အေဒီအိတ်ချ်ဒီ (ADHD) ဆိုသည်မှာ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပုံမမှန်ခြင်းတစ်မျိုးဖြစ်ပြီး အာရုံစူးစိုက်မှုနည်းခြင်း၊ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ခြင်းနှင့် တက်ကြွမှုလွန်ကဲခြင်း စသောလက္ခဏာများ တွေ့ရှိရတတ်သည်။ ပုံမှန်အားဖြင့် ကလေးအများစုသည် အာရုံစူးစိုက်နိုင်ရန်၊ လမ်းညွှန်ချက်များကို နားထောင်လိုက်နာရန်၊ မိမိအလှည့်ကိုစောင့်ရန်စသော အမူအကျင့်များ လုပ်ဆောင်နိုင်ရေးသည် အမြဲမလွယ်ကူလှပါ။ ကလေးများအတွက် ဆော့ကစားခြင်းသည် ပုံမှန်ဖြစ်သော်လည်း အေဒီအိတ်ချ်ဒီကလေးများသည် ပုံမှန်အဆင့်ထက် များစွာလွန်ကဲပြီး မိမိကိုယ်မိမိထိန်းချုပ်ရန် ပိုမိုခက်ခဲသောကြောင့် နေရာတိုင်းတွင် မကြာခဏပြဿနာ ဖြစ်လေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အေဒီအိတ်ချ်ဒီဖြစ်ရသည့် အကြောင်းရင်းကို အတိအကျမသိပါ။ အချို့တွင် မျိုးရိုးလိုက်တတ်ပြီး မျိုးဗီဇတချို့ကြောင့် ဖြစ်ပေါ်နိုင်ကြောင်းတွေ့ရှိရသည်။ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (neurotransmitters- dopamine,norepinephrine) မျှတမှုမရှိခြင်း၊ ဆိုးဆေးများ (artificial food colorings) နှင့် ကြာရှည်ခံဆေးများ (preservatives) ပါဝင်သောအစားအစာများကို စားသုံးခြင်းစသည်တို့သည် ADHD လက္ခဏာများကိုဖြစ်ပေါ်စေကြောင်းသုတေသနများအရ တွေ့ရှိလာရသည်။
ဖြစ်နိုင်ခြေများသူများ
- ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးများ သုံးစွဲသည့်မိခင်မှ မွေးဖွားလာသော ကလေးများ
- ပေါင်မပြည့်၊ လမစေ့ဘဲ မွေးဖွားလာသော ကလေးများ
- ခဲဓာတ်ပါဝင်မှုများသော အိမ်သုတ်ဆေးများနှင့် ထိတွေ့ခြင်း၊ ခဲဖြင့်ပြုလုပ်ထားသော ရေပိုက်လိုင်းများမှ ရေကိုသုံးစွဲမိခြင်းတို့မှ ခဲဆိပ်သင့်သောကလေးများ (Lead poisoning)
- မိသားစုနှင့် မောင်နှမသားချင်းများတွင် အေဒီအိတ်ချ်ဒီရောဂါ (သို့မဟုတ်) အခြားစိတ်ကျန်းမာရေးဆိုင်ရာ ရောဂါရာဇဝင်ရှိသူများတွင်လည်း အေဒီအိတ်ချ်ဒီလက္ခဏာများ ပိုမိုတွေ့ရှိရသည်။
ရောဂါလက္ခဏာများ
အေဒီအိတ်ချ်ဒီလက္ခဏာများသည် အစောဆုံး ကလေးအသက် (၂) နှစ်၊ (၃) နှစ်မှစ၍ အထူးသဖြင့် ကျောင်းနေစဉ်ကာလတွင် စတင်တွေ့ရှိရတတ်ပြီး လူကြီးဖြစ်လာချိန်တွင် လက္ခဏာများ လျော့ပါးသွားနိုင်သော်လည်း လုံးဝပျောက်ကင်းသွားခြင်းမရှိပါ။ လက္ခဏာများပေါ် မူတည်၍ အဓိကအားဖြင့် အုပ်စု (၃) စုခွဲခြားနိုင်သည်။
- အာရုံမစူးစိုက်နိုင်သော ADHD ကလေးများ (Inattention)
