ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (GBS) ဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ မိမိ၏ အာရုံကြောဆဲလ် (nerve cells) များကို မှားယွင်းစွာ တိုက်ခိုက်သော ရောဂါတစ်မျိုး ဖြစ်သည်။ ရုတ်တရက် ခြေ၊ လက် အားနည်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ ထုံကျဥ်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း အစရှိသည့် လက္ခဏာများ ခံစားရတတ်သည်။ လက္ခဏာများသည် ခြေထောက်မှစ၍ အထက်သို့ပျံ့နှံ့လာလေ့ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများအထိ အားနည်းလာပါက အသက်အန္တရာယ်ရှိလာနိုင်သည်။ အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သောရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
GBS ရောဂါ ဖြစ်စေသော အကြောင်းရင်းကို တိကျစွာ မသိရှိပါ။ သို့ရာတွင် ရောဂါဖြစ်သော ကလေးများ၏ (၆၀%) သည် လက္ခဏာများ မပြမီ လွန်ခဲ့သော (၆) ပတ် အတွင်းတွင် ရောဂါပိုးတစ်ခုခု ကူးစက်ခံရသည့် ရာဇဝင်ရှိတတ်သည်။ ဥပမာ _ ကိုဗစ်ရောဂါပိုး ကူးစက်ခံရခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး တစ်မျိုးမျိုး ဝင်ခြင်း၊ တချို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်သည့် လက္ခဏာများ ရှိခြင်းစသည်တို့ဖြစ်သည်။ ရောဂါပိုး ဝင်ရောက်လာချိန်တွင် ကိုယ်ခံအားစနစ်မှ အဆိုပါ ရောဂါပိုးအပြင် အာရုံကြောများကိုပါ အလွန်အကျွံ တုံ့ပြန်တိုက်ခိုက်သောကြောင့် အာရုံကြောစနစ် ပျက်ပြားရခြင်း ဖြစ်သည်။ အချို့ကာကွယ်ဆေးများကြောင့်ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေအလွန်နည်းသည်။ တစ်ခါတစ်ရံ ခွဲစိပ်ကုသမှု၏ နောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်သည်။
ရောဂါလက္ခဏာများ
ပထမဦးစွာ ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) ထုံကျဥ်ခြင်းများ ရုတ်တရက် ဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ် နှစ်ဖက်စလုံးကို ထိခိုက်နိုင်ပြီး ခြေထောက်တွင် စတင်ဖြစ်ပေါ်ကာ လက်နှင့်ခန္ဓာကိုယ် အပေါ်ပိုင်းသို့ ပျံ့နှံ့လာနိုင်သည်။ တစ်ရက်နှစ်ရက်အတွင်း အောက်ပါလက္ခဏာများ ဆက်လက်ဖြစ်ပေါ်လာသည်။
- ခြေထောက်ရှိ ကြွက်သားများ အားနည်းသောကြောင့် လမ်းလျှောက်ရန်ခက်ခဲခြင်း၊ လှေခါးတက်ရန်ခက်ခဲခြင်း၊ တဖြည်းဖြည်း မလှုပ်ရှားနိုင်ခြင်း
- ခြေထောက်၊ ကျောနှင့် လက်များတွင် ထုံကျဥ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း
- မျက်နှာ လှုပ်ရှားမှုများ ပြုလုပ်ရန်ခက်ခဲခြင်း
- စကားပြောရန် ခက်ခဲခြင်း
- အစာမျိုရန် ခက်ခဲခြင်း
- အမြင်အာရုံ နှစ်ထပ်မြင်ခြင်း (သို့မဟုတ်) မျက်လုံးမလှုပ်ရှားနိုင်ခြင်း အစရှိသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ ရောဂါ လက္ခဏာများမှာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း သိသိသာသာ ပိုမို ဆိုးရွားလာသည်။ စဖြစ်သည့်အချိန်မှ (၂) ပတ်အတွင်း အဆိုးဆုံး အခြေအနေဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
ခန္ဓာကိုယ်၏ အရေးကြီးသော နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အစာခြေခြင်းတို့ကို ထိန်းချုပ်သည့် အလိုအလျောက်အာရုံကြောတုံ့ပြန်စနစ်ကို ထိခိုက်မှုကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးခုန် စည်းချက်မမှန်ခြင်း
- သွေးပေါင်ချိန်အတက်အကျဖြစ်ခြင်း
- အစာမခြေနိုင်ခြင်း
