Acute liver failure (လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း)

Acute liver failure (လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း)

အသည်း၏လုပ်ငန်းတာ၀န်များကို ရုတ်တရက် လုံလောက်စွာ မလုပ်ဆောင်နိုင်ခြင်းကို လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း (Acute liver failure) ဟုခေါ်သည်။ အသည်းတွင် လုပ်ငန်းများစွာရှိသည့်အနက် အရေးကြီးသော လုပ်ငန်းတာ၀န်များမှာ_

  • သွေးခဲစေရန် ကူညီခြင်း
  • အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်း
  • ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ထောက်ပံ့ပေးခြင်း
  • အစာခြေဖျက်ရန် လိုအပ်သောသည်းခြေရည် (bile) ထုတ်ပေးခြင်း
  • သကြားဓာတ်ကို သိုလှောင်ရာတွင် ကူညီခြင်း
  • သွေးထဲရှိ ဆေးများနှင့် အခြား အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
  • ပြည့်၀အဆီများကို ခြေဖျက်ခြင်းတို့ဖြစ်သည်။

လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်းမှာ အသက်အန္တရာယ် ထိခိုက်နိုင်သော အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် လျင်မြန်စွာ ချက်ချင်းကုသမှုခံယူရန် အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ_

  • အသည်းရောင်အသား၀ါ အေ၊ ဘီ၊ အီး ဗိုင်းရပ်စ် (Hepatitis A virus, Hepatitis B virus, Hepatitis E virus) ကူးစက်ခံရခြင်း (အသည်းရောင်အသားဝါ စီ ဗိုင်းရပ် Hepatitis C virus ကြောင့် ဖြစ်ပွါးမှု အလွန်နည်းသည်)
  • အခြားသော ဗိုင်းရပ်စ်ပိုးများ (Epstein-Barr virus, Cytomegalovirus and Herpes simplex virus) ကူးစက်ခံရခြင်း
  • ပါရာစီတမော အဆိပ်သင့်ခြင်း (paracetamol poisoning)
  • အချို့သော ပိုးသတ်ဆေးများ၊ တီဘီကုသဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အတက်ကျဆေးများ
  • ဆေးဘက်၀င်အပင်များနှင့် ပြုလုပ်ထားသည့် အချို့သော ဆေးဝါးများ၊ ဖြည့်စွက်စာများ
  • အဆိပ်အတောက်များ (ဥပမာ _ အဆိပ်အတောက်ဖြစ်စေသော မှို၊ အေးခဲရာတွင်အသုံးပြုသည့် စက်ရုံသုံး ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် Carbon tetrachloride)
  • ကိုယ်ခံအားစနစ်မှ အသည်းကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသည်းရောင်ခြင်း (Autoimmune hepatitis)
  • အသည်းသွေးပြန်ကြောရောဂါများ (Budd-Chiari syndrome)
  • သွေးတွင်း ကော့ပါး (Copper) ဓာတ်များသော ဇီ၀ဖြစ်စဥ်ရောဂါတစ်မျိုးဖြစ်သည့် Wilson’s disease
  • အသည်းကင်ဆာ သို့မဟုတ် တခြားနေရာမှ အသည်းသို့ ပျံ့လာသော ကင်ဆာ
  • ကိုယ်၀န်ဆောင်စဥ် ရုတ်တရက် အသည်းအဆီဖုံးခြင်း
  • ‌ရောဂါပိုး၀င်ပြီး ပိုးဆိပ်ပျံ့ခြင်းနှင့် သွေးပေါင်ကျပြီး ရှော့ခ် (Shock) ရခြင်း
  • အပူရှပ်ခြင်း (Heat stroke) ကြောင့် သတိလစ်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ

လတ်တလော အသည်းလုပ်ငန်း ပျက်စီးလျှင်_

  • ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း
  • နေ့ခင်းဘက်တွင် အအိပ်လွန်ပြီး ညဘက်တွင် မအိပ်ခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း
  • အသား၀ါခြင်း၊ မျက်လုံး၀ါခြင်း
  • ၀မ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း
  • ၀မ်းဗိုက်တွင် ရေဖျဥ်းစွဲခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • နုံးနယ်ခြင်းအစရှိသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။
နောက်ဆက်တွဲပြဿနာများ

