပျမ်းမျှ (၅) နှစ် အသက်ရှင်နှုန်းသည် အထောက်အကူမဖြစ်လှပါ။ အဘယ်ကြောင့်ဆိုသော် နာတာရှည်သွေးကင်ဆာရောဂါအုပ်စုဝင် ကလေးများသည် ရောဂါလုံးဝ မပျောက်ကင်းသော်လည်း ရောဂါနှင့်အတူ အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်သောကြောင့် ဖြစ်သည်။ ယခင်က CML အမျိုးအစားအတွက် (၅) နှစ် အသက်ရှင်နှုန်းကို (၆၀-၈၀%) ဟု သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါ ပိုမိုမြင့်မားလာပြီဖြစ်သည်။
ကာကွယ်ခြင်း

ယေဘုယျအားဖြင့် ကလေးများတွင် ကင်ဆာရောဂါမဖြစ်စေရန် အပြည့်အဝကာကွယ်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ (ဥပမာ _ ကင်ဆာဖြစ်ပွါးနိုင်သောဓာတ်ပစ္စည်းများ၊ ဆယ်ကျော်သက် အရွယ်များ ဆေးလိပ်၊ အရက် သောက်ခြင်း) စသည်တို့ကို ရှောင်ရှားသင့်သည်။

References:

  1. WebMD. (2024). Childhood leukemia: Symptoms, treatments, risk factors, tests. Retrieved July 26, 2025, from https://www.webmd.com/cancer/lymphoma/childhood-leukemia-symptoms-treatments WebMD
  2. St. Jude Children’s Research Hospital. (2022). Leukemia in children and teens. Retrieved July 26, 2025, from https://together.stjude.org/en-us/conditions/cancers/leukemia.html St. Jude together
  3. St. Jude Children’s Research Hospital. (2022). Lymphoma in children and teens. Retrieved July 26, 2025, from https://together.stjude.org/en-us/conditions/cancers/lymphoma.html St. Jude together
  4. American Cancer Society. (2025). Leukemia in children | Childhood leukemia. Retrieved July 26, 2025, from https://www.cancer.org/cancer/types/leukemia-in-children.html American Cancer Society
  5. Blood Cancer United (formerly The Leukemia & Lymphoma Society). (n.d.). Children and young adults. Retrieved July 26, 2025, from https://www.lls.org/children-and-young-adults/childhood-blood-cancer
  6. Schulz, M., et al. (2023). Next-generation sequencing for molecular profiling in pediatric cancers. Journal of the National Cancer Institute, 115(7), 727–737.
  7. Vrooman, L. M., et al. (2022). Reducing treatment toxicity and improving outcomes in childhood acute lymphoblastic leukemia. Blood, 140(13), 1415–1426.
  8. Oeffinger, K. C., et al. (2023). Long-term follow-up guidelines for survivors of childhood, adolescent, and young adult cancers: A report from the Children’s Oncology Group. Journal of Clinical Oncology, 41(1), 15–32.
  9. Hunger, S. P., et al. (2022). A review of precision medicine in pediatric oncology. The New England Journal of Medicine, 386(2), 189–201.

Published: 30 August 2024

Last updated: 13 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.