- ဆီးချုပ် ဝမ်းချုပ်ဖြစ်ခြင်း၊ ဆီးဝမ်း မထိန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများအားနည်းခြင်းကြောင့် အသက်ရှူစက် ယာယီတပ်ရန် လိုအပ်တတ်သည်။ ရောဂါသက်သာ ပျောက်ကင်းလာလျှင်လည်း နောက်ဆက်တွဲအနေဖြင့် မသန်စွမ်းခြင်း၊ အကြောပျော့ခြင်းများ ကျန်နေခဲ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လက္ခဏာများသည် အချိန်တိုအတွင်း ပိုဆိုးလာနိုင်သောကြောင့် အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်းသည် အဓိကလက္ခဏာ ဖြစ်သောကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်သော အခြားရောဂါအုပ်စုများ (Acute flaccid paralysis) (ဥပမာ _ ပိုလီယိုရောဂါ၊ ကျောရိုးအာရုံကြောမကြီးရောဂါများ) နှင့် ခွဲခြားရန် လိုအပ်သည်။ ရောဂါရာဇဝင်နှင့် ဖြစ်စဥ်များကို ပြန်လည်သုံးသပ်ခြင်း၊ ကလေးအား သေချာစွာ စမ်းသပ်စစ်ဆေးခြင်း၊ ခါးဆစ်ရိုးကြားမှ CSF အရည်ယူ၍ ရောဂါရှာဖွေစစ်ဆေးခြင်း (Lumbar puncture)၊ အာရုံကြောနှင့်ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, EMG)၊ ကျောရိုး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI spine) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အာရုံကြောထိခိုက်ပျက်စီးမှုများ ပိုမဆိုးလာစေရန်၊ နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန်၊ ပြင်းထန်သော အခြေအနေများတွင် အရေးပေါ်ကုသမှုကို ခံယူသင့်သည်။ ရောဂါလက္ခဏာ စပေါ်သည့်အချိန်မှ နှစ်ပတ်အတွင်း ကုသမှုပေးနိုင်ပါက အချိန်တိုအတွင်း လျင်မြန်စွာ ကောင်းမွန်လာနိုင်သည်။ ကုသနည်းများမှာ_
- သွေးရည်ကြည် လဲလှယ်ကုသခြင်း (Plasma exchange)
- ကိုယ်ခံအားစနစ် မူမမှန် တုံ့ပြန်မှုကို ပြန်လည်တိုက်ခိုက်သော Intravenous immunoglobulin (IVIG) ဆေးဝါးများဖြင့် ကုသခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများကို ကုသခြင်း
- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်တို့ကို ဂရုတစိုက်နှင့် စောင့်ကြည့်ရန်လိုအပ်ပြီး အပြောင်းအလဲရှိပါက အချိန်မီ ကုသမှု ပေးခြင်း
- အသက်ရှူရန် ခက်ခဲသောသူများတွင် လိုအပ်လျှင် အသက်ရှူစက် တပ်ဆင်၍ ကုသမှု ပေးခြင်း
- အစာမစားနိုင်သဖြင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန် အကြောဆေးရည်များသွင်းပေးခြင်း၊ အာဟာရရရှိအောင် နှာခေါင်းပိုက်တပ်ဆင်၍ အစာထည့်ပေးခြင်း
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း စသည်တို့ပြုလုပ်နိုင်သည်။
Guillain-Barré syndrome (GBS) ကို ကုသရာတွင် သွေးရည်ကြည်လဲလှယ်ကုသခြင်း (plasma exchange) နှင့် Intravenous Immunoglobulin (IVIG) ကုထုံးများသည် အဓိကဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ရောဂါကို ပိုမိုနားလည်လာခြင်း၊ ကုသမှုနည်းလမ်းများ တိုးတက်လာခြင်းနှင့် ရေရှည်ရလဒ်များကို မြှင့်တင်နိုင်ခြင်း စသည့် ခေတ်မီတိုးတက်မှုများ ပေါ်ပေါက်လာခဲ့သည်။
ခေတ်မီရောဂါရှာဖွေမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှု
ယခင်က အာရုံကြောနှင့် ကြွက်သားဆိုင်ရာစမ်းသပ်မှုများ (EMG/NCS) နှင့် ကျောရိုးအရည်စစ်ဆေးမှုများ (Lumbar puncture) ကို အဓိကထား၍ ရောဂါရှာဖွေခဲ့သော်လည်း ယခုအခါ ပိုမိုတိကျသော ဇီဝမော်လီကျူးများကို ရှာဖွေစစ်ဆေးလာကြသည်။ Neurofilament Light Chain (NfL) ဟုခေါ်သော ဇီဝမော်လီကျူးများသည် အာရုံကြောများ ပျက်စီးမှုကို ဖော်ပြနိုင်သောကြောင့် သွေး သို့မဟုတ် ကျောရိုးအရည်တွင် NfL ပမာဏကို တိုင်းတာခြင်းဖြင့် ရောဂါ၏ ပြင်းထန်မှုနှင့် အချိန်မည်မျှကြာကြာ ပြန်လည်ကောင်းမွန်မည်ကို ကြိုတင်ခန့်မှန်းနိုင်ရန် အထောက်အကူပြုသည်။
ကုသမှုဆိုင်ရာ တိုးတက်မှုများ
