Gum bleeding (သွားဖုံးသွေးယိုခြင်း)

Gum bleeding (သွားဖုံးသွေးယိုခြင်း)

သွားဖုံးသွေးယိုခြင်းသည် သွားတွင်ချိုးများစု၍ ကျောက်တည်လာခြင်း၊ သွားဖုံးရောင်ရောဂါနှင့် အခြားသောသွားဖုံးရောဂါများကြောင့် အဖြစ်များသည်။ ထို့ပြင် သွားကြိတ်ခြင်း၊ ဆီးချိုရောဂါ၊ ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း၊ သွေးရောဂါများနှင့် ဗီတာမင်ဓာတ်ချို့ယွင်းခြင်းများ စသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်။ သွားဖုံးသွေးယိုခြင်းများသည် အများအားဖြင့် စိုးရိမ်စရာမရှိပါ။ သို့သော် အကြောင်းအရာ အတိအကျမရှိဘဲ မကြာခဏသွားဖုံးသွေးယိုလျှင် စမ်းသပ်ကုသမှုခံယူရန် လိုအပ်သည်။

Gum Bleeding IMG


ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွားဖုံးသွေးယိုခြင်းသည် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများနှင့် အခြား ရောဂါအခြေအနေများကြောင့် ဖြစ်ပွါးနိုင်သည်။

သွားနှင့်ခံတွင်းကြောင့်ဖြစ်သော သွားဖုံးသွေးယိုခြင်း
  • သွားကျောက်တည်ခြင်း (dental calculus or tartar)
    သွားချိုး (dental plaque) သည် ဘက်တီးရီးယားများ၊ အစာအကြွင်းအကျန်များနှင့် သွားရည်များ သွားအခြေတွင် စုဝေးလာခြင်းဖြစ်သည်။ ထိုသွားချိုးများသည် တဖြည်းဖြည်းမာကြောလာပြီး သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဖြင့် မဖယ်ရှားနိုင်ဘဲ သွားကျောက်များဖြစ်လာသည်။ ထိုအခါ သွားဖုံးများကို ထိခိုက်စေပြီး သွေးထွက်စေသည်။
  • သွားဖုံးရောင်ခြင်း (Gingivitis)
    သွားချိုးများစုပုံခြင်းကြောင့် ဖြစ်ပေါ်လာသော၊ အလွယ်တကူကုသနိုင်သော သွားဖုံးရောဂါဖြစ်သည်။ ဤအချိန်တွင် သွားကိုညင်သာစွာတိုက်လျှင်ပင် အလွယ်တကူ သွေးထွက်နိုင်သည်။
  • သွားရေစီးကမ်းပြိုရောဂါ (periodontitis)
    သွားဖုံးနှင့်မေးရိုးများကို ထိခိုက်စေနိုင်သည့် သွားဖုံးပိုးဝင်ခြင်းဖြစ်သည်။ သွားဖုံးသွေးယိုခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး အချိန်မီမကုသနိုင်ပါက သွားများကို ကျွတ်ထွက်စေသည်အထိ ပြင်းထန်နိုင်သည်။
  • ကြမ်းတမ်းစွာ သွားတိုက်ခြင်း
    မာကြောသောသွားပွတ်တံဖြင့် ကြမ်းတမ်းစွာတိုက်ခြင်းကြောင့် သွားဖုံးများပွန်း၍ သွေးထွက်ခြင်းကို ဖြစ်စေသည်။
  • အံကပ်ပုံမကျခြင်း
    သေချာစွာအံမကျသော အံကပ်များသည် သွားဖုံးကို ပွတ်တိုက်မှုဖြစ်၍ သွေးထွက်စေနိုင်သည်။
  • သွားနှင့်ခံတွင်းဆိုင်ရာ ခွဲစိတ်ခြင်း
    သွားနှုတ်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များသည်လည်း ယာယီသွားဖုံးသွေးယိုခြင်းကို ဖြစ်စေသည်။
အခြားကျန်းမာရေးပြဿနာများကြောင့် သွားဖုံးသွေးယိုခြင်း
  • ဟော်မုန်းပြောင်းလဲခြင်း
    လူပျိုဖော် အပျိုဖော်ဝင်စအချိန်၊ ကိုယ်ဝင်ဆောင်ချိန်နှင့် သွေးဆုံးချိန်များတွင် သွားဖုံးများသည် သာမန်ထက်ထိခိုက်လွယ်ပြီး သွေးယိုခြင်းကို ပိုဖြစ်စေသည်။
  • ဆီးချိုရောဂါ
    သွေးတွင်းသကြားဓာတ် များခြင်းကြောင့် သွားဖုံးများနှင့် သွေးကြောမျှင်များကို အားနည်းလာစေပြီး အလွယ်တကူသွေးထွက်နိုင်သည်။
  • သွေးရောဂါများ
    အချို့ သွေးကင်ဆာ၊ မွေးရာပါ သွေးမတိတ်သော‌ရောဂါနှင့် သွေးဥမွှားရောဂါများသည်လည်း သွားဖုံးသွေးယိုခြင်းကို ဖြစ်စေသည်။
  • ဆေးဝါးများ
    သွေးကျဲဆေးများ၊ သွေးမခဲဆေးများကြောင့် သွားဖုံးသွေးယိုနိုင်ခြေ ပိုများသည်။
  • ဗီတာမင်ဓာတ်ချို့တဲ့ခြင်း
    ဗီတာမင် စီ နှင့် ဗီတာမင် ကေ ဓာတ်များ ချို့တဲ့ခြင်းကြောင့် သွားဖုံးများကို အားနည်းလာစေပြီး အလွယ်တကူ သွေးထွက်နိုင်သည်။
  • ကိုယ်ခံအားနည်းသောသူများ
    HIV/AIDS ပိုးရှိသူများ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသူများသည် ကိုယ်ခံအားနည်းခြင်းကြောင့် သွားဖုံးပိုးဝင်သည့် ပြဿနာများဖြစ်စေပြီး အလွယ်တကူ သွေးထွက်နိုင်သည်။
ရောဂါရှာဖွေခြင်း

