ခံတွင်းအပူနာများသည် ပါးစပ်အတွင်းပိုင်း သို့မဟုတ် သွားဖုံးအောက်ခြေတို့တွင် ဖြစ်ပေါ်သည့် သေးငယ်သော အနာများဖြစ်ကြသည်။ ခံတွင်းအပူနာများဖြစ်လျှင် နာကျင်ပြီး အစာစားခြင်း၊ စကားပြောခြင်းတို့တွင် အခက်အခဲဖြစ်နိင်သော်လည်း တစ်ပတ် နှစ်ပတ်ခန့်အကြာတွင် အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ ခံတွင်းအပူနာများသည် တစ်ဦးမှ တစ်ဦးထံသို့ မကူးစက်နိုင်ပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခံတွင်းအပူနာဖြစ်ပေါ် ရသော အကြောင်းရင်းကို တိကျသေချာစွာ မသိရှိသော်လည်း အောက်ဖော်ပြပါ အခြေအနေများကြောင့် ခံတွင်းအပူနာများ ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆကြသည်။
- ခံတွင်းသားကို မတော်တဆ ကိုက်မိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သွားတိုက်တံနှင့် ပြင်းထန်စွာ တိုက်မိခြင်း
- Sodium lauryl sulfate ပါဝင်သော သွားတိုက်ဆေးနှင့် ပလုတ်ကျင်းဆေးများ အသုံးပြုခြင်း
- တချို့သော အစားအသောက်များနှင့် မတည့်ခြင်း (ဥပမာ _ အချဥ်ဓာတ်များသော အသီးအနှံများ ဖြစ်သည့် လီမွန်၊ လိမ္မော်၊ နာနတ်၊ ပန်းသီး၊ ခရမ်းချဥ်သီး၊ စတော်ဘယ်ရီသီး)
- ဗီတာမင် ဘီ-၁၂၊ ဇင့် (Zinc)၊ ဖောလစ်အက်ဆစ် (Folic acid)၊ သံဓာတ် ချို့တဲ့ခြင်း
- ပါးစပ်အတွင်းရှိ အချို့သော ဘက်တီးရီးယားများနှင့် ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်ခြင်း
- အစာအိမ်အနာ ဖြစ်စေတတ်သော H.Pylori ဘက်တီးရီးယားပိုး ရှိနေခြင်း
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ _ အိုင်ဗျူပရိုဖဲင်)
- ရာသီလာစဥ် ဟော်မုန်းဓာတ်အပြောင်းအလဲများဖြစ်ခြင်း
- စိတ်ဖိစီးမှုရှိခြင်း
- တချို့သော ရောဂါအခြေအနေရှိနေခြင်း
- ကိုယ်ခံအား ကျဆင်းစေတတ်သောရောဂါများ (အိတ်ချ်အိုင်ဗွီရောဂါ)
- Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac disease)
- နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory bowel disease)
- ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါများ (ဥပမာ – SLE ရောဂါ)
- ခံတွင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းစေသော ရောဂါ (Behcet’s disease)
မည်သူမဆို ခံတွင်းအပူနာဖြစ်ပေါ်နိုင်ပြီး ငယ်ရွယ်သူများနှင့် ဆယ်ကျော်သက်များတွင် ပိုမိုတွေ့ရလေ့ရှိသည်။ ဟော်မုန်းဓာတ်ပြောင်းလဲမှုများကြောင့် အမျိုးသမီးများတွင် ပို၍ အဖြစ်များသည်။ ခံတွင်းအပူနာများသည် မိသားစုမျိုးရိုးလိုက်၍လည်း ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
