Common childhood cancers (ကလေးများတွင် ဖြစ်လေ့ရှိသော ကင်ဆာရောဂါများ)

Common childhood cancers (ကလေးများတွင် ဖြစ်လေ့ရှိသော ကင်ဆာရောဂါများ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ မွေးကင်းစမှ အသက် (၁၉) နှစ် အတွင်းရှိ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် နှစ်စဉ် လူလေးသိန်းခန့် ကင်ဆာရောဂါ ဖြစ်ပွားသည်ဟု သိရှိရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို အတိအကျ မသိရှိနိုင်သော်လည်း ဆဲလ်များ မွေးရာပါ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အဓိကဖြစ်နိုင်သည်ဟု ယူဆကြသည်။ ထို့အပြင် အချို့ ကင်ဆာရောဂါ များသည် မိဘများတွင် ရောဂါမျိုးရိုးရှိခဲ့ပါက သားသမီးများတွင်လည်း ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသည်ဟု ယူဆကြသည်။

မျိုးဗီဇကြောင့် မဟုတ်သော လူနေမှုဘဝ (သို့မဟုတ်) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (ဥပမာ_ဆေးလိပ်၊ အရက်၊စိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ကင်ဆာ ဖြစ်စေနိုင်သော အချို့ ဗိုင်းရပ်စ်ပိုးများ (Human Immunodeficiency Virus, Human Papilloma Virus) စသည်တို့] ကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ကင်ဆာအမျိုးအစားများ

ကလေးကင်ဆာများတွင် အဖြစ်များဆုံး အမျိုးအစားများမှာ_

  • သွေးကင်ဆာ (Leukemia)
  • ပြန်ရည်ကျိတ် ကင်ဆာ (Lymphoma)
  • ဦးနှောက်ကင်ဆာ(Brain tumours)
  • အရိုးကင်ဆာ (Bone tumours)
  • မျက်စိကင်ဆာ (Retinoblastoma)
  • ဝမ်းဗိုက်အတွင်း ဖြစ်တတ်သော အာရုံကြောကင်ဆာ(Neuroblastoma) နှင့်
  • ကျောက်ကပ်ကင်ဆာ (Wilms tumour) တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ယခင်ပုံမှန်ကျန်းမာနေသော ကလေးများတွင် တခြားရောဂါများကြောင့်မဟုတ်ဘဲ အောက်ပါ လက္ခဏာများ သိသိသာသာဖြစ်လာလျှင်၊ တဖြည်းဖြည်းပိုဆိုးလာလျှင် ကလေးကင်ဆာရောဂါများကို သံသယရှိသင့်သည်။

