အာခေါင်အနောက် ဘေးတစ်ဖက်စီတွင်ရှိသော အာသီးများ နီရဲရောင်ရမ်းလာခြင်းကို အာသီးရောင်ခြင်းဟုခေါ်သည်။ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများကြောင့် ရောင်ရမ်းခြင်းဖြစ်သည်။ အာသီးသည် ကိုယ်ခံအားစနစ်တွင်ပါဝင်သည့် အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အာသီးရောင်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း (၅)နှစ် မှ (၁၅)နှစ်အရွယ် ကလေးများတွင် အာသီးရောင်ခြင်း အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဗိုင်းရပ်စ်ပိုးများ (အများဆုံးဖြစ်စေသော အကြောင်းရင်း)
- Herpes simplex virus and other herpes viruses
- Epstein-Barr virus (EBV)
- Cytomegalovirus
- Adenovirus
- Measles virus
- ဘက်တီးရီးယားပိုးများ (ရောဂါလက္ခဏာပိုဆိုးသည်)
- Streptococcus pyogenes and other bacteria
ကူးစက်နိုင်သည့် နည်းလမ်းများမှာ_
- ရောဂါပိုးရှိသူမှ နှာချေ၊ ချောင်းဆိုးလျှင်ထွက်သော အမှုန်အမွှားများမှတစ်ဆင့် ကူးခြင်း
- ရောဂါပိုးရှိသူ၏ နှာခေါင်း၊ ပါးစပ်မှထွက်သော အမှုန်အမွှားများ ကပ်ငြိနေသော အရာဝတ္ထုများကို ကိုင်မိပြီးနောက် မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်ကို ကိုင်တွယ်မိခြင်းတို့ကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ
- အာသီးများ နီရဲရောင်ကိုင်းနေခြင်း
- အာသီးတွင် အဖြူ (သို့မဟုတ်) အဝါရောင်အဖတ်များ ဖုံးနေခြင်း
- အာခေါင်နာခြင်း
- အစာမျိုရခက်ခြင်း၊ အစာမျိုချလျှင်နာခြင်း
- ဖျားခြင်း
- လည်ပင်းအကျိတ်များကြီးခြင်း
- အသံအက်ကွဲခြင်း
- ခံတွင်းအနံ့ နံခြင်း
- ဗိုက်အောင့်ခြင်း
- လည်ပင်းနာခြင်း၊ တောင့်တင်းခြင်း
- ခေါင်းကိုက်ခြင်း
ကလေးငယ်များတွင် ရောဂါလက္ခဏာခံစားနေရခြင်းကို မပြောပြတတ်သဖြင့် အာသီးရောင်လျှင်
- အစာစားရန် ငြင်းဆိုခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- မျိုရခက်ခြင်း
- နာကျင်ခြင်းကြောင့် သွားရည်ကျခြင်းများကို တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း
- အာသီး၏အနောက်တွင် ပြည်များစုခြင်း
- အာသီးပတ်လည်တွင် ပြည်တည်နာဖြစ်ခြင်း
- အာသီးအနီးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း
- မကြာခဏ အာသီးရောင်ခြင်း
- တစ်နှစ်အတွင်း အနည်းဆုံး (၇) ကြိမ် ရောင်ခဲ့ဖူးခြင်း
- (၂) နှစ်ဆက်တိုက် (၁) နှစ်လျှင် အနည်းဆုံး (၅) ကြိမ် ရောင်ခဲ့ဖူးခြင်း
- (၃) နှစ်ဆက်တိုက် အနည်းဆုံး (၁) နှစ်လျှင် (၃) ကြိမ် ရောင်ခဲ့ဖူးခြင်းကို ခေါ်သည်
ထို့ပြင် ဘက်တီးရီးယားကြောင့် အာသီးရောင်ခြင်းကို စနစ်တကျ ကုသမှုမခံယူခဲ့လျှင် နောက်ပိုင်းတွင် လေးဘက်နာရောဂါ ဖြစ်နိုင်သည်။ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော Group A streptococcus ဘက်တီးရီးယားပိုးကို ကိုယ်ခံအားစနစ်မှ တိုက်ထုတ်ရာတွင် နှလုံး၊ အဆစ်၊ အရေပြားနှင့် ဦးနှောက်အာရုံကြောတို့ကိုပါ မှားယွင်းစွာ တိုက်ခိုက်မိရာမှတစ်ဆင့် လေးဘက်နာရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်
- အဆစ်ကြီးများ နာကျင်ရောင်ရမ်းခြင်း (Arthritis)
- နှလုံးရောင်ရမ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း (Carditis)
- အဖုလေးများ အရေပြားအောက်တွင် ထွက်လာခြင်း (Subcutaneous nodules)
- အနီအကွက်များ ပေါ်ထွက်ခြင်း (Erythema marginatum)
- ခြေလက်များ ဂနာမငြိမ်ဘဲ အလိုအလျောက် အကြောဆွဲသကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း (Chorea) စသည့် လက္ခဏာများ ပေါ်လာနိုင်သည်
