Sepsis (ပိုးဆိပ်ပျံ့နှံ့ခြင်း)

Sepsis (ပိုးဆိပ်ပျံ့နှံ့ခြင်း)

ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis) ဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ ရောဂါပိုး (ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး) ကို လွန်လွန်ကဲကဲ တုံ့ပြန်ခြင်းကြောင့်ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်၏ လွန်ကဲစွာတုန့်ပြန်မှုကြောင့် တစ်ရှူးနှင့်ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးပြီး အချိန်မီကုသမှု မခံယူခဲ့လျှင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးဝင်ရောက်သောအခါ ကိုယ်ခံအားစနစ်မှ ရောဂါပိုးကို တိုက်ထုတ်ရန် ကြိုးစားလုပ်ဆောင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ကိုယ်ခံအားစနစ်မှ ‌ရောဂါပိုးကို မတိုက်ထုတ်ဘဲ ခန္ဓာကိုယ်ရှိ ပုံမှန်တစ်ရှူးနှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးနိုင်သော ဓာတုပစ္စည်းများ ထုတ်လွှတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သောရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။ တစ်ချိန်ထဲမှာပင် ခန္ဓာကိုယ်၏ သွေးခဲမှုစနစ်တွင်လည်း ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကြောင့် သွေးကြောများတွင် သွေးခဲများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုနည်းသွားပြီး ပြင်းထန်သော ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှု (multiorgan failure) ဖြစ်လာသည်။
မည်သည့်ရောဂါပိုးမဆို ပိုးဆိပ်ပျံ့ခြင်းဖြစ်ပေါ်နိုင်သည်။ ဘက်တီးရီးယားပိုးကြောင့် အများဆုံးဖြစ်နိုင်ပြီး ဗိုင်းရပ်စ်ပိုး ၊ မှိုပိုးများကြောင့်လည်းဖြစ်နိုင်သည်။ အဆုတ်ထဲပိုးဝင်၍ အဆုတ်ရောင်ခြင်း (နမိုးနီးယား – pneumonia)၊ ဆီးလမ်းကြောင်း တစ်လျှောက်ပိုးဝင်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ဦးနှောက်အာရုံကြောတွင် ပိုးဝင်ခြင်း၊ အရေပြားတွင် ပိုးဝင်ခြင်းတို့ကြောင့် ပိုးဆိပ်ပျံ့နှံ့ခြင်း ဖြစ်ပေါ်နိုင်သည်။

ပိုးဆိပ်ပျံ့နှံ့ခြင်း ဖြစ်နိုင်ခြေများသူများမှာ_

  • အသက် (၆၅) နှစ်အထက် လူကြီးများ
  • မွေးကင်းစကလေးနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များ
  • ကိုယ်ဝန်ဆောင်များ
  • နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ _ ဆီးချိုရောဂါအဝလွန်ရောဂါနှင့် ကျောက်ကပ်ရောဂါ၊ နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ)
  • ကိုယ်ခံအားနည်းသူများ (ဥပမာ _ ကင်ဆာရောဂါ ကုသမှု ခံယူနေသူများ၊ အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများ၊ စတီးရွိုက်ဆေးများကို ကြာရှည်စွာသောက်သုံးနေရသူများ၊ မွေးရာပါ ကိုယ်ခံအားချို့တဲ့သော ရောဂါများ )
  • အခြားသောအကြောင်းများကြောင့် ဆေးရုံတက်နေရသူများ
  • ပြင်းထန်သော မီးလောင်ဒဏ်ရာ (သို့မဟုတ်) အနာရှိသူများ
  • ဆီးပိုက်၊ အသက်ရှူပိုက် တပ်ထားရသူများ (သို့မဟုတ်) သွေးကြောတွင်း ပိုက်ထည့်ထားသူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ပိုးဆိပ်ပျံ့နှံ့ခြင်း အဆင့် (၃) ဆင့်ရှိသည်။ ထိုအဆင့်များပေါ်တွင် မူတည်၍ ‌ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။

  1. ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
    ပိုးဆိပ်ပျံ့နှံ့ခြင်း၏ ပထမအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်မှ ရောဂါပိုးကို တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်တစ်လျှောက် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသောအဆင့်ဖြစ်သည်။ ထိုအဆင့်တွင် ရောင်ရမ်းခြင်းကြောင့် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြားပေါ်တွင် အနီစက်ပေါ်ခြင်းတို့ ဖြစ်ပေါ်စေသည်။
  2. ပြင်းထန်သော ပိုးဆိပ်ပျံ့နှံ့ခြင်း (Severe sepsis)
    ထိုအဆင့်တွင် ပိုမိုပြင်းထန်လာပြီး ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများ စတင်ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ဗိုက်နာခြင်း၊ ဆီးနည်းသွားခြင်း စသည့်လက္ခဏာများ ဖြစ်လာသည်။
  3. ပိုးဆိပ်ပျံ့သွေးလန့်ခြင်း (Septic shock)
    အပြင်းထန်ဆုံးအဆင့်ဖြစ်ပြီး သွေးပေါင်ချိန် အလွန်အမင်းကျဆင်းကာ သွေးလန့်ပြီး ရှော့ခ်ရသောကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (multiorgan failure) နှင့် သေဆုံးခြင်းတို့ကို လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ပိုးဆိပ်ပျံ့နှံ့ခြင်း ပိုဆိုးလာလျှင် သွေးလုံလောက်စွာ မရရှိသောကြောင့် အောက်ဖော်ပြပါ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးမှု (multiorgan failure) များဖြစ်ပေါ်လာသည်။