လတ်တလောအသည်းလုပ်ငန်းပျက်စီးလျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • ဦးနှောက်အတွင်းအရည်များ စုမိပြီး ဖိအားများလာခြင်းကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတို့ ဖြစ်တတ်သည်
  • သွေးခဲစေရန်လိုအပ်သော သွေးခဲဓာတ်များကို အသည်းမှ လုံလောက်အောင် မထုတ်နိုင်သောကြောင့် သွေးယိုစီးမှု ဖြစ်တတ်သည် (အစာအိမ်နှင့် အူလမ်းကြောင်းတွင် အဖြစ်များသည်)
  • ကိုယ်ခံအားစနစ်ကျဆင်းသဖြင့် ရောဂါပိုး၀င်လွယ်သည် (အထူးသဖြင့် အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတို့တွင် ပိုး၀င်လေ့ရှိသည်)
  • ပါရာစီတမော အသောက်လွန်ခြင်းကြောင့် အသည်းလုပ်ငန်းများအပြင် ကျောက်ကပ်လုပ်ငန်းများပါ ထိခိုက်ပျက်စီးနိုင်သည်
  • ကုသမှု မခံယူပါက အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

လတ်တလော အသည်းလုပ်ငန်းများ ပျက်စီးခြင်းသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

အသည်းပျက်စီးစေသည့် အကြောင်းရင်းနှင့် ရောဂါပြင်းထန်မှုကို သိရှိရန် ရောဂါရာဇ၀င်မေးခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်လိမ့်မည်။ ထို့နောက် သွေးစစ်ခြင်း၊ လိုအပ်လျှင် အာထရာဆောင်း (USG)၊ ကွန်ပျူတာ ဓာတ်မှန် (CT scan) (သို့မဟုတ်) သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း နှင့် အသည်းကို အသားစယူစစ်ဆေးခြင်း (Liver biopsy) တို့ကို လုပ်ဆောင်လိမ့်မည်။

ကုသခြင်း

ရောဂါကုသရာတွင် အဓိကအားဖြင့် အဆိပ်အတောက်များကို ဖယ်ရှားခြင်း၊ နောက်ဆက်တွဲပြဿနာများ ကုသခြင်းနှင့် လတ်တလော အသည်းထိခိုက်ပျက်စီးခြင်း မသက်သာပါက အသည်းအစားထိုးကုသခြင်း (liver transplant) တို့ဖြစ်သည်။

အခြေခံအားဖြင့် ကုသရာတွင်

  • သွေးပေါင်ချိန်ကို ပုံမှန်ထိန်းပေးရန် အကြောဆေးရည်များပေးခြင်း
  • အူလမ်းကြောင်းမှ အဆိပ်အတောက်များထွက်စေရန် ၀မ်းချူခြင်း၊ ၀မ်းပျော့ဆေးများပေးခြင်း
  • အစာမစားနိုင်ပါက အာဟာရချို့တဲ့မှုမဖြစ်စေရန် အာဟာရဖြည့်စွက်အမှုန့်များပေးခြင်း
  • သွေးတွင်းသကြားဓာတ်ကို အချိန်မှန်မှန် စစ်ဆေးပြီး သကြားဓာတ်ကျဆင်းပါက ဂလူးကို့စ် (glucose) ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။

ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းပေါ် မူတည်၍ ကုသခြင်း

  • ဖြစ်ပွားစေသောအကြောင်းရင်း ဆက်လက်ရှိနေပါက ကုသခြင်း (ဥပမာ_သောက်သုံးနေသော ဆေး၀ါးများအနက် အသည်းကို အန္တရာယ်ဖြစ်သည့် ဆေးဝါးများကို ချက်ချင်းရပ်ရမည်)
  • ပါရာစီတမော အသောက်လွန်ခြင်းကြောင့်ဖြစ်ပါက N acetylcysteine ဆေးကို ပါးစပ် (သို့မဟုတ်) သွေးကြောမှတစ်ဆင့် ပေးခြင်း
  • အသည်းရောင်အသား၀ါပိုးကြောင့် ဖြစ်ပါက ပိုးအမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ကုသမှုကို ပေးခြင်း
  • ကိုယ်ခံအားဆိုင်ရာ အသည်းရောင်ခြင်း (Autoimmune hepatitis) ကြောင့် ဖြစ်ပါက စတီးရွိုက် (steroids) ဆေးများပေးခြင်း စသည်တို့ဖြစ်သည်။

