အော်တစ်ဇင်ဆိုသည်မှာ ကလေးတစ်ဦး၏ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းတို့ ပုံမှန်မဟုတ်သော အခြေအနေတစ်မျိုးဖြစ်သည်။ ကလေး ငယ်စဥ်ဘဝမှစ၍ ဘ၀တစ်လျှောက်လုံး ဖြစ်နိုင်သည်။ အော်တစ်ဇင်သည် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတစ်မျိုးမဟုတ်ပါ။ Developmental disability ဟုခေါ်သော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပုံမမှန်ခြင်းတစ်မျိုးသာဖြစ်သည်။ လူမျိုး၊ ဘာသာ၊ နေရာ၊ ဒေသမရွေး တစ်ကမ္ဘာလုံးတွင်ဖြစ်နိုင်ပြီး ယောက်ျားလေးများသည် မိန်းကလေးများထက် (၄) ဆပို၍ ဖြစ်တတ်သည်။
တစ်ကမ္ဘာလုံး၌ (၁၉၇၀) ခန့်မှစ၍ အော်တစ်ဇင်ဖြစ်နှုန်း မြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် (၁၉၉၀) နောက်ပိုင်းတွင် သိသိသာသာ ပိုမိုများပြားလာသည်။ ဤသို့မြင့်တက်လာခြင်းမှာ အမှန်တကယ်ရောဂါဖြစ်ပွားနှုန်း မြင့်တက်ခြင်းကြောင့်သာမက စောစီးစွာ ထိထိရောက်ရောက် ကုသနိုင်ရန်အတွက် အော်တစ်ဇင်လက္ခဏာ သတ်မှတ်ချက်စံနှုန်းများ ပြောင်းလဲလာခြင်း၊ ဆရာဝန်များသာမက မိသားစု (သို့မဟုတ်) မိဘများအနေနှင့် အော်တစ်ဇင်လက္ခဏာများကို ပို၍သတိထားမိလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ထင်မြင်ယူဆချက် အမျိုးမျိုးရှိသော်လည်း ယခုအချိန်အထိ မည်သည့်အကြောင်းကြောင့် အော်တစ်ဇင်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးပါ။ တချို့သောသုတေသနများတွင် မျိုးဗီဇသည် အော်တစ်ဇင်ဖြစ်ရခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု တွေ့ရှိခဲ့သော်လည်း အမြဲမျိုးရိုးလိုက်သည့်ရောဂါဟု တိတိကျကျ မပြောနိုင်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေတချို့နှင့် ဆက်စပ်ကြောင်းလည်း တွေ့ရှိထားသည်။ ယခင်က ယူဆခဲ့ကြသကဲ့သို့ အော်တစ်ဇင်နှင့် ကာကွယ်ဆေးများသည် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါ။
အော်တစ်ဇင်လက္ခဏာများ
အော်တစ်ဇင်ကလေးတစ်ယောက်နှင့် ပုံမှန်ကလေးတစ်ယောက်အကြား အဓိကကွာခြားချက်မှာ ပြင်ပလောကနှင့် မည်သို့မည်ပုံ တုံ့ပြန်ဆက်ဆံကြသည် ဆိုသည့်အချက်ပင်ဖြစ်သည်။ အော်တစ်ဇင် လက္ခဏာအများစုကို ကလေးအသက် နှစ်နှစ်၊ သုံးနှစ်ခန့်တွင် စတင်တွေ့ရှိရသော်လည်း တချို့ကလေးများတွင်မူ အသက်တစ်နှစ်အောက်တွင်လည်းကောင်း၊ ကျောင်းနေအရွယ်ရောက်မှလည်းကောင်း သတိပြုမိတတ်သည်။ အော်တစ်ဇင်တစ်ဦးနှင့်တစ်ဦးသည်လည်း တွေးခေါ်ပုံ၊ ပြုမူပုံလက္ခဏာများ ထပ်တူညီမှု မရှိပါ။
အော်တစ်ဇင်လက္ခဏာများကို အောက်ပါနယ်ပယ်နှစ်ခုတွင် အဓိကတွေ့ရှိရသည်။
- လူမှုပေါင်းသင်းဆက်ဆံမှုနှင့် အပြန်အလှန်တုံ့ပြန်မှုနယ်ပယ် (Social communication and social interaction)
