Brain abscess (ဦးနှောက်ပြည်တည်နာ)

Brain abscess (ဦးနှောက်ပြည်တည်နာ)

ဦးနှောက်ပြည်တည်နာဆိုသည်မှာ ဦးနှောက်အတွင်းပိုးဝင်ရာမှ ရောင်ရမ်းမှုဖြစ်စေပြီး ပြည်များစုလာခြင်း ဖြစ်သည်။ အမြှေးပါးဖြင့် ကာရံထားသော ထိုပြည်အစုအဝေးကို ဦးနှောက်အတွင်းတစ်နေရာ (သို့မဟုတ်) နေရာများစွာတွင်တွေ့နိုင်သည်။ ဖြစ်ပေါ်သည့်နေရာပေါ် မူတည်၍ ဦးနှောက်နှင့်အာရုံကြောများ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဦးနှောက်ပြည်တည်နာသည် အများအားဖြင့် ဘက်တီးရီးယားပိုးများ၊ မှိုပိုးများကြောင့် ဖြစ်လေ့ရှိသည်။ ယေဘုယျအားဖြင့် အောက်ပါတို့မှတစ်ဆင့် ဦးနှောက်ပြည်တည်နာ ဖြစ်နိုင်သည်။

  1. ဦးနှောက်အမြှေးရောင်ရောဂါ၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ နားအနောက်ရှိအရိုးတွင် ပိုးဝင်ခြင်း၊ သွားနှင့်မေးရိုးတွင် ပိုးဝင်ခြင်း၊ မျက်နှာနှင့်ဦးရေပြားတွင် ပိုးဝင်ခြင်း၊ ဦးခွံရိုးကျိုး ဒဏ်ရာရခြင်း စသည်တို့မှ ဦးနှောက်တွင်းသို့ ဘက်တီးရီးယားပိုးများ ဆက်လက်ပျံ့နှံ့ခြင်း
  2. သွေးတွင်းပိုးဝင်ရာမှတစ်ဆင့် ဦးနှောက်သို့ပျံ့လာခြင်း – အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ – အိတ်ချ်အိုင်ဗွီ HIV ရောဂါပိုးရှိသူများ၊ ကင်ဆာဆေးသွင်း ကုသမှုခံယူထားသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးမှု ပြုလုပ်ထားသူများ)တွင် အဖြစ်များသည်
  3. နှလုံးပိုးဝင်ရာမှတစ်ဆင့် ဦးနှောက်သို့ပျံ့လာခြင်း – နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာတတ်သော မွေးရာပါနှလုံးရောဂါများတွင် အတွေ့ရများသည်
Brain Abscess IMG 1

ရောဂါလက္ခဏာများ

အတွေ့ရများသောလက္ခဏာများမှာ_

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အပြုအမူနှင့်စကားပြောဆိုပုံ ပြောင်းလဲခြင်း
  • လမ်းလျှောက်ရာတွင် ပြဿနာရှိခြင်း
  • ခြေလက်များ တောင့်လာခြင်း
  • မှိန်းခြင်း၊ တက်ခြင်း စသည်တို့ဖြစ်သည်။

လသားအရွယ် ကလေးငယ်များတွင်မူ

  • ဖျားခြင်း
  • ငယ်ထိပ်ဖောင်းခြင်း
  • မှိန်းနေခြင်း
  • ပုံမှန်ထက်ဂျီကျခြင်း
  • အသံစူးစူးဖြင့်ငိုခြင်း
  • မပျို့ဘဲအန်ခြင်း
  • တက်ခြင်း အစရှိသည့် လက္ခဏာများ တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
  • ဦးနှောက်ပြည်တည်နာ တစ်ကြိမ်မကဖြစ်နိုင်ခြင်း (အထူးသဖြင့် ကိုယ်ခံအားနည်းသူများနှင့် မွေးရာပါ နှလုံးရောဂါရှိသူများ)
  • ဦးနှောက်ဖိအား အလွန်များလာပြီး အသက်ဆုံးရှုံးနိုင်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • အတက်ရောဂါဖြစ်ခြင်း
  • ဦးနှောက်ထိခိုက်ခြင်းကြောင့် ကိုယ်တစ်ခြမ်းအားနည်းခြင်း၊ အာရုံကြောအားနည်းခြင်း၊ အသိဉာဏ်နှင့်အပြုအမူပိုင်းဆိုင်ရာ ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။
‌ဆေးရုံ၊ ဆေးခန်းပြသရန်

ဦးနှောက်ပြည်တည်နာ လက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီးနောက် ဦးခေါင်းပြည်တည်နာဟု သံသယရှိပါက လိုအပ်သည့် သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ သွေးပိုးမွေးခြင်း စသည်တို့ ပြုလုပ်နိုင်သည်။

Brain Abscess IMG 2

ကုသခြင်း

ရောဂါကုသရာတွင် ကလေး၏အသက်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအတိမ်အနက်တို့ပေါ် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဦးခေါင်းပြည်တည်နာကို ကုသရာတွင် အရေးအကြီးဆုံးသည် ရောဂါကိုစောစီးစွာ သိရှိရန်ပင်ဖြစ်သည်။ ကုသခြင်းတွင် ခွဲစိတ်ကုသခြင်းနှင့် ဆေးဖြင့်ကုသခြင်းတို့ရှိသည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသခြင်းသည် ဦးနှောက်ပြည်တည်နာ‌ရောဂါအတွက် အဓိကကုသမှုဖြစ်သည်။ ပြည်တည်နာသည် အရွယ်အစားကြီးပါက ခွဲစိတ်ရန် လိုအပ်သည်။ ခွဲစိတ်ပြီးနောက် ရရှိလာသောပြည်ကို ပိုးမွေးခြင်း ပြုလုပ်နိုင်သည်။ ခွဲစိတ်ပြီးနောက်တွင်လည်း ပဋိဇီဝပိုးသတ်ဆေးများကို ရက်ပြည့်အောင် ဆက်လက်သောက်သုံးရမည်။

