ဆီးလမ်းကြောင်း၏ တစ်နေရာရာတွင် ရောဂါပိုးဝင်ခြင်းကို ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary tract infection[UTI]) ဟုခေါ်သည်။ ဆီးလမ်းကြောင်းဟုဆိုရာတွင်
- ကျောက်ကပ်
- ကျောက်ကပ်မှ ဆီးအိမ်သို့ ဆီးပို့ပေးသည့် ဆီးပို့ပြွန် (Ureter)
- ဆီးအိမ် (Bladder) နှင့်
- ဆီးအိမ်မှ ခန္ဓာကိုယ်ပြင်ပသို့ ဆီးစွန့်ထုတ်သည့် ဆီးစွန့်ပြွန် (Urethra) တို့ ပါ၀င်သည်။
၎င်းတို့အနက် ဆီးအိမ်နှင့် ဆီးစွန့်ပြွန်တို့ကို ဆီးလမ်းကြောင်း၏ အောက်ပိုင်းဟု သတ်မှတ်ပြီး ဆီးပို့ပြွန်နှင့် ကျောက်ကပ်တို့ကို ဆီးလမ်းကြောင်း၏ အထက်ပိုင်းဟု သတ်မှတ်သည်။ ရောဂါပိုးဝင်ရောက်သော နေရာပေါ် မူတည်၍ ရောဂါလက္ခဏာ ပြင်းထန်မှု ကွာခြားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းအများစုမှာ အီးကိုလိုင် (E.coli) ဟုခေါ်သော အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားပိုးသည် စအိုဝမှတစ်ဆင့် ဆီးစွန့်ပြွန်နှင့်ဆီးအိမ်ထဲသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် ဆီးပို့ပြွန်နှင့် ကျောက်ကပ်အထိ ဘက်တီးရီးယားပိုး ပျံ့နှံ့နိုင်ပြီး ပိုမိုပြင်းထန်သော ရောဂါဝေဒနာများ ခံစားရနိုင်သည်။ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါပိုးများကြောင့်လည်း ဆီးလမ်းကြောင်းထဲ ပိုးဝင်ရောက်ပြီး ရောင်ရမ်းစေနိုင်သည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေများသူများမှာ_
- အမျိုးသမီးများ (အမျိုးသမီးများ၏ ဆီးစွန့်ပြွန်မှာ ပိုတိုပြီး စအိုဝနှင့် ပို၍နီးသောကြောင့် ရောဂါပိုးဝင်ရောက်ရန် လွယ်ကူခြင်း)
- အသက်ကြီးသူများ
- လိင်ဆက်ဆံမှုရှိသူများ
- အမျိုးသမီးသုံးသားဆက်ခြားပစ္စည်း (Diaphragm) ကို အသုံးပြု၍ သားဆက်ခြားသူများ
- သွေးဆုံးပြီးသော အမျိုးသမီးများ
- ဆီးလမ်းကြောင်း ပုံသဏ္ဌာန်မမှန်သူများ
- ဆီးကျောက်တည်သူများ
- ဆီးကျိတ်ကြီးသူများ
- ကိုယ်ခံအားနည်းသူများ (ဥပမာ_ဆီးချိုရောဂါရှိသူများ)
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ
- ဆီးပိုက်တပ်ထားရသူများ
- ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ထားသူများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ဆီးလမ်းကြောင်းပိုးဝင်သူတိုင်း ရောဂါလက္ခဏာ မပြတတ်ပါ။ ဆီးလမ်းကြောင်းတစ်လျှောက် မည်သည့်နေရာတွင် ပိုးဝင်နေသည်ပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။
ဆီးစွန့်ပြွန်နှင့်ဆီးအိမ်တွင် ပိုးဝင်သည့်အခါ
- ဆီးသွားစဥ် ပူခြင်း၊ နာခြင်း၊ ကျဥ်ခြင်း
- ဆီး မကြာခဏသွားခြင်း
- ဆီးထဲတွင် သွေးပါခြင်း သို့မဟုတ် အဖြူနည်များပါခြင်း
- ဝမ်းဗိုက်အောက်ပိုင်းနှင့် ခါးနာကျင်ခြင်း
ကျောက်ကပ်အထိ ပိုးပျံ့နှံ့သွားသည့်အခါ
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- နုံးခြင်း
- ပျို့အန်ခြင်း
- ခါးအောက်ပိုင်း နာကျင်ခြင်း သို့မဟုတ် ခါး၏တစ်ဖက်တစ်ချက်တွင် နာကျင်ခြင်း
- သတိလစ်ခြင်းတို့အထိ ဖြစ်နိုင်သည်။
အသက်အရွယ်ကြီးသူများ၊ မှတ်ဥာဏ်အသိ ချို့ယွင်းသူများ၊ ဆီးပိုက်တပ်ထားရသူများတွင် ဆီးလမ်းကြောင်း ပိုးဝင်ပါက အောက်ပါလက္ခဏာများကို တွေ့ရနိုင်သည်။
- ပုံမှန်ပြုမူပြောဆိုပုံ ပြောင်းလာခြင်း – တစ်ခါတစ်ရံ စိတ်အလိုမကျခြင်း၊ ဂယောင်ဂတမ်းပြောခြင်း၊ ဂနာမငြိမ်ခြင်း
- ရုတ်တရက် ချမ်းတုန်လာခြင်း
- ဆီးပိုက်ဘေးမှ ဆီးများအပြင်သို့ ယိုလာခြင်း စသည်တို့ ဖြစ်သည်။
တစ်ခါတစ်ရံ လက္ခဏာများသည် မတိကျသောကြောင့် အခြားရောဂါများနှင့် မှားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- မကြာခဏဆီးပိုးဝင်ခြင်း
- ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း
- ကိုယ်ဝန်ဆောင်စဥ် ဆီးပိုးဝင်လျှင် ပေါင်မပြည့်၊ လမစေ့သော ကလေးမွေးဖွားနိုင်ခြင်း
- မကြာခဏဆီးပိုးဝင်မှုကြောင့် အမျိုးသားများတွင် ဆီးစွန့်ပြွန်ကျဥ်းလာခြင်း
- ဆီးပိုးသည် ကျောက်ကပ်အထိ ပျံနှံ့သွားပါက သွေးဆိပ်ပျံ့ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများဖြစ်ပေါ်လျှင် ဆရာဝန်နှင့်တိုင်ပင်ပြသပြီး ပိုးသတ်ဆေးကို ရက်ပြည့်အောင်သောက်၍ ပျောက်ကင်းအောင် ကုသနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သိရှိနိုင်ရန် ဆီးစစ်ဆေးခြင်း၊ ဆီးပိုးမွေးခြင်းတို့ဖြင့် သိရှိနိုင်သည်။ ထို့အပြင် လိုအပ်ပါက သွေးစစ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့် ဆီးလမ်းကြောင်းအတွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကုသခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း မပြင်းထန်ပါက ဆရာဝန်ညွှန်ကြားသည့် ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးကို အမျိုးသမီးများတွင် အနည်းဆုံး (၃) ရက်နှင့် အမျိုးသားများ၊ ကိုယ်ဝန်ဆောင်နှင့် ဆီးချိုရောဂါရှိသူများတွင် (၇)ရက် မှ (၁၄)ရက်အထိ ရက်ပြည့်အောင်သောက်၍ ပျောက်ကင်းအောင် ကုသနိုင်သည်
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပြင်းထန်လက္ခဏာရှိပါက လိုအပ်လျှင် ဆေးရုံတက်၍ ပဋိဇီဝပိုးသတ်ဆေး ထိုးဆေးတို့ဖြင့် ကုသရန် လိုအပ်နိုင်သည်
- မကြာခဏဆီးပိုးဝင်ခြင်းကို ဖြစ်စေသော နောက်ခံအကြောင်းရင်းများ (ဥပမာ_ဆီးလမ်းကြောင်း ပုံသဏ္ဌာန်မမှန်ခြင်း၊ ဆီးကျောက်တည်ခြင်း စသည်) တို့ကို ကုသရန် လိုအပ်သည်
ကာကွယ်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကာကွယ်ရန်
- ရေများများသောက်ပါ
- ဆီးသွားချင်လျှင် မအောင့်ထားပဲ ဆီးကို ကုန်သည်အထိသွားပါ
- အမျိုးသမီးများ အပေါ့သွားပြီးလျှင် ရေသုံးသန့်စင်ပါက အရှေ့မှ အနောက်သို့ ဆေးကြောပါ
- လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ
- လိင်အင်္ဂါနှင့် အနီးတစ်ဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
- အမျိုးသမီးသုံး သားဆက်ခြားပစ္စည်း (Diaphragm) အစား တခြားသင့်တော်သော သားဆက်ခြား နည်းလမ်းများကို ရွေးချယ်သုံးစွဲပါ
ဆက်လက်ဖတ်ရှုရန်
References:
- Cleveland Clinic. (2023). Urinary tract infections. Cleveland Clinic. Retrieved June 12, 2025, from https://my.clevelandclinic.org/health/diseases/9135-urinary-tract-infections
- National Health Service (NHS). (2023). Urinary tract infections (UTIs). NHS. Retrieved June 12, 2025, from https://www.nhs.uk/conditions/urinary-tract-infections-utis/
- National Library of Medicine. (2024). Urinary tract infection – adults. MedlinePlus. Retrieved June 12, 2025, from https://medlineplus.gov/urinarytractinfections.html
- Centers for Disease Control and Prevention. (2024). Urinary tract infection basics. U.S. Department of Health & Human Services. Retrieved June 12, 2025, from https://www.cdc.gov/uti/about/index.html#cdc_disease_basics_treatment-treatment
- Mayo Clinic. (2022). Urinary tract infection (UTI): Symptoms & causes. Retrieved June 12, 2025, from https://www.mayoclinic.org/diseases-conditions/urinary-tract-infection/symptoms-causes/syc-20353447
Published: 30 August 2024
Last updated: 21 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.