တွေ့ရှိရတတ်သော ဥပမာလက္ခဏာများမှာ_- စကားပြောနောက်ကျခြင်း (speech delay)၊ တတ်ပြီးသားစကားအချို့ မပြောတော့ခြင်း၊ အဓိပ္ပါယ်ဖော်မရသော အသံများထွက်ခြင်း၊ သံယောင်လိုက်ခြင်း
- တစ်ယောက်တည်း သီးသီးသန့်သန့် နေတတ်ပြီး ရွယ်တူကလေးအချင်းချင်း မကစားခြင်း၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အခက်အခဲရှိခြင်း
- သာမန်လူအများ နားလည်သော ကိုယ်ဟန်အမူအရာ၊ မျက်နှာအမူအရာ၊ အသံနေအသံထားတို့ကို နားမလည်ခြင်း၊ မိမိကိုယ်တိုင်လည်း အမူအရာမပြတတ်ခြင်း (ဥပမာ_လက်ညှိုးထိုးမပြတတ်ခြင်း)
- မျက်နှာချင်းဆိုင်၊ မျက်လုံးချင်းဆိုင်မကြည့်ခြင်း
- တခြားသူတို့၏ခံစားချက်၊ အမြင်ကို နားလည်ရန် အခက်အခဲရှိခြင်း
- ခေါ်လျှင်လှည့်မကြည့်ခြင်း၊ နားမကြားသူတစ်ဦးကဲ့သို့ တုံ့ပြန်ခြင်း
- အမူအကျင့်နှင့် စိတ်ဝင်စားမှု ထူးခြားချက်များနယ်ပယ် (Limited interests and repetitive behaviors)
တွေ့ရှိရတတ်သော ဥပမာလက္ခဏာများမှာ_- စိတ်ကူးပုံဖော်ရသော ကစားနည်းများကို မကစားနိုင်ခြင်း၊ ပုံမှန်မဟုတ်သော ကစားနည်းတစ်ခုတည်းကို ထပ်ခါထပ်ခါ ကစားနေတတ်ခြင်း
- အသံ၊ အရသာ၊ အထိအတွေ့ အစရှိသော အာရုံခံစားမှုများ ပုံမှန်မဟုတ်ခြင်း (ဥပမာ_အစားအသောက်၏ အရသာ၊ အပျော့အမာကို ရွေးချယ်ရာတွင် အလွန်ချေးများတတ်သည်၊ အသံတချို့ကို လုံးဝ သည်းမခံနိုင်ပါ)
- အသက်အရွယ်နှင့် လိုက်ဖက်သော စိတ်ဝင်စားစရာမဟုတ်သည့် ထူးထူးခြားခြား အကြောင်းအရာ၊ အရာဝတ္ထုတစ်ခုခု (ဥပမာ_သာမန်အဝတ်စလေးတစ်စ၊ ပန်ကာကဲ့သို့ လည်နေသော ပစ္စည်းများ) တို့နှင့် တစ်နေ့လုံး အချိန်ကုန်နေတတ်ခြင်း၊ အစွဲအလမ်းကြီးခြင်း၊ ထိုအရာဝတ္ထုကို သွားလေရာ ယူသွားတတ်ခြင်း
- အဝတ်အစား၊ အသုံးအဆောင်၊ အစားအသောက်စသည်တို့ကို ပြောင်းလဲပေး၍မရခြင်း
- သူ၏ထုံးစံ၊ အကျင့်တစ်ခုခုကိုဖောက်ဖျက်၊ ပြောင်းလဲမိလျှင် အလွန်အမင်း ပေါက်ကွဲဒေါသထွက်ခြင်း (ဥပမာ_သူတန်းစီထားသော အရုပ်တန်းကြီးကို သွားဖျက်မိခြင်း)
- ယခင်ကြည့်ခဲ့ဖူးသည့် ကာတွန်းကား၊ ရုပ်ရှင်စသည်တို့မှ အမူအရာ၊ သီချင်း၊ စကားပြောသံ စသည်တို့ကို ထပ်ခါထပ်ခါ ပြန်လည်ပြုမူနေတတ်ခြင်း
- လက်ခုပ်တီးခြင်း၊ လက်ခါခြင်း၊ ခန္ဓာကိုယ်ရှေ့နောက်လှုပ်ခြင်းစသည့် လှုပ်ရှားမှုများကို ထပ်ခါထပ်ခါ အချိန်ကြာရှည်စွာ ပြုလုပ်နေတတ်ခြင်း
သတိပြုရန်မှာ အထက်ပါလက္ခဏာတစ်ခု၊ နှစ်ခုရှိရုံမျှနှင့် အော်တစ်ဇင်မဟုတ်ပါ။ ကလေး၏ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုအပိုင်း၊ ပြောဆိုဆက်သွယ်သည့်အပိုင်း၊ ထူးထူးခြားခြားအမူအရာ၊ အမူအကျင့်၊ စွဲလမ်းမှု စသည့် နယ်ပယ်အတော်များများတွင် ပုံမှန်မဟုတ်သောအချက်များ ရှိရမည်။
ယှဉ်တွဲတွေ့ရသောရောဂါအခြေအနေများ
အော်တစ်ဇင်ကလေးတစ်ဦးနှင့်တစ်ဦး လက္ခဏာများ အတိအကျ မတူညီနိုင်သကဲ့သို့ ယှဉ်တွဲ၍ဖြစ်တတ်သော အခြားရောဂါအခြေအနေများလည်း မတူညီကြပါ။
အော်တစ်ဇင်ကလေးများတွင် ယှဉ်တွဲတွေ့ရတတ်သော ရောဂါအခြေအနေများမှာ_