  • ပြည်စုပ်ထုတ်ခြင်း (aspiration)
    ပြည်တည်နာနေရာကိုကြည့်၍ ဦး‌ခေါင်းခွံရိုးတွင် အပေါက်ဖောက်ကာ ပြည်ကိုစုပ်ထုတ်ခြင်းဖြစ်သည်
  • ဦးခေါင်းခွံရိုး တစ်စိတ်တစ်ပိုင်း ဖယ်၍ ပြည်ထုတ်ခြင်း (Craniotomy)
    ပြည်တည်နာကို ဦး‌ခေါင်းခွံရိုးတွင် အပေါက်ဖောက်၍ စုပ်ထုတ်ရန်မဖြစ်နိုင်သော အခြေအနေများ (သို့မဟုတ်) ပြည်တည်နာများ မကြာခဏပြန်ဖြစ်ပေါ်တတ်သော အခြေအနေများတွင် ဦးခေါင်းခွံရိုး တစ်စိတ်တစ်ပိုင်းကို ဖယ်၍ ပြည်ထုတ်ခြင်းကို ပြုလုပ်နိုင်သည်၊ ပြည်တည်နာများဖယ်ရှားပြီးလျှင် ဦးခေါင်းခွံရိုးအား ပြန်၍ပိတ်သည်၊ နောက်ဆက်တွဲပြဿနာများ အနေဖြင့် မျက်နှာရောင်ခြင်း၊ သွေးခြည်ဥခြင်း၊ ခေါင်းကိုက်ခြင်း နှင့် သွေးခဲဖြစ်ခြင်းတို့ ဖြစ်နိုင်သည်

ဆေးဖြင့်ကုသခြင်း

ခွဲစိတ်ကုသရန် ခက်ခဲသော အောက်ပါဦးနှောက်ပြည်တည်နာများကို ဆေးဝါးများဖြင့် ကုသရသည်။

  • ပြည်တည်နာသည် အရွယ်အစား သေးငယ်ခြင်း
  • ဦးနှောက်အတွင်း နေရာအနှံ့ ပြည်တည်နာ အများအပြားရှိခြင်း
  • ခွဲစိတ်ရန် ခက်ခဲသော ဦးနှောက်အတွင်းပိုင်းထဲတွင် ပြည်တည်နာဖြစ်နေခြင်း
  • ပြည်တည်နာနှင့်တွဲ၍ ဦးနှောက်အမြှေးပါးရောင်ခြင်း
  • ပြည်တည်နာနှင့်တွဲ၍ ဦးနှောက်အတွင်းအရည်များစုနေခြင်း (Hydrocephalus) စသည်တို့ဖြစ်သည်။

ဆေးဝါးများတွင် ပဋိဇီဝပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အတက်ကျဆေးများ၊ ဦးနှောက်အတွင်းဖိအား လျော့ကျစေသော ဆေးဝါးများ ပါဝင်သည်။ ကလေး၏ရောဂါလက္ခဏာပေါ်မူတည်၍ ရက်ပြည့်အောင် ကုသရမည်။ ကလေးပြန်သက်သာလာသည့်နောက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာကုထုံးနှင့် စကားပြောခြင်းဆိုင်ရာကုထုံးတို့ဖြင့် လေ့ကျင့်ပေးရန် လိုအပ်သည်။

ကာကွယ်ခြင်း

ဦးနှောက်ပြည်တည်နာ‌ရောဂါသည် နားပြည်တည်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ သွားနှင့်မေးရိုးတွင် ပိုးဝင်ခြင်း၊ မျက်နှာနှင့် ဦးရေပြားတွင် ပိုးဝင်ခြင်းရောဂါများကြောင့် ဖြစ်နိုင်သဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာစွာပြုလုပ်ခြင်း၊ ရောဂါလက္ခဏာများရှိပါက သေချာစွာ ကုသမှုခံယူခြင်းဖြင့် လျှော့ချနိုင်သည်။ ကိုယ်ခံအားနည်းသည့် ကလေးများတွင်မူ ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်သောကြောင့် လူစုလူဝေးနေရာများအား ရှောင်ကြဥ်ခြင်း၊ ကိုယ်ခံအားကောင်းအောင်နေခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ ရောဂါပိုးဝင်ရောက်လာပါက စောစီးစွာကုသမှုခံယူခြင်းဖြင့် ‌နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။

References:

  1. Brain Abscess. (2024). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/brain-abscess
  2. Bokhari, M. R., & Mesfin, F. B. (2024). Brain Abscess. StatPearls – NCBI Bookshelf. Retrieved June 17, 2024, from https://www.ncbi.nlm.nih.gov/books/NBK441841/
  3. Wint, C. (2018). Brain Abscess. Healthline. Retrieved June 17, 2024, from https://www.healthline.com/health/brain-abscess
  4. Website, N. (2022). Brain abscess. nhs.uk. Retrieved June 17, 2024, from https://www.nhs.uk/conditions/brain-abscess/
  5. Cerebral Abscess. (2024). Johns Hopkins Medicine. Retrieved June 17, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/cerebral-abscess#:~:text=A%20cerebral%20abscess%20is%20a,to%20parts%20of%20your%20brain.

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.