  • ရက်ရှည်ဆက်တိုက် အဖျားတက်ခြင်း – ကင်ဆာအမျိုးအစား အားလုံး၏လက္ခဏာ ဖြစ်နိုင်သည်
  • ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း – ကင်ဆာအမျိုးအစား အားလုံး၏လက္ခဏာဖြစ်နိုင်သည်
  • ခေါင်းအလွန်ကိုက်၍ မနက်စောစော အန်တတ်ခြင်း – ဦးနှောက်ကင်ဆာလက္ခဏာဖြစ်နိုင်သည်
  • အရိုးများ၊ အဆစ်အမြစ်များ၊ ကျောနှင့် ခြေလက်များ အဆက်မပြတ် နာကျင်ခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း – အရိုးကင်ဆာ၊ သွေးကင်ဆာများ၏ လက္ခဏာဖြစ်နိုင်သည်
  • လည်ပင်း၊ ချိုင်းကြား၊ ဝမ်းဗိုက်နှင့် ပေါင်ခြံများတွင် အလုံးအကျိတ်များပေါ်လာခြင်း – သွေးနှင့်ပြန်ရည်ကျိတ်ကင်ဆာများ၏ လက္ခဏာဖြစ်နိုင်သည်
  • သွေးထွက်လွယ်ခြင်း (သို့မဟုတ်) အရေပြားတွင် အနီစက်များထွက်ခြင်း၊ အညိုအမည်းကွက်များ ဖြစ်လွယ်ခြင်း – သွေးနှင့် ပြန်ရည်ကျိတ်ကင်ဆာများ၏လက္ခဏာဖြစ်နိုင်သည်
  • အသားအရောင်နှင့် မျက်လုံးများ ဖြူဖျော့နေခြင်း – သွေးနှင့်ပြန်ရည်ကျိတ်ကင်ဆာများ၏ လက္ခဏာဖြစ်နိုင်သည်
  • ဆက်တိုက် မောပန်းနွမ်းနယ်နေခြင်း – သွေးနှင့်ပြန်ရည်ကျိတ်ကင်ဆာများ၏ လက္ခဏာဖြစ်နိုင်သည်။
  • ဒယိမ်းဒယိုင်နှင့်လမ်းလျှောက်ခြင်း – ဦးနှောက်ကင်ဆာလက္ခဏာ ဖြစ်နိုင်သည်။
  • မျက်လုံး လှုပ်ရှားမှု ပုံမမှန်ခြင်း၊ မျက်စိစွေခြင်း၊ မျက်စိပြူးထွက်လာခြင်း၊ အမြင်အာရုံပြောင်းလဲခြင်းများ – မျက်စိနှင့် ဦးနှောက်ကင်ဆာလက္ခဏာ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများရှိလျှင်ကင်ဆာဟု အတိအကျမပြောနိုင်သော်လည်း ကင်ဆာရောဂါ၏ သဘာဝအရ စောစီးစွာသိရှိလျှင် အကောင်းဆုံးဖြစ်သောကြောင့် မိမိ၏မိသားစုဆရာဝန်နှင့် စောစီးစွာ တိုင်ပင်သင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာများ ပေါ်အခြေခံ၍ ကင်ဆာရောဂါရှာဖွေရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  1. သွေးစစ်ဆေးခြင်း – သွေးကင်ဆာ ကဲ့သို့ ရောဂါများကို ရှာဖွေဖော်ထုတ်ရန် အသုံးဝင်သည်
  2. အသားစယူ၍ စစ်ဆေးခြင်း (Biopsy) – အလုံးအကျိတ်များ၏ တည်နေရာ နှင့် အရွယ်အစားပေါ် မူတည်၍ တစ်ရှူးများမှ အသားစယူ၍ စစ်ဆေးနိုင်သည်
  3. ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow examination) – သွေးကင်ဆာရောဂါများအတွက် ‌ရောဂါအမျိုးအစား အတိအကျ သိရှိစေရန် အ‌ရေးကြီးဆုံးသော စစ်ဆေးမှုဖြစ်သည်၊ အခြားကင်ဆာရောဂါများတွင်လည်း ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့မှုကို သိရှိနိုင်သည်
  4. ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid-CSF) ကိုယူ၍ စစ်ဆေးခြင်း (lumbar puncture) – ထိုအရည်တွင် ကင်ဆာဆဲလ်များရှာဖွေခြင်းဖြင့် ‌ရောဂါသိရှိနိုင်သည်
  5. အာထရာဆောင်း (Ultrasound) – ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအလုံးအကျိတ်များကို ရှာဖွေရန် အသုံးပြုသည်
  6. ကွန်ပြူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန် (CT & MRI) – ကိုယ်တွင်းအင်္ဂါများတွင်ဖြစ်သော ကင်ဆာများနှင့် အရိုးကင်ဆာများအတွက် ရောဂါရှာဖွေရန်၊ အခြားနေရာများသို့ ပျံ့နှံ့မှုကိုစစ်ဆေးရန် အသုံးဝင်သည်။
ကုသခြင်း

ကင်ဆာဖြစ်ပွားသော ကလေး၏အသက်အရွယ်၊ အခြေအနေ၊ ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှုအနေအထား၊ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများပေါ် မူတည်၍ ကုသနည်းများစွာရှိသည်။

  • ခွဲစိတ်ကုသခြင်း
  • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
  • ကင်ဆာ ဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
  • ပင်မဆဲလ် (သို့မဟုတ်) ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Stem cell or bone marrow transplant) စသည်တို့ဖြစ်သည်။