- အတက်ရောဂါ (Epilepsy)
- အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲခြင်း (ADHD)
- စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများခြင်း (Anxiety and stress)
- ခန္ဓာကိုယ်ကြွက်သားများ ဟန်ချက်ညီစွာမလှုပ်ရှားနိုင်ခြင်း (Developmental coordination disorder)
- ကောင်းစွာအိပ်မပျော်ခြင်း (Sleep problems)
- အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (Gastrointestinal disorders)
- တွေးခေါ်မှု၊ မှတ်သားမှုနှင့် တုံ့ပြန်မှုဆိုင်ရာ အရည်အသွေးမညီမျှမှုများ (uneven Cognitive skills) – တချို့အော်တစ်ဇင်ကလေးများတွင် “savant” skills ဟုခေါ်သော အထူးကျွမ်းကျင်မှုများ ရှိကြသည်၊ အခြားနယ်ပယ်များမှာ အခက်အခဲများစွာရှိသော်လည်း သူတို့၏ မှတ်ဉာဏ်၊ သင်္ချာ၊ ဂီတ၊ အနုပညာ စသည်တို့တွင် အလွန်ထူးချွန်တတ်သည်
အော်တစ်ဇင်ဖြစ်ကြောင်း စစ်ဆေးခြင်း
အော်တစ်ဇင်ဖြစ်ကြောင်း သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ပြုလုပ်၍ မသိရှိနိုင်ပါ။ အော်တစ်ဇင်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွမ်းကျင်သူပညာရှင်များမှ ကလေး၏လက္ခဏာ၊ အမူအကျင့်၊ အခက်အခဲများကို ခြုံငုံသုံးသပ်ပြီး နိုင်ငံတကာမှ သတ်မှတ်ထားသော အော်တစ်ဇင်လက္ခဏာများ၊ စံနှုန်းများနှင့် တိုက်ဆိုင်စစ်ဆေးရသည်။
ကျွမ်းကျင်သူပညာရှင်များဟုဆိုရာတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းများအရ အော်တစ်ဇင်နှင့်ပတ်သက်၍ ကျွမ်းကျင်သော ကလေးစိတ်ပညာရှင်၊ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကလေးဆရာဝန်၊ ကလေးဦးနှောက်အာရုံကြော ဆရာဝန်၊ ကလေးစိတ်ကျန်းမာရေးဆရာဝန်နှင့် စကားပြောလေ့ကျင့်ပေးသော ပညာရှင် (Child Psychologist, Community/developmental pediatrician, Child neurologist, Psychiatrist, Speech therapist) များကို ဆိုလိုသည်။
ကလေး၊ မိဘတို့နှင့်အတူ အချိန်ပေး၍ ကလေး၏ တုံ့ပြန်မှု၊ ကစားပုံ၊ အသံ၊အမူအရာ စသည်တို့ကို အော်တစ်ဇင်လက္ခဏာများနှင့် တိုက်ဆိုင်စောင့်ကြည့်ရသည်။ မိဘကိုလည်း လိုအပ်သည့်မေးခွန်းများ မေးမြန်းရသည်။ AI နည်းပညာအသုံးပြုပြီး အော်တစ်ဇင်ကလေးများ၏ စကားပြောဆိုမှုနှင့် အပြုအမူပုံစံများ၊ မျက်လုံးလှုပ်ရှားမှုများကို ဆန်းစစ်ခြင်းဖြင့် အော်တစ်ဇင်သတ်မှတ်ခြင်းကို အထောက်အကူပြုသည်။
