အအေးမိခြင်းဆိုသည်မှာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင်ရှိသော နှာခေါင်း၊ လည်ချောင်းနှင့် လေပြွန်တို့ကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ ခံစားရခြင်းကို ဆိုလိုသည်။ အအေးမိခြင်းသည် ပုံမှန်အားဖြင့် လူကြီးများတွင် တစ်နှစ် (၂)ကြိမ် မှ (၃)ကြိမ်ခန့် ဖြစ်ပွါးပြီး၊ ကလေးငယ်များတွင် အနည်းဆုံး တစ်နှစ်လျှင် (၆) ကြိမ်ခန့် ဖြစ်ပွါးတတ်သည်။ အအေးမိခြင်းသည် လူအများစုတွင် တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်သည်။ ဆေးလိပ်သောက်သုံးသူများတွင်မူ ရောဂါပြန်လည်ကောင်းမွန်ရန် ပိုမိုကြာရှည်နိုင်သည်။ အအေးမိခြင်းသည် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အဓိကဖြစ်ပွါးလေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဗိုင်းရပ်စ်ပိုးအများစုသည် အအေးမိခြင်းကို ဖြစ်စေသည်။ အဖြစ်အများဆုံးမှာ ရိုင်နိုဗိုင်းရပ်စ် (Rhinovirus) ကြောင့်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကြောင့်လည်းဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်၏ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းတို့မှတစ်ဆင့် ကူးစက်ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ကူးစက်နိုင်သည့် နည်းလမ်းများမှာ_
- အအေးမိလူနာတစ်ဦး၏ နှာချေ၊ ချောင်းဆိုးခြင်းမှ လေထဲသို့အမှုန်များပျံနှံ့ပြီး ထိုအမှုန်များကို ရှူရှိုက်မိခြင်း
- အအေးမိသောလူနာတစ်ဦးနှင့် ထိတွေ့ခြင်း
- ဗိုင်းရပ်စ်ပိုးရှိနေသော အရာဝတ္ထုများကို ကိုင်တွယ်သုံးစွဲခြင်း (ဥပမာ _ တံခါးလက်ကိုင်၊ ပန်းကန်၊ မျက်နှာသုတ်ပဝါ၊ အရုပ်၊ ဖုန်း)
- ဗိုင်းရပ်စ်ပိုး ထိတွေ့ထားသောလက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းတို့ဖြစ်သည်။
ရောဂါလက္ခဏာများ
အအေးမိခြင်း၏ ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် အဆင့်လိုက်ဖြစ်ပေါ်တတ်သည်။ အအေးမိခြင်း၏ အဆင့်များတွင် အစောပိုင်းအဆင့်၊ ပိုပြင်းထန်သောအဆင့်နှင့် နောက်ပိုင်းအဆင့်များ ပါဝင်သည်။
အစောပိုင်းအဆင့် (ရောဂါကူးစက်ပြီး ၁ရက် မှ ၃ရက်)
အအေးမိဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး (၁)ရက် မှ (၃)ရက်အတွင်း လည်ချောင်းထဲတွင် ယားယံခြင်း ခံစားရနိုင်သည်။ အအေးမိသူ တစ်ဝက်နီးပါးတွင် လည်ချောင်းယားခြင်း သို့မဟုတ် လည်ချောင်းနာခြင်းကို ပထမဆုံးလက္ခဏာအဖြစ် ခံစားရသည်။ အစောပိုင်းအဆင့်၏ အခြားအအေးမိလက္ခဏာများမှာ_
- နှာချေခြင်း
- နှာရည်ယိုခြင်း
- နှာပိတ်ခြင်း (နှာခေါင်းပိတ်ဆို့ခြင်း)
- ချောင်းဆိုးခြင်း
- အသံဝင်ခြင်းတို့ဖြစ်သည်။
ပိုပြင်းထန်သောအဆင့် (၄ရက် မှ ၇ရက်)
ထိုအဆင့်တွင် ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် ပိုဆိုးလာပြီး အပြင်းထန်ဆုံးအခြေအနေသို့ ရောက်သည်။ အစောပိုင်းအဆင့်၏ လက္ခဏာများအပြင် အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။
- ကိုယ်လက်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- မျက်ရည်ကျခြင်းနှင့် နှာရည်ယိုခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဖျားခြင်း (ကလေးများတွင် ပိုအဖြစ်များသည်)
နောက်ပိုင်းအဆင့် (၈ရက် မှ ၁၀ရက်)
ထိုအဆင့်တွင် အအေးမိလက္ခဏာများသည် ပုံမှန်အားဖြင့် လျော့လာသည်။ ထိုအဆင့်တွင် လုံးဝသက်သာပျောက်ကင်းသွားကြသည်။ သို့သော် အချို့လက္ခဏာများ ဆက်ရှိနိုင်သည်။ တချို့သူများတွင် အအေးမိပြီးနောက်ပိုင်း နှစ်လကြာသည်အထိ ချောင်းဆိုးခြင်း ကျန်နေနိုင်သည်။
သတိပြုရန်
ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း သို့မဟုတ် ဖျားနာခြင်း ပြန်ဖြစ်လာလျှင် လေပြွန်ရောင်ခြင်း (Bronchitis)၊ ထိပ်ကပ်နာဖြစ်ခြင်း (Sinusitis) သို့မဟုတ် အဆုတ်ရောင်ခြင်း (Pneumonia) စသော နောက်ဆက်တွဲပြဿနာတစ်ခုခု ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။
နောက်ဆက်တွဲပြဿနာများ
ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လာခြင်းမှတစ်ဆင့် နားကိုက်ခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာရောဂါဖြစ်ခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာခြင်း၊ ရင်ကျပ်ပန်းနာ ရောဂါအခံရှိသူများတွင် ချောင်းဆိုးရင်ကျပ်လက္ခဏာများ ပြန်ပေါ်လာတတ်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အများအားဖြင့် အအေးမိခြင်းသည် အနားယူရုံနှင့် ပျောက်ကင်းနိုင်သည်။ သို့သော် အောက်ပါအခြေအနေများတွင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပါ။
- ရောဂါလက္ခဏာများ မသက်သာဘဲ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာခြင်း
- (၃) ရက်ခန့် ဆက်တိုက် ကိုယ်အပူချိန် အလွန်တက်နေခြင်း
- အဖျားပျောက်ပြီးမှ သိသိသာသာပြန်ဖျားခြင်း
- အသက်ရှူမဝခြင်း၊ မောခြင်း
- ဦးခေါင်း၊ မျက်နှာ၊ လည်ချောင်းတို့ ပြင်းထန်စွာ နာခြင်း၊ ကိုက်ခဲခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သာမာန်အအေးမိလူနာတစ်ဦးအတွက် သွေးစစ်၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ မလိုအပ်ပါ။ လူနာ၏ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာစမ်းသပ်ခြင်းများဖြင့် လုံလောက်သည်။ လိုအပ်ပါက နှာခေါင်းတို့ဖတ် (Nasal swab) ရယူပြီး ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။
ကုသခြင်း
ပုံမှန်အားဖြင့် အအေးမိခြင်းသည် တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်သည်။ အဓိကအားဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကောင်းအောင် နေထိုင်ရန်အရေးကြီးသည်။
ထို့ကြောင့် အအေးမိရောဂါဖြစ်လျှင်_
- ကောင်းမွန်စွာအနားယူခြင်း
- အိပ်ရေးဝဝအိပ်ခြင်း
- ရေများများသောက်ခြင်း
- အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးခြင်း
- ကိုယ်လက်ကိုက်ခဲပါက ပါရာစီတမော (Paracetamol)၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်း
- နှာရည်အလွန်ကျပါက ဘာမီတွန် (Burmeton)၊ စီထရင်း (Cetirizine) စသည့်ဆေးများ သောက်ခြင်း
- ချောင်းဆိုးပါက ချောင်းဆိုးပျောက်ဆေးများ သောက်ခြင်း
- နှာခေါင်းပိတ်ပါက ရေနွေးငွေ့ရှူခြင်း၊ နှာခေါင်းအစက်ချဆေးရည် ထည့်ခြင်း
- လည်ချောင်းနာပါက ဆားရည်နှင့် ပလုတ်ကျင်းခြင်း စသည့်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
အအေးမိခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများ မလိုအပ်ပါ။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် လက္ခဏာများပါဝင်သည်ဟု သုံးသပ်မိပါက လိုအပ်သည့်ဆေးများ ညွှန်ကြားမည်ဖြစ်သည်။
ကာကွယ်ခြင်း
အအေးမိခြင်းအတွက် ကာကွယ်ဆေးမရှိပါ။ သို့သော် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်သည်။
- အအေးမိသောလူနာနှင့် ဝေးဝေးတွင်နေပါ
- လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏဆေးပါ
- မကြာခဏ ကိုင်တွယ်ရသည့် ပစ္စည်းများကို ပိုးသတ်ဆေးရည်နှင့် သန့်ရှင်းရေးလုပ်ပါ
- ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပုဝါ တစ်ခုခုနှင့် အုပ်ပြီးမှ ချောင်းဆိုးပါ
- တစ်ကိုယ်ရေသုံးပစ္စည်းများကို တစ်ခြားသူများနှင့် မျှဝေမသုံးစွဲသင့်ပါ
- လူစုလူဝေးထဲသွားလျှင် နှာခေါင်းစည်း (Mask) တပ်ပါ
- ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ပါ
- ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ပါ
ဆက်လက်ဖတ်ရှုရန်
References:
- Mayo Clinic. (n.d.). Common cold – Symptoms and causes. Mayo Foundation for Medical Education and Research. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/common-cold/symptoms-causes/syc-20351605
- Cleveland Clinic. (2025). Common cold. Cleveland Clinic. Retrieved June 10, 2025, from https://my.clevelandclinic.org/health/diseases/12342-common-cold
Published: 30 August 2024
Last updated: 21 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.