ယေဘုယျအားဖြင့် ကလေးကင်ဆာ အများစုသည် စောစီးစွာ သိရှိပြီး အထက်ဖော်ပြပါ ကုသနည်း တစ်နည်းနည်းဖြင့် ထိရောက်စွာကုသပါက ပျောက်ကင်းအောင် ကုသနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါအသိနောက်ကျသော သို့မဟုတ် ကုသမှု ထိထိရောက်ရောက်မရသော ကလေးများတွင်မူ ကုသမှုခက်ခဲပြီး နောက်ဆက်တွဲပြဿနာများစွာ ကျန်ရစ်နိုင်သည်။

သို့သော် ခံစားနေရသော လက္ခဏာများ သက်သာစေရန် ဝေဒနာခံစားရမှု ညင်သာအောင် ပြုစုကုသပေးခြင်း (palliative care)ဖြင့် ရောဂါလက္ခဏာများ တစိတ်တစ်ပိုင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ အဆိုပါကုသမှုသည် ကင်ဆာရောဂါ လက္ခဏာများကို သက်သာစေသည့် အပြင် လူနာနှင့်မိသားစုဝင်များ၏ ဘဝနေထိုင်မှု အရည်အသွေးကိုပါ တိုးတက်စေနိုင်သည်။ ကုသမှုပြီးမြောက်သော ကလေးများကိုလည်း ကင်ဆာပြန်ဖြစ်နိုင်ခြင်း (recurrence)နှင့် ကုသမှု၏ နောက်ဆက်တွဲပြဿနာများကို သိရှိရန် ရက်ချိန်း ပုံမှန်ခေါ်ယူပြီး ဆက်လက်စောင့်ကြည့်မှုများ လိုအပ်သည်။

ကာကွယ်ခြင်း

ယေဘုယျအားဖြင့် ကလေးများတွင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်၍ မရပါ။ မည်သည့်လက္ခဏာမှမပေါ်ခင် ကြိုတင်စမ်းသပ်စစ်ဆေးမှုများဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်မှု နည်းပါးသည်။

သို့ရာတွင် ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ (ဥပမာ_ဆယ်ကျော်သက် အရွယ်များ ဆေးလိပ်၊ အရက် သောက်ခြင်း) စသည်တို့ကို ရှောင်ရှားစေခြင်း၊ အသဲရောင်ဘီပိုးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကဲ့သို့ဆေးများ ကြိုတင်ထိုးနှံပေးခြင်း စသည်တို့ဖြင့် အချို့ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
အရေးကြီးသည်မှာ အထက်ပါ ကင်ဆာသံသယလက္ခဏာများပေါ်လာလျှင် ချက်ချင်း မိမိ၏ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသစစ်ဆေးကုသမှု ခံယူရန်ဖြစ်သည်။

References:

  1. World Health Organization: WHO. (2021). Childhood cancer. Retrieved June 12, 2024, from https://www.who.int/news-room/fact-sheets/detail/cancer-in-children#:~:text=Key%20facts%201%20Each%20year%2C%20an%20estimated%20400,children%20with%20cancer%20are%20cured.%20. . .%20More%20items
  2. Types of Cancer that Develop in Children. (n.d.). American Cancer Society. Retrieved June 12, 2024, from https://www.cancer.org/cancer/types/cancer-in-children/types-of-childhood-cancers.html#:~:text=Learn%20the%20most%20common%20types%20of%20childhood%20cancers%20and%20get
  3. Childhood Cancer (Pediatric Cancer). (2024). Cleveland Clinic. Retrieved June 12, 2024, from https://my.clevelandclinic.org/health/diseases/24960-childhood-cancer
  4. Childhood Cancers. (2024). Cancer.gov. Retrieved June 12, 2024, from https://www.cancer.gov/types/childhood-cancers#:~:text=The%20most%20common%20types%20of%20cancer%20diagnosed%20in,trend%20information%20for%20certain%20types%20of%20childhood%20cancer.

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.