အော်တစ်ဇင်သံသယရှိသော ကလေးတိုင်းကို နား ကြားမကြား စမ်းသပ်သင့်သည်။ နားမကြားလျှင် နောက်ဆက်တွဲ စကားမပြောနိုင်သဖြင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း အခက်အခဲဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်နိုင်ငံများစွာတွင် မွေးကင်းစကလေးတိုင်းကို အကြားအာရုံ စမ်းသပ်ခြင်း (hearing screen) ပြုလုပ်ကြသည်။ တခြားယှဉ်တွဲလာသော ရောဂါလက္ခဏာများပေါ် မူတည်၍ ခဲဆိပ်သင့်သည်ဟု သံသယရှိပါက သွေးစစ်စမ်းသပ်ခြင်း၊ အတက်ရောဂါရှိပါက EEG စမ်းသပ်ခြင်း၊ အခြားဦးနှောက်အာရုံကြော ရောဂါလက္ခဏာများနှင့်တွဲနေပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ မျိုးဗီဇစမ်းသပ်ခြင်း (genetic tests) စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။
ဤသို့သော စမ်းသပ်စစ်ဆေးခြင်းများ၏ ရည်ရွယ်ချက်မှာ အော်တစ်ဇင်မှန်ကန်ကြောင်း၊ အော်တစ်ဇင်နှင့်တူသော အခြားရောဂါအခြေအနေများ မဟုတ်ကြောင်း သိရှိနိုင်ရန်၊ အော်တစ်ဇင်နှင့် တွဲလာတတ်သော ရောဂါအခြေအနေမျိုးကို သိရှိရန်နှင့် ကလေး၏ အားသာချက်၊ အားနည်းချက်၊ အထွေထွေ လုပ်ဆောင်နိုင်မှု အခြေအနေများ၊ မိဘနှင့်မိသားစုမှ ပံ့ပိုးပေးရန် လိုအပ်နိုင်သည်များ စသည်တို့ကို အကဲဖြတ်နိုင်ရန်တို့ ဖြစ်သည်။ ဤသို့စမ်းသပ်စစ်ဆေးခြင်းများမှ ရရှိလာသော အချက်အလက်များသည် လေ့ကျင့်ကုသရာတွင်လည်း များစွာအသုံးဝင်သည်။
ကုသခြင်း
လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်း၊ ဆေးဝါးမရှိသေးပါ။ သို့သော် အော်တစ်ဇင်ဖြစ်ကြောင်း စောစီးစွာဖော်ထုတ်သိရှိပြီး မှန်ကန်သော လေ့ကျင့်သင်ကြားမှုများ စနစ်တကျ ပုံမှန် ပြုလုပ်ပေးနိုင်ပါက သိသိသာသာတိုးတက်လာနိုင်ပြီး သူတစ်ပါးနှင့် မိသားစုအပေါ် အမှီအခိုနည်းနည်းဖြင့် ရပ်တည်နိုင်စွမ်း ရှိလာမည်။
အော်တစ်ဇင်ကလေးများကို ကုသရာတွင် အောက်ပါအပိုင်းများပါဝင်သည်။
- ကျွမ်းကျင်သော ဆရာ၊ ဆရာမများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားမှုများကို စောစီးစွာ၊ အချိန်မှန်မှန် သင်ကြားရန်နှင့် မိဘများကပါ နားလည်ပူးပေါင်းပါဝင်နိုင်ရန် အရေးကြီးပါသည်၊ လူမှုဆက်ဆံရေး၊ အပြုအမူနှင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များကိုလေ့ကျင့်ပေးရသည်၊ ဘာသာစကားနှင့် ဆက်သွယ်ရေးစွမ်းရည်များ တိုးတက်စေရန် အထူးလေ့ကျင့်ကုသပေးရသည်၊ လေ့ကျင့်သင်ကြားမှုများသည် မိဘများပါဝင်မှုအပေါ် မူတည်သဖြင့် မိဘများကိုလည်း အော်တစ်ဇင်သဘောတရား၊ လေ့ကျင့်နည်းလမ်းများအကြောင်း သင်ကြားပေးသင့်သည်၊ မိဘများအတွက် Parent Training Program တစ်ခုအနေဖြင့် အကြံဥာဏ်များ ပေးသင့်သည်
- အထူးပညာရေး (Special education)
အော်တစ်ဇင်ကလေးများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုနည်းလမ်းများကို အထူးပြုသင်ကြားပေးခြင်းဖြစ်သည် - အော်တစ်ဇင်လက္ခဏာနှင့် တွဲလာသော အခြားရောဂါအခြေအနေများကို ကုသခြင်း
ဥပမာ_အတက်ရောဂါ၊ အလွန်အမင်း ဂနာမငြိမ်ခြင်း၊ မအိပ်ခြင်းစသည်တို့နှင့် တွဲ၍ဖြစ်လာပါက ဆေးဝါးများ လိုအပ်နိုင်သည် - အသက်မွေးဝမ်းကျောင်းလေ့ကျင့်မှု (Vocational training)