  • ဦးနှောက် လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်းကြောင့် ဂယောင်ဂတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း
  • ကျောက်ကပ်လုပ်ငန်း ပျက်စီး၍ ဆီးမသွားနိုင်ခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း (ARDS)
  • နှလုံးအဆို့ရှင်များ ထိခိုက်ပျက်စီးခြင်း
  • ပုံမှန်မဟုတ်သော သွေးခဲခြင်းကြောင့် သွေးခဲငယ်များဖြစ်ပေါ်ခြင်း၊ သွေးကြောများပေါက်ခြင်းနှင့်
  • သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ပိုးဆိပ်ပျံ့နှံ့ခြင်းကို သိရှိနိုင်ရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ သေချာစွာစမ်းသပ်ခြင်း၊ လိုအပ်သည့် သွေးများစစ်ဆေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေးမပေးခင် သွေး၊ ဆီးနှင့် သလိပ် ပိုးမွေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန်ရိုက်ခြင်း (သို့မဟုတ်) ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း တို့ပြုလုပ်နိုင်သည်။သည်။

ရောဂါရှာဖွေခြင်း

ပိုးဆိပ်ပျံ့နှံ့ခြင်းကို သိရှိနိုင်ရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ သေချာစွာစမ်းသပ်ခြင်း၊ လိုအပ်သည့် သွေးများစစ်ဆေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေးမပေးခင် သွေး၊ ဆီးနှင့် သလိပ် ပိုးမွေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန်ရိုက်ခြင်း (သို့မဟုတ်) ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း တို့ပြုလုပ်နိုင်သည်။

ကုသခြင်း

ပိုးဆိပ်ပျံ့နှံ့ခြင်းကို လျှင်မြန်စွာသိရှိပြီး အမြန်ဆုံး အ‌ရေးပေါ်ကုသမှုခံယူရန် အရေးအကြီးဆုံးဖြစ်သည်။ ပိုးဆိပ်ပျံ့နှံ့ခြင်းရှိပါက ဆေးရုံတက်၍ အောက်ဖော်ပြပါ ကုသမှုများပေးရန် လိုအပ်သည်။

  • ဘက်တီးရီးယားပိုးဝင်လျှင် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း (Antibiotics)
  • သွေးပေါင်ကျခြင်းမှ ကာကွယ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို ထိန်းသိမ်းရန် သွေးကြောမှတစ်ဆင့် ရေဓာတ်ဖြည့်ပေးခြင်း (Intravenous fluids)
  • သွေးပေါင်ပြန်တက်စေသော ဆေးများပေးခြင်း (Vasopressor medications)
  • ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုရှိလျှင် သက်ဆိုင်ရာ ကုသမှုများပေးခြင်း [ဥပမာ _ ကျောက်ကပ်ထိခိုက်ပျက်စီးလျှင် ကျောက်ကပ်ဆေးခြင်း (Dialysis)၊ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးလျှင် အသက်ရှူစက်တပ်ခြင်း (mechanical ventilation)]
  • ခွဲစိတ်ကုသခြင်း (ပြည်များ၊ ပိုးဝင်နေသော၊ မကောင်းသော တစ်ရှူးများ ဖယ်ရှားခြင်း)
ကာကွယ်ခြင်း

ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသည်နှင့် မိသားစုဆရာဝန်အား စောစီးစွာပြသရမည်။ သင့်တော်သည့် ပဋိဇီဝပိုးသတ်ဆေးများဖြင့် အချိန်မီကုသမှု ခံယူနိုင်ခြင်းသည် ပိုးဆိပ်ပျံ့နှံ့ခြင်းအဆင့်သို့ မရောက်ရှိရန် ကာကွယ်ခြင်းဖြစ်သည်။ ထို့အပြင် ပိုးဝင်ခြင်းကိုကာကွယ်ရန် အောက်ပါနည်းလမ်းများကိုလည်း လုပ်ဆောင်နိုင်သည်။

  • လက်ဆေးခြင်း အပါအဝင် တစ်ကိုယ်‌ရေသန့်ရှင်းမှု ရှိအောင် နေထိုင်ရမည်
  • ဓားရှခြင်းနှင့် အခြားသောအနာများကို သန့်ရှင်းအောင်ထားပြီး အနာမခြောက်မချင်း ဖုံးအုပ်ထားရမည်
  • ကာကွယ်ဆေးများကို အသက်အရွယ်၊ အချိန်အခါအလိုက် ပြည့်စုံအောင် ထိုးထားရမည်
  • နာတာရှည်ရောဂါများရှိပါက ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး ကုသမှုခံယူရမည်
  • ရောဂါပိုးဝင်သည်ဟု သံသယရှိပါက ဆရာဝန်များနှင့်တိုင်ပင်၍ ကုသမှုကို ချက်ချင်းခံယူရမည်

References:

  1. Mayo Clinic. (2023). Sepsis – Symptoms & causes. Mayo Clinic. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/sepsis/symptoms-causes/syc-20351214
  2. Cleveland Clinic. (2025). Sepsis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/12361-sepsis
  3. World Health Organization. (2024). Sepsis. Retrieved June 26, 2025, from https://www.who.int/news-room/fact-sheets/detail/sepsis

Published: 30 August 2024

Last updated: 2 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.