နောက်ဆက်တွဲ ပြဿနာများကို ကုသခြင်း

  • သွေးယိုစီးမှုများလျှင် လိုအပ်ပါက သွေးသွင်းကုသခြင်း
  • ရောဂါပိုး၀င်လျှင် သက်ဆိုင်ရာ ပဋိဇီ၀ပိုးသတ်ဆေးများပေးခြင်း
  • ဦးနှောက်တွင်းဖိအားများခြင်းကို လျော့ကျစေသည့်ဆေးများပေးခြင်း စသည်တို့ဖြစ်သည်။

အသည်းပျက်စီးခြင်းတွင် နောက်ဆက်တွဲပြဿနာများသည် တစ်ခုပြီးတစ်ခု ဆက်တိုက် (သို့မဟုတ်) တစ်ပြိုင်တည်း ဖြစ်တတ်သဖြင့် အသက်အန္တရာယ်ဖြစ်စေနိုင်သောကြောင့် အချိန်မီ စနစ်တကျကုသမှု ခံယူရန် လိုအပ်သည်။

အသည်းအစားထိုးကုသခြင်း (Liver transplant)
လတ်တလော အသည်းထိခိုက်ပျက်စီးခြင်းကို အထက်ဖော်ပြပါ နည်းလမ်းများနှင့် ကုသ၍ မသက်သာပါက အသည်းအစားထိုးကုသခြင်းဖြင့် ကုသနိုင်သည်။ အသည်းအစားထိုးကုသခြင်းဆိုသည်မှာ ထိခိုက်ပျက်စီးသွားသော အသည်းကို ဖယ်ထုတ်ပြီး အလှုရှင်ထံမှ ကျန်းမာသန်စွမ်းသော အသည်း အစိတ်အပိုင်းဖြင့် အစားထိုးကုသခြင်းဖြစ်သည်။

ကာကွယ်ခြင်း

ရောဂါကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။

  • ပါရာစီတမော အပါအ၀င် မည်သည့်ဆေးကိုမှ ဆရာ၀န် မညွှန်းဆိုဘဲ အလွန်အကျွံ မသောက်သင့်ပါ
  • သစ်ဥသစ်ဖုများ၊ ဆေးဖက်ဝင်အရွက်များမှ ပြုပြင်ထုတ်လုပ်ထားသည့် မည်သည့်ဆေးများကိုမဆို မိမိဘာသာသောက်သုံးခြင်းမှ တတ်နိုင်သလောက် ရှောင်ကြဉ်ပါ
  • အရက်ကို သတ်မှတ်ထားသော ပမာဏထက် ပို၍မသောက်သုံးရန်
  • အသည်းရောင် အသား၀ါ အေ ပိုးနှင့် ဘီ ပိုး ကာကွယ်ဆေးများထိုးပါ
  • အသည်းရောင် အသား၀ါ ဘီ ပိုး၊ စီ ပိုး ကူးစက်နိုင်သည့် နည်းလမ်းများကို ရှောင်ကြဥ်ပါ (ရောဂါပိုးရှိသူ၏ သွေးမှတစ်ဆင့်လည်းကောင်း၊ မူးယစ်ဆေး သွေးကြောထဲသွင်းခြင်း၊ တက်တူးထိုးခြင်းတို့တွင် မသန့်ရှင်းသော ဆေးထိုးအပ်မှလည်းကောင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် လည်းကောင်း ကူးစက်နိုင်သည်)
  • အဆိပ်အတောက်ရှိနိုင်သည့် မှို၊ မှိုတက်နေသည့် အစားအစာများ မစားပါနှင့်
  • ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ဓာတုဗေဒပစ္စည်းများကို ကိုင်တွယ်ပါက အကာအကွယ်များ အသုံးပြု၍ သတိထားပြီး ကိုင်တွယ်ပါ

References:

  1. Johns Hopkins Medicine. (n.d.). Acute liver failure. Retrieved June 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/acute-liver-failure
  2. Mayo Clinic. (n.d.). Acute liver failure – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/acute-liver-failure/symptoms-causes/syc-20352863
  3. Cleveland Clinic. (n.d.). Liver failure. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/17819-liver-failure

Published: 30 August 2024

Last updated: 8 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.