သွားဖုံးသွေးယိုခြင်းသည် အချိန်နှစ်ပတ်ကျော်လျှင် သွားဆရာဝန်ထံသွား၍ သေချာစွာ စစ်ဆေးရန် လိုအပ်သည်။ လိုအပ်သော ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ဖြင့် ရောဂါသတ်မှတ်နိုင်ပြီး စောစီးစွာ ကုသမှုပေးနိုင်မည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ အချိန်မီကုသမှုသည် သွားကျွတ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ကာကွယ်ရန် အကောင်းဆုံးဖြစ်သည်။

ကုသခြင်း

သွားဖုံးသွေးယိုခြင်းကို ဖြစ်စေသော အခံရောဂါရှိပါက ထိုရောဂါကို ကုသရန်လိုသည်။ ဥပမာ _ ဆီးချိုရောဂါ ကုသခြင်း၊ ဗီတာမင်ဖြည့်စွက်စာများပေးခြင်း၊ သွေးကျဲဆေးနှင့် သွေးမခဲဆေးများကို ထိန်းညှိခြင်း စသည်တို့ပြုလုပ်နိုင်သည်။

သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများကို ကုသနိုင်သော နည်းလမ်းများမှာ_

  • သွားသန့်ရှင်းရေးလုပ်ခြင်းနှင့် သွားချေးချွတ်ခြင်း
    သွားချိုးများ၊ သွားကျောက်များကို ဖယ်ရှားပေးပြီး သွား၏မျက်နှာပြင်များကို ချောမွေ့စေသည်။ ယေဘုယျအားဖြင့် ခြောက်လတစ်ကြိမ် ပြုလုပ်သင့်သည်။
  • ဆေးဝါးများ
    ပဋိဇီဝပိုးသတ်ဆေးများ ပါဝင်သော ခံတွင်းသန့်ရှင်းဆေးရည်များ၊ လိမ်းဆေးများနှင့် သောက်ဆေးများကို သွားဖုံးပိုးဝင်ခြင်းနှင့် သွားဖုံးသွေးယိုခြင်းများတွင် သုံးလေ့ရှိသည်။
  • သွားဖုံးခွဲစိတ်ကုသမှုများ
    သွားဖုံးရောဂါ၏ ပြင်းထန်မှုပေါ် မူတည်၍ သွားဖုံးခွဲစိတ်ခြင်းနှင့် အစားထိုးကုသခြင်းကို ပြုလုပ်နိုင်သည်။
  • လေဆာဖြင့်ကုသခြင်း (Laser Therapy)
    သွားဖုံးရောဂါ (Periodontitis) အတွက် အဆင့်မြင့်ကုထုံးတစ်ခုဖြစ်သည်။ လေဆာသည် ရောဂါရှိသော သွားဖုံးတစ်ရှူးနှင့် ဘက်တီးရီးယားများကို တိကျစွာ ဖယ်ရှားပေးနိုင်သောကြောင့် ပုံမှန်ခွဲစိတ်မှုထက် နာကျင်မှုနှင့် ရောင်ရမ်းမှုနည်းသည်။
အိမ်တွင်လုပ်ဆောင်နိုင်သောအချက်များ