IVIG နှင့် plasma exchange တို့သည် ရောဂါစတင်ဖြစ်ပွားပြီး ပထမဆုံး နှစ်ပတ်အတွင်း ကုသပါက အထိရောက်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ လက်ရှိတွင် ၎င်းတို့နှစ်ခုအပြင် အခြားသော ကုသမှုနည်းလမ်းသစ်များကိုလည်း သုတေသနများ ဆက်လက်ပြုလုပ်နေသည်။ ဥပမာအားဖြင့် ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းကို ဟန့်တားပေးသည့် Complement inhibitors ကဲ့သို့သော ဆေးဝါးများကိုလည်း စမ်းသပ်လေ့လာလျက်ရှိပြီး ရောဂါကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်ရန် မျှော်လင့်ထားသည်။
ပြန်လည်သန်စွမ်းရေးဆိုင်ရာ နည်းပညာများ
GBS ရောဂါမှ ပြန်လည်သက်သာလာချိန်တွင် ရေရှည်မသန်စွမ်းမှုများကို လျှော့ချရန်အတွက် ပြန်လည်သန်စွမ်းရေးကုထုံးများသည် အရေးပါလာသည်။ ယခုအခါ ကလေးများအတွက် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရန် စက်ရုပ်အကူအညီဖြင့် လေ့ကျင့်ခန်းများ (robot-assisted therapy) နှင့် virtual reality (VR) နည်းပညာများ ကို အသုံးပြုသည့် ကုထုံးများကိုလည်း စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။ ၎င်းနည်းပညာများသည် ကြွက်သားလှုပ်ရှားမှုနှင့် အာရုံကြောလုပ်ငန်းများကို အပြန်အလှန်တုံ့ပြန်နိုင်စေရန် ပိုမိုအထောက်အကူပြုသည်။
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် ကြိုတင်ကာကွယ်၍ မရပါ။ သို့သော် ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေရန်_
- ရောဂါပိုး အလွယ်တကူ မဝင်ရောက်နိုင်အောင် တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိအောင်နေပါ
- လက်ကို မကြာခဏဆေးပါ
- ကိုယ်ခံအားကောင်းစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
References:
- Mayo Clinic. (n.d.). Guillain–Barré syndrome: Symptoms and causes. Mayo Foundation for Medical Education and Research. Retrieved August 7, 2025, from https://www.mayoclinic.org/diseases-conditions/guillain-barre-syndrome/symptoms-causes/syc-20362793
- Van der Meche, F. G., van Doorn, P. A., Meulstee, J., & Jennekens, F. G. (2001). Diagnostic and classification criteria for the Guillain–Barré syndrome. European Neurology, 45(3), 133–139.
- Vajsar, J., Fehlings, D., & Stephens, D. (2003). Long-term outcome in children with Guillain–Barré syndrome. Journal of Pediatrics, 142(3), 305–309.
- Roodbol, J., de Wit, Y. M.-C., Aarsen, F. K., Catsman-Berrevoets, C. E., & Jacobs, B. C. (2014). Long-term outcome of Guillain–Barré syndrome in children. Journal of the Peripheral Nervous System, 19(2), 121–126.
- Jacobs, B. C., et al. (2022). New perspectives on Guillain–Barré syndrome from the International GBS Outcome Study (IGOS). Journal of Neurology, Neurosurgery & Psychiatry, 93(8), 831–840.
- Uncini, A., et al. (2023). Neurofilament light chain as a biomarker in Guillain–Barré syndrome: A systematic review. JAMA Neurology, 80(5), 519–528.
- Pfeiffer, M., et al. (2024). Complement inhibition in Guillain–Barré syndrome: A systematic review of current evidence. Neurology, 102(2), e208112.
- Kandil, A., et al. (2023). Use of robotics and virtual reality in the rehabilitation of children with neuromuscular disorders. Journal of Rehabilitation Medicine, 55, jrm00406.
- Van Doorn, P. A., et al. (2022). New treatments for Guillain–Barré syndrome. The Lancet Neurology, 21(8), 726–737.
Published: 30 August 2024
Last updated: 13 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.