အတွေ့ရများသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။- မိမိလုပ်နေသော အလုပ်ပေါ်တွင် တောက်လျှောက်အာရုံမစိုက်နိုင်ဘဲ မကြာခဏ အာရုံပျံ့လွင့်နေတတ်သည်၊ ငေးမောနေတတ်သည်
- ကျောင်းစာ၊ အိမ်စာများ သတ်မှတ်ချိန်အတွင်း မပြီးခြင်း၊ လုပ်ရန်မေ့နေတတ်ခြင်း၊ အစသာလုပ်ပြီး အဆုံးမသတ်နိုင်ခြင်း၊ ဖြစ်သလိုလုပ်လာခြင်း၊ မမှားသင့်သော အမှားများ မကြာခဏမှားတတ်ခြင်း စသည်တို့တွေ့ရတတ်သည်
- အာရုံစူးစိုက်၍ လုပ်ရလေ့ရှိသော အလုပ်များကို ငြီးငွေ့လာတတ်သည်
- ပစ္စည်းများ မကြာခဏ ပျောက်တတ်သည်
- ဆော့ကစားနေသည့် အချိန်တွင်လည်း တစ်နေရာတည်း သို့မဟုတ် ကစားစရာတစ်မျိုးတည်းတွင် ငြိမ်သက်စွာဆော့လေ့မရှိဘဲ နေရာမလပ်၊ မရပ်မနားဆက်တိုက် မျိုးစုံဆော့တတ်ကြသည်
- အနာအကျင်ဒဏ်ကို ခံနိုင်ကြသည်၊ ပြောနေသောစကားကိုလည်း အာရုံစူးစိုက်နားထောင်လေ့မရှိပါ
- တက်ကြွမှုလွန်ကဲပြီး မိမိကိုယ်မိမိ မထိန်းချုပ်နိုင်သော ADHD ကလေးများ (Hyperactivity and impulsivity)
အတွေ့ရများသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။- တစ်နေရာတည်းတွင် ငြိမ်ငြိမ်ထိုင်မနေနိုင်ခြင်း၊ ထိုင်နေလျှင်လည်း ခြေ၊ လက်၊ ပါးစပ်အငြိမ်မနေဘဲ ထိန်းချုပ်ရအလွန်ခက်ခဲခြင်း၊ စကားအလွန်များခြင်း စသည်တို့တွေ့ရတတ်သည်
- အလွန်အမင်းပြေးလွှား ဆော့ကစားခြင်း၊ အမြင့်တက်ခြင်း၊ အမြဲခုန်ပေါက်နေခြင်းတို့လည်း မကြာခဏတွေ့ရတတ်သည်
- မစဉ်းစားဘဲ၊ ခွင့်မတောင်းဘဲ၊ မိမိအလှည့်မစောင့်ဘဲ ပြုမူပြောဆိုခြင်း၊ အတင်းလု၍ မေးခွန်းမေးခြင်းများ ပြုလုပ်တတ်သည်
- ဤကဲ့သို့မလုပ်ရန် ထိန်းချုပ်လျှင် မကြာခဏ စိတ်ပေါက်ကွဲတတ်သည်
- အထက်ပါလက္ခဏာနှစ်မျိုးစလုံး ရှိနေသော ADHD ကလေးများ
အာရုံစူးစိုက်မှုလွန်ကဲခြင်းအပြင် တက်ကြွမှုလွန်ကဲခြင်းနှင့် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ခြင်း လက္ခဏာများအားလုံး တွေ့ရှိရနိုင်သည်။
အေဒီအိတ်ချ်ဒီလက္ခဏာများကို ယောက်ျားလေးများတွင်ပို၍ တွေ့ရှိရတတ်သည်။ ယောက်ျားလေးများ၌ တက်ကြွမှုလွန်ကဲသော၊ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်သော လက္ခဏာများကို ပိုမိုတွေ့ရှိရသည်။ မိန်းကလေးများ၌မူ အာရုံစူးစိုက်မှုနည်းသော လက္ခဏာများ အတွေ့ရများသည်။
အထက်ပါလက္ခဏာများကို ပုံမှန်ကလေးငယ်များတွင်လည်း မကြာခဏတွေ့ရလေ့ရှိပြီး ထိုသို့တွေ့ရတိုင်း အေဒီအိတ်ချ်ဒီဟု မပြောနိုင်ပါ။ ပုံမှန်ကလေးများသည် အသက်ကြီးလာလျှင် အမူအကျင့်များကို သဘာဝအလျောက် ထိန်းချုပ်လာနိုင်ပြီး အေဒီအိတ်ချ်ဒီ ကလေးများမှာမူ ထိုသို့မထိန်းချုပ်နိုင်ဘဲ အိမ်ရော၊ ကျောင်း၌ပါ ပြဿနာမျိုးစုံဖြစ်လာသည်။