သွားဖုံးသွေးယိုခြင်း သက်သာစေရန် ဆရာဝန်နှင့်မပြသမီ အောက်ပါအချက်များ ပြုလုပ်နိုင်သည်။

  • သွေးယိုသည့်နေရာကို ရေခဲကပ်ပေးခြင်း
  • နူးညံ့သော သွားတိုက်တံဖြင့် တစ်နေ့လျှင် အနည်းဆုံး (၂) ကြိမ်ခန့် ညင်သာစွာတိုက်ခြင်း
  • သွားပွတ်ကြိုး (Floss)၊ သွားကြားတိုက်တံ (Interdental Brush) သို့မဟုတ် ရေအားသုံး သွားကြားသန့်စင်စက် (Water Flosser) တို့ဖြင့် ပုံမှန်သန့်ရှင်းရေးလုပ်ခြင်း
    (သွားကြားတိုက်တံနှင့် ရေအားသုံးသန့်စင်စက်တို့သည် သမားရိုးကျ သွားပွတ်ကြိုးထက် သွားဖုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုကြောင်း လေ့လာမှုများရှိသည်)
  • ဆားရည်ငုံခြင်း
  • ပဋိဇီဝဆေးများပါဝင်သော ခံတွင်းသန့်ရှင်းဆေးရည်များ အသုံးပြုခြင်း
  • ဗီတာမင် စီ နှင့် ကေ ကြွယ်ဝသော အစားအစာများစားခြင်း
  • အချိုများသော အစားအသောက်များကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်းတို့ ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း

အများစုတွင် သွားဆရာဝန်နှင့် စစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း၊ အိမ်တွင်းခံတွင်းသန့်ရှင်းရေး အလေ့အကျင့်များကို သေချာစွာ ပြုလုပ်ခြင်းဖြင့် သွားဖုံးရောဂါများကြောင့်ဖြစ်သော သွားဖုံးသွေးယိုခြင်းကို လျှော့ချနိုင်သည်။ သို့သော် အခြားနောက်ခံ ကျန်းမာရေးအခြေအနေများနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်သော သွားဖုံးသွေးထွက်ခြင်းများတွင်မူ ကာကွယ်ရန် ခက်ခဲသည်။

References:

  1. Healthline. (n.d.). What you need to know about bleeding gums. Retrieved October 8, 2025, from https://www.healthline.com/health/bleeding-gums#treatment
  2. Mayo Clinic. (n.d.). Gingivitis – Symptoms and causes. Retrieved October 8, 2025, from https://www.mayoclinic.org/diseases-conditions/gingivitis/symptoms-causes/syc-20354453
  3. WebMD. (n.d.). Bleeding gums and your health. Retrieved October 8, 2025, from https://www.webmd.com/oral-health/bleeding-gums-other-conditions
  4. Cleveland Clinic. (2023). Bleeding gums. Retrieved October 8, 2025, from https://my.clevelandclinic.org/health/symptoms/24908-bleeding-gums
  5. Mancinelli-Lyle, D., Van der Weijden, F. G. A., & Slot, D. E. (2025). Efficacy of a water flosser compared to an interdental brush on gingival bleeding and gingival abrasion: A 4-week randomized controlled trial. International Journal of Dental Hygiene, 23(1), 176–185. https://doi.org/10.1111/idh.12817
  6. La Muzio, L., D’Adamo, A., Gadaleta, M., De Vito, D., Ciavarella, D., & Garcovich, D. (2024). Laser-assisted non-surgical treatments of periodontitis. Applied Sciences, 14(2), 831. https://doi.org/10.3390/app14020831

Published: 30 August 2024

Last updated: 6 November 2025

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.