ခံတွင်းအပူနာအများစုသည် အဝိုင်း (သို့မဟုတ်) ဘဲဥပုံသဏ္ဌာန်ရှိသော အလယ်တွင် အဝါရောင် သို့မဟုတ် အဖြူရောင်ဖြစ်ပြီး အနီရောင် အနားသတ်ရှိသည့် အနာများဖြစ်ကြသည်။ ခံတွင်း၏ မည့်သည့်နေရာတွင်မဆို (ဥပမာ _ လျှာပေါ်၊ လျှာအောက်၊ ပါးစောင်နှင့် နှုတ်ခမ်းအတွင်းပိုင်း၊ သွားဖုံးအောက်ခြေ သို့မဟုတ် အာခေါင်ပျော့) ဖြစ်ပေါ်နိုင်သည်။ နှုတ်ခမ်းရေယုန်အနာများနှင့် ကွာခြားချက်မှာ ခံတွင်းအပူနာများသည် နှုတ်ခမ်းသားမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လေ့မရှိပါ။ အနာ မဖြစ်ပေါ်ခင် တစ်ရက်နှစ်ရက်အလိုတွင် အနာဖြစ်မည့်နေရာများတွင် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် အပူလောင်ခြင်း ကဲ့သို့ခံစားရနိုင်သည်။ ထို့နောက် နာကျင်သော အနာတစ်ခု သို့မဟုတ် အနာအစုလိုက်ဖြစ်ပေါ်လာပြီး အလွန်ပြင်းထန်သည့် အခြေအနေမျိုးတွင် ကိုယ်ပူခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ခံတွင်းအပူနာ အမျိုးအစားများ
- သာမန် ခံတွင်းအပူနာများ (Minor canker sores)
အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အသက်ငယ်ရွယ်သူများ (၁၀ နှစ် မှ ၂၀နှစ်အတွင်း)တွင် အဓိကတွေ့ရလေ့ရှိသည်။ (၁) စင်တီမီတာအောက် သေးငယ်သော ဘဲဥပုံသဏ္ဌာန် အနာငယ်များသည် တစ်နှစ်တွင် (၃)ကြိမ် သို့မဟုတ် (၄)ကြိမ်ခန့်ဖြစ်ပေါ်နိုင်ပြီး တစ်ပတ်ခန့်အကြာတွင် အမာရွတ်မကျန်ဘဲ အနာကျက်လေ့ရှိသည်။ - ခံတွင်းအပူနာ အကြီးစားများ (Major Canker sores)
သာမန် ခံတွင်းအပူနာများထက် ပို၍ကြီးမားကာ အနာပိုနက်သည့် ဝိုင်းဝန်းသော အနာများဖြစ်ကြပြီး အလွန်ကြီးမားလာသောအခါ အနားသတ်များ မညီမညာဖြစ်ပေါ်လာနိုင်သည်။ အလွန်နာကျင်သောအနာများ ဖြစ်ကြပြီး အနာကျက်ရန် အချိန် (၆) ပတ်ခန့်ကြာမြင့်၍ အမာရွတ်များကျန်ခဲ့နိုင်သည်။ - အစုအဝေးလိုက်ဖြစ်သော ခံတွင်းအပူနာများ (Herpetiform canker sores)
ဤအနာများသည် လူကြီးပိုင်းတွင် ဖြစ်လေ့ရှိပြီး အလွန်ရှားပါးသည့် သေးငယ်သောအနာများ အစုအဝေးလိုက်ဖြစ်ပေါ်သည့် အမျိုးအစားဖြစ်သည်။ ပင်အပ်ထိပ်အရွယ်အစားခန့်သာရှိသော အနာများ (၁၀)ခု မှ အခု (၁၀၀)အထိ အစုအဝေးလိုက်ဖြစ်ပေါ်လာပြီး အနာကြီးတစ်ခုအဖြစ်သို့ ပေါင်းစုသွားသည်။ ထိုသို့ အစုလိုက်ဖြစ်ပေါ်သဖြင့် ရေယုန်ရောဂါနှင့် ရောထွေးနိုင်သော်လည်း ထိုအနာများသည် ရေယုန်ဗိုင်းရပ်စ်ပိုးများနှင့် သက်ဆိုင်မှုမရှိပါ။ အနာများသည် တစ်ပတ်၊ နှစ်ပတ်ခန့်အကြာတွင် အမာရွတ်မကျန်ဘဲ အနာကျက်သွားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခံတွင်းအပူနာအများစုသည် တစ်ပတ်၊ နှစ်ပတ်ခန့်အကြာတွင် သက်သာပျောက်ကင်းလေ့ ရှိသော်လည်း ပြင်းထန်သည့် အလွန်ကြီးသောအနာများတွင် ဘက်တီးရီးယားပိုးဝင်ခြင်းများ ရှားပါးစွာ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ခံတွင်း အပူနာများသည် အလိုအလျောက် သက်သာပျောက်ကင်းနိုင်သော်လည်း အောက်ဖော်ပြပါ အခြေအနေများနှင့် ကြုံတွေ့ပါက မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။
- ကြီးမားသော ခံတွင်းအပူနာများ ဖြစ်ခြင်း
- အနာဟောင်းများ မကောင်းသေးခင် အသစ်များဆက်တိုက် ဖြစ်ပေါ်ခြင်း
- မကြာခဏ ခံတွင်းအပူနာများ ဖြစ်ပေါ်ခြင်း
- အနာသည် နှစ်ပတ်ကျော်သည်အထိ မပျောက်ကင်းဘဲ ဆက်လက်ရှိနေခြင်း
- နာကျင်လွန်း၍ စားသောက်ရန် ခက်ခဲခြင်း
- အဖျားကြီးခြင်း တို့ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
လူနာကို စမ်းသပ်စစ်ဆေးရုံနှင့် ခံတွင်းအပူနာမှန်း သိသာနိုင်ပြီး အထူးတလည် ဓာတ်ခွဲစမ်းသပ် စစ်ဆေးရန် မလိုအပ်ပါ။ သို့သော် ခံတွင်းအပူနာများ မကြာခဏဖြစ်ပေါ်ခြင်း၊ အနာအရေအတွက်များပြီး ပြင်းထန်ပါက အနာကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများကိုရှာဖွေနိုင်ရန် လိုအပ်သည့် သွေးစစ်ဆေးခြင်း၊ အနာတို့ဖတ်ယူ၍ ဓာတ်ခွဲခန်းတွင် ပိုးမွေးခြင်း အစရှိသော စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
ပုံမှန်အားဖြင့် သေးငယ်သော အနာများသည် တစ်ပတ်၊ နှစ်ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ အဓိကအားဖြင့် အနာသက်သာစေရန်၊ သက်သောင့်သက်သာရှိစေရန်နှင့် အနာကျက်စေရန်ဦးတည်၍ အောက်ပါနည်းလမ်းများနှင့် ကုသမှုခံယူနိုင်သည်။
- ပါးစပ်ပလုတ်ကျင်းခြင်း
- ပါးစပ်ကို ဆားရည်နွေးနွေးဖြင့် တစ်ရက်တွင် အကြိမ်များစွာ ပလုတ်ကျင်းခြင်း
- အရောင်ကျဆေး၊ အနာသက်သာဆေးများပါဝင်သော ပလုတ်ကျင်းဆေးရည်များကို အသုံးပြုခြင်း
- ရောဂါပိုးဝင်ခြင်းလျော့နည်းစေရန် ဘက်တီးရီးယား ပိုးသတ်ဆေးပါဝင်သော ပလုတ်ကျင်းရည်များကို အသုံးပြုခြင်း
- ခံတွင်းသန့်ရှင်းမှုရှိအောင် နေထိုင်ခြင်း
- ပျော့ပျောင်းနူးညံ့သော သွားတိုက်တံများကို အသုံးပြု၍ သွားတိုက်ခြင်း
- ခံတွင်းအပူနာများကို ဖြစ်စေနိုင်သော sodium laureth sulphate မပါဝင်သော သွားတိုက်ဆေးများကို အသုံးပြုခြင်း
- အစာအကြွင်းအကျန်များရှိမနေစေရန် သွားကြားထိုးခြင်း
- နေ့စဥ် ရေလုံလောက်အောင် သောက်ခြင်း
- အနာကို ပိုဆိုးစေနိုင်သော (ပူလွန်း၊ စပ်လွန်း၊ ချဥ်လွန်းသော) အစားအသောက်များကို ရှောင်ကြဥ်ခြင်း