ADHD လက္ခဏာများသည် လူကြီးဘဝအထိ ဆက်လက်ရှိနေနိုင်ပြီး စိတ်ဓာတ်ကျခြင်း၊ မိမိ၏အလုပ်အကိုင်ကို ထိခိုက်လာခြင်း၊ ဆုံးဖြတ်ချက်များချရန်ခက်ခဲခြင်းစသည့် ပြဿနာများ ကြုံတွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အေဒီအိတ်ချ်ဒီကလေးများတွင်
- စာသင်ချိန်များတွင် အာရုံမစိုက်နိုင်ခြင်း၊ ငြိမ်ငြိမ်ထိုင်မနေနိုင်ခြင်းတို့ကြောင့် သင်ခန်းစာများ မလိုက်နိုင်ခြင်း၊ စာမေးပွဲရမှတ်နည်းခြင်းနှင့် အဆင့်ကျခြင်း
- ရွယ်တူသူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ခက်ခဲခြင်း၊ ဆရာများမှလည်း နားလည်မှုလွဲနိုင်ခြင်း
- အန္တရာယ်ကို နားမလည်ဘဲ အလွန်အမင်းပြေးလွှားဆော့ကစားခြင်းကြောင့် မတော်တဆဖြစ်နိုင်ခြေနှင့် ထိခိုက်ဒဏ်ရာ ရနိုင်ခြေများခြင်း
- Tics ဟုခေါ်သော အကြောဆွဲ၊ အသံထွက် အပြုအမူများဖြစ်ခြင်း
- မိမိကိုယ်ကို ယုံကြည်လေးစားရန် ခက်ခဲလာခြင်း
- အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများစွာ ခံစားရခြင်း
- အရက်နှင့် မူးယစ်ဆေးဝါးစသည်တို့ကို သုံးစွဲနိုင်ခြေ မြင့်မားခြင်း
- အရာရာ ဆန့်ကျင်ဘက်လုပ်တတ်ခြင်း
- မိမိကိုယ်မိမိ သတ်သေချင်စိတ်များ မကြာခဏတွေးမိခြင်း၊ သတ်သေရန်ကြိုးစားနိုင်ခြေများခြင်းစသည့် နောက်ဆက်တွဲပြဿနာများစွာ တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သက်ဆိုင်ရာ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အေဒီအိတ်ချ်ဒီ ဟုသတ်မှတ်နိုင်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရသည်။
- အာရုံမစူးစိုက်နိုင်ခြင်း၊ တက်ကြွမှုလွန်ကဲခြင်းစသည့် လက္ခဏာများရှိခြင်း
- အဆိုပါလက္ခဏာများကို ငယ်ရွယ်စဉ်ကတည်းက စတင်တွေ့ရှိလာခဲ့ပြီး ကျောင်းနေချိန်အရွယ် ရောက်လာသော်လည်း အမူအကျင့် မထိန်းချုပ်နိုင်ဘဲ ပြဿနာများပိုမိုဖြစ်ပေါ်လာခြင်း
- အဆိုပါလက္ခဏာများကို ပတ်ဝန်းကျင် နေရာအနေအထားနှစ်ခုထက်မက (ဥပမာ_အိမ်၊ ကျောင်း၊ ကစားကွင်း၊ စားသောက်ဆိုင်စသည့်နေရာစုံ) ၌ တွေ့ရှိရပြီး ကလေး၏ ပညာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး စသည်တို့ထိခိုက်လာခြင်း
