Nappy rash (ဆီးပူလောင်ခြင်း)

Nappy rash (ဆီးပူလောင်ခြင်း)

ဆီးပူလောင်ခြင်းသည် ကလေးငယ်များတွင် အဖြစ်များသော အရေပြားရောင်ရမ်းခြင်းတစ်မျိုး ဖြစ်သည်။ အသက်(၂)နှစ်အောက်ကလေးငယ်များတွင် အများဆုံးတွေ့ရသော်လည်း သေးခံ (diaper) အသုံးပြုသူတိုင်းတွင် တွေ့ရနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ဆီး၊ဝမ်းများနှင့် ကြာမြင့်စွာထိတွေ့နေရခြင်းကြောင့် အစိုဓါတ်များခြင်း၊ အရေပြားရောင်ခြင်း
  • သေးခံ (သို့မဟုတ်) အရေပြားလိမ်းဆေးများတွင် ပါသောပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
  • အသစ်စတင်သုံးသောပစ္စည်းတခုခု (ဥပမာ_ဆပ်ပြာ၊ ဓာတုအမွှေးနံ့ပစ္စည်းပါသော ပုဝါ၊ တစ်ရှူးအစို)နှင့် ဓာတ်မတည့်ခြင်း
  • ပွတ်တိုက်မိခြင်း (အထူးသဖြင့် ကျပ်လွန်းသောသေးခံ )
  • ပလတ်စတစ်၊ နိုင်လွန် သေးခံများသုံးခြင်း စသည်တို့ကြောင့် ဆီးပူလောင်လေ့ရှိသည်။

ဝမ်းလျှောဝမ်းပျက်ခြင်း၊ ပိုးသတ်ဆေးများသောက်ရခြင်း၊ အရေပြားခြောက်ခြင်း၊ ဓာတ်မတည့်ခြင်း စသည်တို့ရှိသော ကလေးများတွင် ပိုတွေ့ရလေ့ရှိသည်။

ရောဂါလက္ခဏာများ

အရေပြားနှင့်ထိစပ်နေသော နေရာများတွင် အနီပြင်၊ အနီဖုများ ထွက်လာတတ်သည်။ အရေပြားတွန့်ခေါက်နေသော နေရာများတွင် ဖြစ်လေ့မရှိဘဲ တင်ပါး၊ လိင်အင်္ဂါတဝိုက်၊ ဆီးခုံနှင့် ပေါင်ခြံတစ်ဝိုက်တွင် အဓိကတွေ့တတ်သည်။ တစ်ခါတစ်ရံ အလွန်ပြင်းထန်လျှင် အရေပြားရောင်ခြင်း၊ အရေပြားလန်ခြင်း၊ အနာဖြစ်ခြင်းများကိုပါ တွေ့နိုင်သည်။ အရေပြားအကွက်များ ယားယံခြင်း၊ နာကျင်ခြင်းများကြောင့် ကလေးငယ်မှာ မအီမသာဖြစ်ခြင်း၊ ဂျီကျခြင်း၊ အထူးသဖြင့် သေးခံ (diaper) လဲသည့်အချိန်များတွင် အလွန်ငိုခြင်းများ ရှိနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • ဘက်တီးရီးယားပိုးဝင်ခြင်း
  • ဖျားခြင်း
  • ပြည်တည်နာဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများအပြင် ကိုယ်ပူခြင်း၊ ပြည်တည်နာများဖြစ်ခြင်း၊ အနာများမှ သွေးထွက် ခြင်း၊ ဆီး၊ ဝမ်းသွားလျှင် အလွန်နာကျင်သည့်လက္ခဏာများ ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်နှင့် စမ်းသပ်ချက်များအရ ရောဂါသတ်မှတ်နိုင်သည်။ ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။

ကုသခြင်းနှင့် ကာကွယ်ခြင်း

အထိရောက်ဆုံးကုသနည်းမှာ အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားခြင်းနှင့် စိုထိုင်းမှု လျှော့ချခြင်းဖြစ်သည်။

  • တတ်နိုင်သမျှ သေးခံ (diaper) မသုံးဘဲ အလွတ်ထားပေးရန်
  • သေးခံသုံးလျှင်လည်း မကြာခဏလဲရန်၊ အထူးသဖြင့် ဆီး၊ဝမ်းသွားပြီးလျှင် ချက်ချင်းလဲပေးရန်
  • စုပ်ယူမှုကောင်းသော၊ ပွသော၊ လေဝင်ထွက်ကောင်းသော သေးခံ (diaper) များသာသုံးရန်
  • သေးခံ (diaper) လဲပေးရာတွင် ရေဖြင့် (သို့မဟုတ်) အရက်ပြန်၊ ဓါတုပစ္စည်းများ မပါသော တစ်ရှူးစိုဖြင့်သာ သန့်ရှင်းပေးရန်
  • ကလေးကို နေ့စဉ်ရေချိုးပေးရန်၊ ဆပ်ပြာမသုံးရ၊ သနပ်ခါး၊ ပေါင်ဒါမလိမ်းရန်
  • ရေချိုးပြီးလျှင် ပွတ်တိုက်၍ ရေမသုတ်ရ၊ လေဖြင့်အခြောက်ခံခြင်း၊ ညင်သာစွာဖိသုတ်ခြင်းသာ ပြုလုပ်ရန်
  • လူကြီးမှ မိမိကလေးငယ်အား သန့်ရှင်းရေးလုပ်မပေးခင် လက်ကို သေချာစွာဆေးရန်
  • အနာမဖြစ်သေးသော အကွက်များတွင် ကြားခံလိမ်းဆေး (ဥပမာ – ဇင့်ပါသော လိမ်းဆေးများ) လိမ်းပေးရန်

လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်မှ

  • ပိုးသတ်ဆေးလိမ်းဆေး၊ သောက်ဆေး
  • မှိုသတ်လိမ်းဆေး
  • စတီးရွိုက်လိမ်းဆေးများ ညွှန်ကြားမည်ဖြစ်သည်။

ဆီးပူလောင်ခြင်းသည် ပြင်းထန်မှုအပေါ် မူတည်၍ ပျောက်ကင်းရန် အချိန်ယူရမည်။ ကုသ၍ ပျောက်ကင်းသွားသော်လည်း တဖန်ပြန်လည်ဖြစ်ပွားနိုင်သည်။

References:

  1. Clinical Practice Guidelines : Nappy rash. (n.d.). Retrieved June 26, 2024, from https://www.rch.org.au/clinicalguide/guideline_index/Nappy_rash/
  2. Website, N. (2023). Nappy rash. nhs.uk. Retrieved June 26, 2024, from https://www.nhs.uk/conditions/baby/caring-for-a-newborn/nappy-rash/
  3. Diaper rash – Symptoms & causes – Mayo Clinic. (2024). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/diaper-rash/symptoms-causes/syc-20371636
  4. Homepage. (2024). NICE. Retrieved June 26, 2024, from https://www.nice.org.uk/
  5. Diaper rash – Diagnosis & treatment – Mayo Clinic. (2024). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/diaper-rash/diagnosis-treatment/drc-20371641

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.