အော်တစ်ဇင်ရှိသူများ အလုပ်အကိုင်ရရှိရန်နှင့် လူမှုဘဝတွင် ကိုယ်တိုင်ပါဝင်နိုင်စေရန် လိုအပ်သော ကျွမ်းကျင်မှုများကို သင်ကြားပေးခြင်းဖြစ်သည် - အဖွဲ့အစည်းများ၏ပံ့ပိုးမှု (Support by organizations)
မိသားစုများအား အော်တစ်ဇင်နှင့် ပတ်သက်သည့် မှန်ကန်သော သတင်းအရင်းအမြစ်များ၊ လမ်းညွှန်မှုနှင့် လူမှုအထောက်အပံ့များ ချိတ်ဆက်ပေးခြင်းဖြင့် အကူအညီပေးနိုင်သည်။
ကာကွယ်ခြင်း
အော်တစ်ဇင်သည် ကာကွယ်၍ရသော ရောဂါမဟုတ်ပါ။ သို့သော် အော်တစ်ဇင်ဖြစ်စဉ်ကို ယေဘုယျလေ့လာကြည့်လျှင် ဗီဇနှင့် ပတ်ဝန်းကျင်ရိုက်ခတ်မှုတို့သည် အဓိကအကျဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေတချို့နှင့် ဆက်စပ်ကြောင်းလည်း တွေ့ရှိထားသည်။ ထို့ကြောင့် ဗီဇကို ပြောင်းလဲပြုပြင်ကာကွယ်၍ မရသော်လည်း တချို့သော ပတ်ဝန်းကျင်ရိုက်ခတ်မှု အခြေအနေများကို ကြိုတင်ကာကွယ်နိုင်သည်။
အောက်ပါတို့ကိုအကြံပြုလိုသည်။
- မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်သင့်သည်၊ ဆေးလိပ်၊ အရက်သုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည်၊ မိခင်လောင်း၏ ကိုယ်ဝန်ဆောင်စဥ် စိတ်အေးချမ်းတည်ငြိမ်မှုသည် အရေးကြီးသည်
- မိခင်လောင်းသည် ကိုယ်ဝန်ကို ကျန်းမာရေးဝန်ထမ်းများနှင့် စောစီးစွာအပ်နှံ၍ ပုံမှန်ပြသရမည်
- ဆေးရုံ၊ ဆေးခန်းများတွင် မီးဖွားသင့်သည်
- ကာကွယ်ဆေးများကို စီမံချက်အတိုင်း သတ်မှတ်ချက်ပြည့်အောင် ထိုးနှံရမည်
- မိမိကလေးကို screen time မများစေရန် စနစ်တကျ စီမံစောင့်ရှောက်ရမည်
- မိမိကလေးကို မေတ္တာနှင့်ပြုစုစောင့်ရှောက်မှု အပြည့်ပေးနိုင်သော၊ အေးချမ်းလုံခြုံသော မိသားစုဘဝကို တည်ဆောက်ပါ
- အော်တစ်ဇင်လက္ခဏာများကို သံသယရှိလျှင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် အမြန်ပြသပါ
References:
- Autism Speaks. (n.d.). What is autism? Retrieved June 20, 2025, from https://www.autismspeaks.org/what-autism
- Mayo Clinic. (n.d.). Autism spectrum disorder – Symptoms and causes. Retrieved June 20, 2025, from https://www.mayoclinic.org/diseases-conditions/autism-spectrum-disorder/symptoms-causes/syc-20352928
- American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). American Psychiatric Publishing
- Jones, W., Klaiman, C., Richardson, S., Napolioni, V., Gregas, M., & Klin, A. (2023). Eye-tracking–based measurement of social visual engagement compared with expert clinical diagnosis of autism. JAMA, 330(9), 854–865. https://doi.org/10.1001/jama.2023.13295
Published: 30 August 2024
Last updated: 15 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.