Methaemoglobinaemia (မက်ဟီမိုဂလိုဘင်များခြင်း)

Methaemoglobinaemia (မက်ဟီမိုဂလိုဘင်များခြင်း)

လူ့ခန္ဓာကိုယ်ရှိ သွေးနီဥများတွင် ပုံမှန်အားဖြင့်ပါဝင်သော ဟီမိုဂလိုဘင်ဓာတ် (haemoglobin) သည် ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည်။ မက်ဟီမိုဂလိုဘင် (methaemoglobin)မှာမူ ပုံမှန်မဟုတ်သည့် ဟီမိုဂလိုဘင်များဖြစ်ပြီး အောက်ဆီဂျင်ကို ကောင်းစွာသယ်ယူ ပို့ဆောင်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်း မက်ဟီမိုဂလိုဘင်ဓာတ် များလာပါက ပုံမှန်ဟီမိုဂလိုဘင်ဓာတ်နည်းလာပြီး ခြေ၊ လက်၊ နှုတ်ခမ်းများ ပြာခြင်း၊ မူးဝေခြင်းစသော အောက်ဆီဂျင်ပြတ်လပ်သည့် လက္ခဏာများ ဖြစ်ပေါ်စေသည်။ မက်ဟီမိုဂလိုဘင်များခြင်းသည် အဖြစ်နည်းသောရောဂါဖြစ်သော်လည်း အခြေအနေပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မက်ဟီမိုဂလိုဘင်သည် လူ့ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် ပမာဏ အလွန်နည်းပါးစွာ ရှိနေသည်။ မွေးရာပါ ရောဂါအနေနှင့်ဖြစ်စေ၊ ပြင်ပအကြောင်းရင်းများကြောင့်ဖြစ်စေ မက်ဟီမိုဂလိုဘင်ဓာတ် ပုံမှန်ထက်ပို၍ များပြားလာနိုင်သည်။ အများဆုံးတွေ့ရသော အကြောင်းရင်းမှာ နိုက်ထရိတ် (nitrate)၊ နိုက်ထရိုက် (nitrite) စသောပစ္စည်းများ ပါဝင်သည့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ စားမိခြင်း (ဥပမာ_ယမ်းစိမ်းများပြားစွာ ပါဝင်သော ကြက်အူချောင်းစားမိခြင်း)၊ အဆိုပါဓာတ်များ ရှူမိခြင်းစသည်တို့ကြောင့် ဖြစ်သည်။ အလားတူဓာတ်များ ပါဝင်သော သောက်ဆေး၊ လိမ်းဆေးများ၊ မူးယစ်ဆေးများ သုံးစွဲမိခြင်း၊ ပေါင်းသတ်ဆေးများ၊ သုတ်ဆေးများနှင့် ထိတွေ့မှုရှိခြင်း၊ သောက်သုံးရေတွင် နိုက်ထရိတ်ဓာတ်ပါဝင်မှု များပြားခြင်းများကြောင့်လည်း မက်ဟီမိုဂလိုဘင်များ ပိုမိုများပြားစေသည်။

ရောဂါလက္ခဏာများ

သွေးတွင်းရှိ မက်ဟီမိုဂလိုဘင်ပမာဏအပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွာခြားနိုင်သည်။ အတွေ့ရများသော လက္ခဏာများမှာ_

  • ခြေ၊ လက်၊ နှုတ်ခမ်းနှင့် လျှာများပြာခြင်း
  • မူးဝေခြင်း၊ အော့အန်ခြင်း
  • နုံးခြင်း၊ ပျော့ခွေခြင်း
  • အသားအရောင် ဖြူဖျော့သွားခြင်းတို့ ဖြစ်သည်။
Methaemoglobinaemia IMG

နောက်ဆက်တွဲပြဿနာများ

ရောဂါပြင်းထန်မှုနှင့် ထိရောက်သောကုသမှု စောစီးစွာရရှိခြင်း ရှိမရှိအပေါ် မူတည်သည်။ ‌ထိရောက်သော ကုသမှုကို အချိန်မီ ရရှိပါက နောက်ဆက်တွဲပြဿနာများ နည်းပါးသည်။

အလွန်ပြင်းထန်လျှင်

  • မှိန်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း
  • စကားမပီမသဖြစ်ခြင်း
  • အသက်ရှူ၊ နှလုံးခုန်နှုန်း ပုံမမှန်ခြင်းများဖြစ်ပေါ်လာနိုင်ပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မက်ဟီမိုဂလိုဘင်များခြင်း လက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်နှင့် စမ်းသပ်ချက်များအပေါ် မူတည်၍ ရောဂါသတ်မှတ်နိုင်သည်။ သွေး၊ ဆီးစသည်တို့ကို ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ဤရောဂါ၏ ထင်ရှားသောအချက်မှာ လူနာ၏သွေးသည် ပုံမှန် အနီရောင်မဟုတ်ဘဲ အညိုရောင်၊ အမည်းရောင် ပြောင်းနေတတ်ခြင်းဖြစ်သည်။ ချောကလက်အရောင်သွေး ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ကုသခြင်း

အရေးပေါ်ကုသမှုများပေးပြီးနောက် သင့်လျော်သောဖြေဆေးများဖြင့် ကုသရသည်။ အသက်ရှူ မမှန်ခြင်း၊ တက်ခြင်းစသော နောက်ဆက်တွဲပြဿနာများရှိပါက အသက်ရှူစက်တင်၍ ကုသခြင်းများ လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

မက်ဟီမိုဂလိုဘင် ဖြစ်စေသော အစားအသောက်များကို ရှောင်ကြဉ်ခြင်း၊ ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ညွှန်ကြားချက်အတိုင်းသာ သုံးစွဲခြင်းဖြင့် ကာကွယ်နိုင်သည်။

References:

  1. Methemoglobinemia in an Infant — Wisconsin, 1992. (1993). Retrieved June 12, 2024, from https://www.cdc.gov/mmwr/preview/mmwrhtml/00020077.htm#:~:text=Methemoglobinemia%20among%20infants%20is%20a,ingestion%20of%20nitrate%2Dcontaining%20water.
  2. Ludlow, J. T., Wilkerson, R. G., & Nappe, T. M. (2023). Methemoglobinemia. StatPearls – NCBI Bookshelf. Retrieved June 12, 2024, from https://www.ncbi.nlm.nih.gov/books/NBK537317/
  3. Methemoglobinemia. (2024). Cleveland Clinic. Retrieved June 12, 2024, from https://my.clevelandclinic.org/health/diseases/24115-methemoglobinemia
  4. Methemoglobinemia Following Unintentional Ingestion of Sodium Nitrite — New York, 2002. (2002). Retrieved June 12, 2024, from https://www.cdc.gov/mmwr/preview/mmwrhtml/mm5129a2.htm
  5. Sangsawang, C., Chuaydamrong, N., Luankaew, T., Thepparat, T., & Leesahud, N. (2022). Investigation of a Methemoglobinemia Outbreak Caused by Eating Sausages with High Concentrations of Nitrates and Nitrites in Trang Province, Thailand, January 2022. Outbreak Surveillance Investigation & Response (OSIR) Journal, 15(2). Retrieved June 12, 2024, from https://doi.org/10.59096/osir.v15i2.262422

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.