Frozen shoulder (ပခုံးဆစ်ခိုင်ခြင်း)

Frozen shoulder (ပခုံးဆစ်ခိုင်ခြင်း)

ပခုံးဆစ်ခိုင်ခြင်း (Frozen shoulder) ဆိုသည်မှာ လက်မောင်းရိုးနှင့် လက်ပြင်ရိုးဆုံသည့်နေရာ ပခုံးဆစ်တွင် နာကျင်ပြီး တဖြည်းဖြည်းနှင့် အဆစ်၏ လှုပ်ရှားမှုများ ပြည့်ဝအောင် မပြုလုပ်နိုင်တော့ခြင်းဖြစ်သည်။ ယင်းကို ပခုံးဆစ်ကြပ်ခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း ဟုလည်း‌ခေါ်သည်။ ပထမပိုင်း ရောဂါလက္ခဏာ စတင်ပေါ်ချိန်တွင် နာကျင်မှုဖြင့် စတင်ပြီး တဖြည်းဖြည်း ပိုဆိုးလာသည်။ ထို့နောက် နာကျင်မှုသက်သာလာပြီး အဆစ်ခိုင်ခြင်း ပိုဆိုးလာသည်။ သို့သော် ရောဂါလက္ခဏာဖြစ်ပေါ်ပြီး တစ်နှစ် မှ သုံးနှစ်ခန့်အတွင်း ပြန်လည်သက်သာလာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပခုံးဆစ်ခိုင်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်း အတိအကျကို မသိရှိသေးပေ။ ပခုံးဆစ်သည် (၃၆၀) ဒီဂရီ လှည့်နိုင်သည့် အဆစ်တစ်ခုဖြစ်သည်။ ပခုံးဆစ်ကို အုပ်ဆိုင်းထားသည့်အကာ (Joint Capsule) ရောင်ခြင်းကြောင့် အရွတ်ထူထဲမာကြောလာပြီး အဆစ်ကို တင်းကြပ်စွာချုပ်နှောင်ခြင်း ဖြစ်လာသည်။ အရွတ်ပြားတွင် အနာရွတ်များ ထပ်ဖန်တလဲလဲပေါ်လာပြီး အဆစ်ကို ကပ်သွားစေသည်။ အဆစ်အတွင်းရှိ ချောဆီ (Synovial Fluid) ပမာဏလည်း လျော့နည်းလာသည်။ ထို့နောက် ပခုံးဆစ်၏ လှုပ်ရှားမှု ဒီဂရီပမာဏ ကျဆင်းပြီး ပခုံးအပေါ် သို့ မမြှောက်နိုင်တော့ပေ။