- ဗီတာမင်နှင့် သတ္တုဓာတ်များ လျော့နည်းနေပါက အာဟာရဖြည့်စွက်စာများနှင့် အားဖြည့်ခြင်း
- စိတ်ဖိစီးမှု လျော့နည်းအောင် နေထိုင်ခြင်း အစရှိသောနည်းလမ်းများဖြင့် အနာသက်သာအောင် ပြုလုပ်နိုင်သည်။
အသုံးပြုနိုင်သော ဆေးဝါးများ
- လိမ်းဆေးများ
ရောင်ရမ်းမှုကို လျော့ချပေးသော စတီးရွိုက်လိမ်းဆေးများ (Triamcinolone acetonide or clobetasol)
နာကျင်မှုကို သက်သာစေသော အကိုက်အခဲပျောက်ဆေးလိမ်းဆေးများ (lidocaine) - သောက်ဆေးများ
ခံတွင်းအပူနာများ အလွန်ပြင်းထန်ပြီး လိမ်းဆေးများနှင့် မသက်သာသောအခါ သောက်ဆေးများကို အသုံးပြုနိုင်သည်။ ထိုဆေးများသည် ခံတွင်းအပူနာများအတွက် သီးသန့်အသုံးပြုသော ဆေးဝါးများ မဟုတ်သော်လည်း ခံတွင်းအပူနာများ သက်သာစေရန် အသုံးပြုနိုင်သည်။- အူလမ်းကြောင်းအနာများတွင် အနာကျက်စေရန် အသုံးပြုသည့် ဆေးဝါး (sucralfate)
- ဂေါက်ရောဂါတွင် အသုံးပြုသော ဆေး (colchicine)
- စတီးရွိုက်သောက်ဆေးများ
- လေဆာ (သို့မဟုတ်) ဓာတုပစ္စည်း (Debacterol, silver nitrate) များဖြင့် ခံတွင်းအပူနာကို လောင်ကျွမ်းဖျက်ဆီးကုသခြင်း (Cautery)
ကာကွယ်ခြင်း
ခံတွင်းအပူနာများသည် သက်သာပျောက်ကင်းသွားသော်လည်း မကြာခဏ ပြန်လည်ဖြစ်ပေါ်နိုင်သော အနာများဖြစ်သည်။ ထိုကဲ့သို့ မကြာခဏ ပြန်လည်ဖြစ်ပေါ်လာခြင်းမှ ကာကွယ်နိုင်ရန်
- ခံတွင်းနှင့် သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်း
- ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များ စားသုံးခြင်း
- မတည့်သော အစားအသောက်များ ရှောင်ကြဉ်ခြင်း
- တတ်နိုင်သမျှ စိတ်ဖိစီးမှုကို လျှော့ချခြင်း တို့ပြုလုပ်ရန် လိုအပ်သည်။
References:
- Mayo Clinic. (2018). Canker sore: Symptoms and causes. Mayo Clinic. Retrieved July 22, 2025, from https://www.mayoclinic.org/diseases-conditions/canker-sore/symptoms-causes/syc-20370615
- MedlinePlus. (2023). Canker sores. MedlinePlus. Retrieved July 22, 2025, from https://medlineplus.gov/cankersores.html
- WebMD. (n.d.). Canker sores. WebMD. Retrieved July 22, 2025, from https://www.webmd.com/oral-health/canker-sores
- DermNet NZ. (2016). Aphthous (mouth) ulcer. DermNet NZ. Retrieved July 22, 2025, from https://dermnetnz.org/topics/aphthous-ulcer
Published: 30 August 2024
Last updated: 3 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.