- အဆိုပါလက္ခဏာများကိုဖြစ်စေသည့် အခြားသော ရောဂါအခြေအနေများမရှိခြင်း [ဥပမာ _ အမြင်အာရုံချို့ယွင်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ အထွေထွေဖွံ့ဖြိုးမှုနောက်ကျခြင်း၊ သိုင်းရွိုက်အကျိတ်မှ ဟော်မုန်းလွန်ကဲစွာထွက်ခြင်း၊ Obstructive sleep apnoea (အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်း) စသည့် အချက်များဖြစ်သည်။]
အေဒီအိတ်ချ်ဒီ ဟုသတ်မှတ်နိုင်ရန် သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်ရန်မလိုပါ။ မိဘအုပ်ထိန်းသူများထံမှ ကလေးနှင့်ပတ်သက်သော ရောဂါရာဇဝင်ကိုမေးမြန်းခြင်း၊ ကလေးကို စမ်းသပ်စစ်ဆေးကြည့်ရှုခြင်းနှင့် ဆရာ၊ ဆရာမများထံမှ ကလေးနှင့်ပတ်သက်သော အချက်အလက်များ မေးမြန်းခြင်းတို့ လုပ်ဆောင်ပြီး ရောဂါအမည်တပ်ရှာဖွေနိုင်သည်။ အေဒီအိတ်ချ်ဒီရောဂါနှင့် လက္ခဏာဆင်တူသော အခြားရောဂါများနှင့်လည်း ခွဲခြားရန်လိုအပ်သောကြောင့် ကလေးအထူးကုဆရာဝန်၊ ကလေးဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်များနှင့် အသေးစိတ်တိုင်ပင်၍ စမ်းသပ်စစ်ဆေးရန်လိုသည်။
ကုသခြင်း
ကလေးနှင့်မိဘအုပ်ထိန်းသူများကို တစ်ပြိုင်နက် လေ့ကျင့်သင်ကြား ပညာပေးခြင်းဖြင့်လည်းကောင်း၊ ဆေးဝါးများဖြင့်လည်းကောင်း ကုသပေးနိုင်သည်။ စိတ်ရှည်စွာ လေ့ကျင့်ကုသပေးရန် လိုအပ်သည်။ လက္ခဏာများအား လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း အခြေအနေများစွာ တိုးတက်လာနိုင်ပြီး ကလေးပညာသင်ကြားရေး၊ ပေါင်းသင်းဆက်ဆံရေးများ များစွာအဆင်ပြေလာနိုင်သည်။
အေဒီအိတ်ချ်ဒီကလေးများကို ကုသပေးရာတွင် အောက်ပါနည်းလမ်းများ အသုံးပြုကုသနိုင်သည်။
- အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာများ လေ့ကျင့်ပေးခြင်း (Behavioural therapy)
- မိဘများကို အကြံပြု ပညာပေးသင်ကြားပေးခြင်း (Parenting skill training and Family therapy)
- ကျောင်းတွင် အဆင်ပြေစေရန် လိုအပ်သည့် အကြံဉာဏ်များပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း
ဥပမာအားဖြင့်_- ဆရာများမှ တစ်ဦးချင်း အနီးကပ် သင်ပေးခြင်း
- ကလေးကို အာရုံပျံ့လွင့်လွယ်သည့် ခုံ၊ နေရာမျိုးတွင် မထားဘဲ ငြိမ်၍လိမ္မာသော ကလေးများအနီးတွင် ထားခြင်း
- လှုပ်လှုပ်ရှားရှား လုပ်ရသည့်အလုပ်မျိုး [ဥပမာ _ စာအုပ်၊ စာရွက်စာတမ်းများ လိုက်ဝေခြင်း] ကို အေဒီအိတ်ချ်ဒီကလေးအား ပို၍ခိုင်းပေးခြင်း
- ကျောင်းဆရာများနှင့်ညှိနှိုင်း၍ သင်ကြားမှုအတွက် ထောက်ပံ့မှုစီမံချက် (Individual Support Plan – ISP) များပြုလုပ်ရန် (ဥပမာ _ စာမေးပွဲအချိန်ပိုပေးခြင်း)