အလားတူပင် ကျောက်ကပ်ကို မှားယွင်းတိုက်ခိုက်သောအခါ ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပြီး ဆီးမသွားခြင်း၊ ဆီးထဲသွေးပါခြင်း၊ သွေးတိုးခြင်း၊ တစ်ကိုယ်လုံးဖောလာခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ မကြာခဏ အာသီးရောင်ခြင်း၊ ပြင်းထန်စွာ ဟောက်ခြင်းနှင့် အသက်ရှူရပ်ခြင်း စသည့်ပြဿနာများ ရှိလာပါက နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့်တိုင်ပင်၍ အာသီးဖြတ်ထုတ်ခြင်းကဲ့သို့ ခွဲစိတ်မှုများ လိုအပ်လာနိုင်သည်။
ရောဂါရှာဖွေခြင်း
အာသီးရောင်ခြင်း အကြောင်းရင်းကို ရှာဖွေရန် ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းနှင့် အာခေါင်တို့ဖတ်ယူ၍ ပိုးမွေးခြင်း၊ သွေးစစ်ခြင်းစသည်တို့ကို ပြုလုပ်လိမ့်မည်။ တစ်ခါတစ်ရံ လိုအပ်ပါက မိနစ်ပိုင်းအတွင်း Streptococci ပိုး ရှိမရှိ ချက်ချင်းအဖြေသိနိုင်သော စစ်ဆေးမှုများ (Rapid Strep test) ဖြင့် စစ်ဆေးနိုင်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အာသီးရောင်ခြင်းတွင် ပဋိဇီဝပိုးသတ်ဆေးပေးရန် မလိုသော်လည်း Streptococci ကြောင့်ဖြစ်ပါက ပိုးသတ်ဆေးပေးရန် လိုအပ်သောကြောင့် ခွဲခြားနိုင်ရန်ဖြစ်သည်။
ကုသခြင်း
အာသီးရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ မရှိလျှင်_
- အနားယူပါ
- အရည်များများသောက်ပါ
- ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး အာလုတ်ကျင်းပါ
- ရေနွေးငွေ့ရှူပါ
- လေကောင်းလေသန့်ရအောင် ထားပါ
- ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပါက ဆရာဝန်မှညွှန်ကြားသော ပဋိဇီဝပိုးသတ်ဆေးကို အချိန်မှန် ဆေးပတ်လည်အောင် သောက်ပါ
- အဖျားရှိပါက သို့မဟုတ် အာခေါင်နာပါက ပါရာစီတမောသောက်ပါ
ခွဲစိတ်ကုသခြင်း
သောက်ဆေးဖြင့် ပျောက်ကင်းခြင်းမရှိလျှင် သို့မဟုတ် အာသီး မကြာခဏရောင်လျှင် သို့မဟုတ် နာတာရှည် အာသီးရောင်လျှင် အာသီးခွဲထုတ်ခြင်း လုပ်ရနိုင်သည်။ ဆေးဝါးဖြင့်ကုသရန် ခက်ခဲသည့် အောက်ပါ နောက်ဆက်တွဲပြဿနာများတွင် အာသီးခွဲစိတ်ထုတ်ခြင်း ပြုရနိုင်သည်။
- အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း
- အသက်ရှူရခက်ခြင်း
- အစာမျိုရခက်ခြင်း
- ပိုးသတ်ဆေးမတိုးသော ပြည်တည်ခြင်း
ကာကွယ်ခြင်း
- လက်မကြာခဏဆေးခြင်း၊ အထူးသဖြင့် နှာခေါင်း၊ ပါးစပ်တို့ကိုမကိုင်ခင် ဆေးရန် လိုအပ်သည်
- ဖျားနာသူများနှင့် အစားအသောက်များ အတူတကွစားသုံးခြင်း သို့မဟုတ် ပန်းကန်၊ ခွက်၊ ဇွန်း၊ ရေဘူးများ မျှဝေသုံးစွဲခြင်းမှ ရှောင်ပါ
- သွားတိုက်တံကို (၃) လ တစ်ခါ အသစ်လဲပါ
- ကျောင်းနေသည့်ကလေးအရွယ်ဖြစ်လျှင် အခြားကလေးများအား ကူးစက်မှုမရှိစေရန် ပြင်းထန်မှုရှိပါက အိမ်တွင်နေစေခြင်း၊ ကျောင်းတက်မည်ဆိုလျှင် နှာခေါင်းစည်းတပ်စေခြင်း ပြုလုပ်ပါ
References:
- Mayo Clinic. (n.d.). Tonsillitis: Symptoms and causes. Mayo Clinic. Retrieved June 9, 2025, from https://www.mayoclinic.org/diseases-conditions/tonsillitis/symptoms-causes/syc-20378479
- Cleveland Clinic. (n.d.). Tonsillitis: Symptoms, causes & treatment. Cleveland Clinic. Retrieved June 9, 2025, from https://my.clevelandclinic.org/health/diseases/21146-tonsillitis
- Johns Hopkins Medicine. (n.d.). Tonsillitis. Johns Hopkins Medicine. Retrieved June 9, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/tonsillitis
- Centers for Disease Control and Prevention. (2024). About post-streptococcal glomerulonephritis. Centers for Disease Control and Prevention. Retrieved June 9, 2025, from https://www.cdc.gov/group-a-strep/about/post-streptococcal-glomerulonephritis.html
Published: 30 August 2024
Last updated: 16 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.