Frozen Shoulder IMG
ရောဂါလက္ခဏာများ

ပခုံးဆစ်ခိုင်ခြင်းသည် အဆင့် (၃) ဆင့်ဖြင့် ဖြစ်ပေါ်သည်။

  1. အဆစ်ခဲသည့်အဆင့် (Freezing stage)
    ဤအဆင့်တွင် အဆစ်ရောင်ခြင်းကြောင့် အလွန်နာကျင်သည်။ နာကျင်မှု တစ်ဖြည်းဖြည်းဆိုးလာသောကြောင့် မလှုပ်ရှားဘဲနေလျှင် အဆစ်စတင်ခိုင်လာသည်။ ဤသို့ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နှင့် (၂)လ မှ (၉)လခန့်အထိ ကြာနိုင်သည်။
  2. အဆစ်ခိုင်သည့်အဆင့် (Frozen Stage)
    ဤအဆင့်တွင် နာကျင်မှုသက်သာလာပြီး ပခုံးဆစ်လှုပ်ရှားမှု ဒီဂရီ ပိုမိုလျော့နည်းလာသည်။ ပခုံးသည် အမြင့်သို့ မမြှောက်နိုင်သောကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာသည်။ အဆစ်ခိုင်ခြင်းသည် (၂)လ မှ (၆)လခန့်အထိ ကြာနိုင်သည်။
  3. အဆစ်ချောင်သည့်အဆင့် (Thawing Stage)
    ဤအဆင့်တွင် နာကျင်မှုသက်သာလာပြီး ကြပ်ခဲနေသည့်အရွတ်များ ပြန်လည်ပြေလျော့လာသည်။ ပခုံးဆစ်လှုပ်ရှားမှု ဒီဂရီလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။ ပုံမှန်အတိုင်း အဆစ်ပြန်လည် လှုပ်ရှားလာနိုင်ရန် (၆)လ မှ (၂)နှစ်အထိ ကြာနိုင်သည်။
ပခုံးဆစ်ခိုင်ခြင်း ဖြစ်နိုင်ခြေများသည့် အခြေအနေများ
  • အသက်အရွယ် – အသက် (၄၀) မှ (၆၀) အရွယ်တွင် ပခုံးဆစ်ခိုင်ခြင်း အဖြစ်များသည်
  • ကျား၊ မ – အမျိုးသမီးတွင် ပို၍အဖြစ်များသည်
  • ပခုံးဒဏ်ရာ – အဆစ်လွဲခြင်း၊ အရိုးကျိုးခြင်း၊ ခွဲစိတ်မှုခံယူခဲ့ခြင်းနှင့် အခြားအဆစ်ရောင်ရောဂါများ ကြောင့် ပတ်တီး သို့မဟုတ် သိုင်းကြိုးဖြင့် အချိန်ကြာမြင့်စွာ မလှုပ်မရှားနေရလျှင် ပခုံးဆစ်ခိုင်ခြင်း ဖြစ်နိုင်သည်
  • အခံရောဂါများ – ဆီးချိုရောဂါရှိသူများတွင် ပခုံးဆစ်ခိုင်ခြင်း (၁၀%) မှ (၂၀%) အထိ ပိုမိုဖြစ်နိုင်ခြေရှိသည်၊ အခြားရောဂါများဖြစ်သော သိုင်းရွိုက်ဂလင်းရောဂါများ (သိုင်းရွိုက်ဟော်မုန်း တက်ခြင်း၊ ကျခြင်း)၊ နှလုံးနှင့်သွေးကြောရောဂါများ၊ လေဖြတ်ခြင်း၊ ပါကင်ဆန်ရောဂါ (Parkinsonism) တွင်လည်း ပခုံးဆစ်ခိုင်ခြင်း ပိုဖြစ်တတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက သင်၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ပခုံးဆစ်ခိုင်ခြင်းကို ရောဂါလက္ခဏာနှင့် ပခုံးဆစ်အား စမ်းသပ်စစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်သည်။ သို့သော် အဆစ်နာကျင်ခြင်းကို ဖြစ်စေသည့်အခြားအကြောင်းရင်းများမှ ခွဲခြားနိုင်ရန် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (CT scan) ရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ စမ်းသပ်စစ်ဆေးသူ ဆရာဝန်သည် ပခုံးဆစ်လှုပ်ရှားနိုင်သည့် ဒီဂရီကို သိနိုင်ရန် ပခုံးဆစ်ကို ထက်၊ အောက်၊ အတွင်းအပြင် လှုပ်ရှားခိုင်းလိမ့်မည်။ လူနာသည် နာကျင်မှုရှိလျှင် လှုပ်ရှားမှုကို ရပ်တန့်လိုက်လိမ့်မည်။ ထို့နောက် ဆရာဝန်သည် လူနာ၏ လက်ကိုကိုင်၍ ပခုံးဆစ်လှုပ်ရှားနိုင်သည့် ဒီဂရီအတိုင်းအတာကို စမ်းသပ်လိမ့်မည်။ အဆစ်ခိုင်ခြင်းတွင် လူနာကိုယ်တိုင်လှုပ်ရှားခြင်းနှင့် ဆရာဝန်မှ လှုပ်ရှားစမ်းသပ်ခြင်း နှစ်မျိုးလုံးတွင် လှုပ်ရှားမှုဒီဂရီ လျော့နည်း နေနိုင်သည်။

ကုသခြင်း

ပခုံးဆစ်ခိုင်ခြင်းကို ကုသရာတွင် နာကျင်မှုသက်သာစေရန်နှင့် ပခုံးဆစ်လှုပ်ရှားမှု ပုံမှန်ပြန်လည်ရရှိနိုင်စေရန် ရည်ရွယ်သည်။ ပခုံးဆစ်တွင် နာကျင်မှုခံစားရလျှင် မိသားစုဆရာဝန်နှင့် ဦးစွာပြသတိုင်ပင်ရမည်။ မိသားစုဆရာဝန်သည် လိုအပ်လျှင် အရိုးအထူးကုဆရာဝန် သို့မဟုတ် လေ့ကျင့်ခန်းကုထုံးဌာနများသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်သည်။

အဆစ်ခိုင်ခြင်း အဆင့်(၁) အခြေအနေတွင် စတင်ကုသပါက ပို၍လျင်မြန်စွာ ပျောက်ကင်းနိုင်သည်။

  • အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း
    ParacetamolIbuprofen၊ Diclofenac စသည့် နာကျင်မှုသက်သာစေမည့်ဆေးများ သောက်နိုင်သည်။
  • စတီးရွိုက်ဆေးထိုးခြင်း
    စတီးရွိုက်ဆေး (Depo Medrol) ကို ပခုံးဆစ်အတွင်းသို့ ထိုးပေးခြင်းဖြင့် နာကျင်ခြင်း၊ ရောင်ခြင်းများကို သက်သာစေသည်။ နာကျင်ခြင်းမရှိလျှင် ပခုံးဆစ်လှုပ်ရှားမှုအတွက် လေ့ကျင့်ခန်းများ ပိုမိုပြုလုပ်နိုင်လာသည်။
  • ရေဖိအားသုံးကုထုံး (Hydrodilatation)
    ကြပ်ခဲနေသည့်အဆစ်အတွင်းသို့ ပိုးသတ်ထားသည့် ရေကို ဖိအားဖြင့်ထိုးသွင်းခြင်းဖြင့် အဆစ်ကိုချောင်စေရန်ဖြစ်သည်။
  • လေ့ကျင့်ခန်းပြုလုပ်စေခြင်း
    ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး ကုသမှုဌာန (Physiotherapy Unit) တွင် ကြွက်သားအကြောလျှော့ လေ့ကျင့်ခန်းများ၊ အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အပူပေးခြင်း၊ အနီအောက်ရောင်ခြည်ဖြင့် ကုသခြင်း၊ နှိပ်နယ်ခြင်းကုထုံး စသည်တို့ကို ပြုလုပ်နိုင်သည်။ ညွှန်ကြားသည့် ပခုံးဆစ်လေ့ကျင့်ခန်းများကို အိမ်တွင် ဆက်လက်လေ့ကျင့်နိုင်ရန် သင်ကြားပေးလိမ့်မည်။

အဆစ်ခိုင်ခြင်း အဆင့်(၂) နှင့်အထက် အခြေအနေတွင် အဆစ်ခိုင်ခြင်းပိုဆိုးသဖြင့်

  • လူနာအား မေ့ဆေးပေး၍ ကြပ်ခဲနေသည့် အဆစ်အရွတ်များကို ပြုတ်ထွက်အောင် ပြုလုပ်ခြင်း (Manipulation under Anesthesia) ကို ပြုလုပ်နိုင်သည်၊ အဆစ်ပတ်လည်တွင် တင်းကြပ်နေသည့် အရွတ်အကြောများကို စုတ်ပြဲစေသောကြောင့် ပခုံးဆစ်လှုပ်ရှားမှု ဒီဂရီ တိုးတက်လာနိုင်သည်၊ မေ့ဆေးပြယ်ပြီးလျှင် နာကျင်မှုသက်သာစေသော ဆေးများသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းများ ဆက်၍လုပ်ရန်လိုသည်
  • ခွဲစိတ်ကုသခြင်း
    ပခုံးဆစ်ခိုင်ခြင်းကို ခွဲစိတ်ကုသရခြင်း အလွန်နည်းသည်၊ သို့သော် အထက်ပါကုသနည်းများဖြင့် ပျောက်ကင်းခြင်းမရှိလျှင် ကြပ်ခဲနေသည့်အရွတ်များကို ဖြတ်တောက်ခွဲစိတ်ရန် လိုအပ်နိုင်သည်၊ ခွဲစိတ်ရာတွင် မှန်ပြောင်းထည့်ခွဲစိတ်ခြင်း (Arthroscopic Surgery) နှင့် အဆစ်အားဖွင့်၍ ခွဲစိတ်ခြင်း (Open surgery) နည်းများဖြင့် ကုသရန်လိုနိုင်သည်။
ကာကွယ်ခြင်း

ပခုံးဆစ်ခိုင်ခြင်းသည် အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိသောကြောင့် အဖြစ်များသည့်အတွက် ပခုံးဆစ် ရောင်ခြင်း၊ နာကျင်ခြင်း၊ ဒဏ်ရာရခြင်းများတွင် ရောဂါအဆင့် (၁) အခြေအနေ၌ စတင်ကုသသင့်သည်။ အဆစ်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို စောစီးစွာ စတင်ရမည်။ ပခုံးဆစ်ခိုင်ခြင်းနှင့် ဆက်စပ်နေသည့် အခံရောဂါများကို စနစ်တကျ ကုသမှု ခံယူရမည်။

References:

  • Mayo Clinic. (n.d.). Frozen shoulder — Symptoms & causes. Retrieved October 15, 2025, from https://www.mayoclinic.org/diseases-conditions/frozen-shoulder/symptoms-causes/syc-20372684
  • Cleveland Clinic. (2024). Frozen shoulder (adhesive capsulitis): Symptoms & treatment. Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/frozen-shoulder-adhesive-capsulitis
  • JohnsHopkins Medicine. (n.d.). Frozen shoulder. Retrieved October 15, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/frozen-shoulde

Published: 30 August 2024

Last updated: 4 November 2025

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.