- အေဒီအိတ်ချ်ဒီကလေးများကို မိမိတို့ခံစားရသည့် ပြဿနာများ၊ စိတ်ခံစားချက်များနှင့် ပတ်သက်၍ နားထောင်ပေးပြီး နှစ်သိမ့်ဆွေးနွေးပြောကြားပေးခြင်း (Talk therapy)
- အာရုံစူးစိုက်စေနိုင်သော ဆေးဝါးများဖြင့် ကုသခြင်း
(အသုံးပြုသည့် ဆေးဝါးများတွင် psychostimulants အုပ်စုဖြစ်သော Methylphenidate, Amphetamine စသောဆေးများ၊ non-stimulant အုပ်စုဖြစ်သော Atomoxetine စသည့်ဆေးများ ပါဝင်သည်)
အေဒီအိတ်ချ်ဒီကလေးများနှင့် မိဘအုပ်ထိန်းသူများအတွက် အကြံပြုချက်များ
- အေဒီအိတ်ချ်ဒီကလေးများ၏ နေ့စဉ်လူနေမှုဘဝတွင် ပြဿနာများလျော့နည်းပြီး အဆင်ပြေပြေ နေနိုင်ရန်အတွက် ပုံမှန်စည်းကမ်းများ စနစ်တကျ သတ်မှတ်ပေးထားရန်လိုသည်၊ သို့သော် ထိုစည်းကမ်းများသည် တင်းကျပ်သော စည်းကမ်းမျိုးမဖြစ်သင့်ပါ၊ အိပ်ရာထချိန်၊ ကျောင်းသွားချိန်၊ စာသင်ချိန်၊ အစာစားချိန်၊ ကစားချိန်၊ အိပ်ရာမဝင်မီ၊ အိပ်ရာဝင်ချိန် စသည်တို့အတွက်လည်း ကလေးနေ့စဉ် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းဆောင်တာများ၊ အမူအကျင့်များ စသည်တို့ကို ပုံမှန်အချိန်ဇယားဆွဲ သတ်မှတ်လေ့ကျင့်ပေးထားရန် လိုအပ်သည်
- အေဒီအိတ်ချ်ဒီကလေးများအား သင်ပြပြောဆိုချိန်တွင် ကလေးနှင့် မျက်လုံးချင်းဆိုင်ကြည့်ပြီး လိုအပ်သည်များကိုသာ ရွေးချယ်ပြောဆိုခိုင်းစေရန်လိုသည်၊ ကလေးကိုခိုင်းစေလျှင် တိကျသေချာသော စကားလုံးများသုံး၍ လည်းကောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြား၍ လည်းကောင်း ခိုင်းစေတတ်ရန်လိုသည်၊ တစ်ချိန်တည်းတွင် စကားများများပြောခြင်း၊ အကြောင်းအရာများစွာ စေခိုင်းခြင်းများ ရှောင်ကြဥ်သင့်သည်
- စိတ်ရှည်ရန် လိုအပ်သည်၊ စကားကို တည်ငြိမ်အေးဆေးစွာပြောဆိုပါ၊ သင့်ကလေး၏ ကောင်းသောအပြုအမူ၊ အလေ့အကျင့်များအတွက် ချက်ချင်းအသိအမှတ်ပြု ဆုပေးပြီး မကောင်းသော အပြုအမူများ လုပ်လျှင်လည်း ချက်ချင်းတုံ့ပြန်အသိပေးပါ
- သင့်တင့်မျှတသော အစာအာဟာရစားသုံးခြင်း၊ ပုံမှန်လှုပ်ရှားမှု လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ဖုန်း၊ ဂိမ်းကစားခြင်း စသည့် Screen time ကို ထိန်းချုပ်ခြင်း စသည်တို့လည်း လိုအပ်သည်၊ ဖုန်း၊ Tablet၊ ဂိမ်းစက်များကို တစ်နေ့လျှင် (၁) နာရီကျော်မသုံးစေရန်၊ ညအိပ်ချိန်မတိုင်ခင် (၁) နာရီအလိုတွင် လုံးဝ မသုံးစေရန် အရေးကြီးသည်
- မိဘများအနေဖြင့် မိမိ၏ကလေး ရောဂါအခြေအနေကို သဘောပေါက်နားလည်ပြီး ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အထူးအရေးကြီးသည်
ကာကွယ်ခြင်း
အေဒီအိတ်ချ်ဒီရောဂါကို ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ အရေးကြီးဆုံးမှာ လက္ခဏာများပေါ်ပေါက်လာပါက အခြေအနေပေါ်မူတည်ပြီး သင်၏မိသားစုဆရာဝန်ထံသို့ ပြသကုသမှုခံယူခြင်းပင်ဖြစ်သည်။
Reference:
- Mayo Clinic. (n.d.). ADHD – symptoms and causes. Mayo Clinic. Retrieved June 18, 2025, from https://www.mayoclinic.org/diseases-conditions/adhd/symptoms-causes/syc-20350889
- National Institute of Mental Health. (2024). Attention‑deficit/hyperactivity disorder (ADHD). NIMH. Retrieved June 18, 2025, from https://www.nimh.nih.gov/health/statistics/attention-deficit-hyperactivity-disorder-adhd
- Centers for Disease Control and Prevention. (2024). Clinical care of ADHD: Treatment recommendations. CDC. Retrieved June 18, 2025, from https://www.cdc.gov/adhd/hcp/treatment-recommendations/?CDC_AAref_Val=https://www.cdc.gov/ncbddd/adhd/guidelines.html
- Centers for Disease Control and Prevention. (2024). About attention‑deficit/hyperactivity disorder (ADHD). CDC. Retrieved June 18, 2025, from https://www.cdc.gov/adhd/about/index.html
- Wolraich, M. L., Hagan, J. F., Allan, C., Chan, E., Davison, D., Earls, M., Evans, S. W., Flinn, S. K., Froehlich, T., Frost, J., Holbrook, J. R., Lehmann, C. U., Lessin, H. R., Okechukwu, K., Pierce, K. L., Winner, J. D., & Zurhellen, W. (2019). Clinical practice guideline for the diagnosis, evaluation, and treatment of attention‑deficit/hyperactivity disorder in children and adolescents. Pediatrics, 144(4), e20192528. https://doi.org/10.1542/peds.2019-2528
- American Psychiatric Association. (n.d.). What is ADHD? In Patients & Families. American Psychiatric Association. Retrieved June 18, 2025, from https://www.psychiatry.org/patients-families/adhd/what-is-adhd
- MD Anderson Cancer Center. (n.d.). Are food dyes unhealthy? Cancerwise. Retrieved June 18, 2025, from https://www.mdanderson.org/cancerwise/are-food-dyes-unhealthy.h00-159775656.html
Published: 30 August 2024
Last updated: 15 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.