Urinary tract infection in children [ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ကလေး)]

Urinary tract infection in children [ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ကလေး)]

ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ ကလေးငယ်များအနေဖြင့် ၎င်းတို့ခံစားရသည့် ဝေဒနာကို ကောင်းစွာမဖော်ပြနိုင်ခြင်းကြောင့် ရောဂါလက္ခဏာများကို သတိမထားမိဘဲ ကုသမှုနောက်ကျတတ်သည်။

ဆီးလမ်းကြောင်းတွင် ပါဝင်သည့် အစိတ်အပိုင်းများ

  • ကျောက်ကပ် (kidneys) – ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်ပစ္စည်းများကို ပြန်လည်စုပ်ယူပြီး စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ် စွန့်ထုတ်ပေးသည်
  • ဆီးပြွန် (ureters) – ကျောက်ကပ်နှင့် ဆီးအိမ်ကို ဆက်သွယ်ပေးသည်
  • ဆီးအိမ် (bladder) – ခန္ဓာကိုယ်မှ ဆီးမစွန့်ပစ်မီ ခေတ္တသိုလှောင်ထားသည်
  • ဆီးစွန့်ပြွန် (urethra) – ကိုယ်ခန္ဓာမှ ဆီးများကို အပြင်သို့ စွန့်ထုတ်ပေးသည်

ဆီးလမ်းကြောင်း၏ မည်သည့်နေရာတွင်မဆို ရောဂါပိုးဝင်ရောက်ပါက ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အားဖြင့် ကလေး၏ဆီးသည် ရောဂါပိုးကင်းစင်သည်။ သို့သော် ခန္ဓာကိုယ်၏ အခြားနေရာများမှ ဘက်တီးရီးယားပိုးများ၊ အထူးသဖြင့် အူလမ်းကြောင်းမှ E.coli ဘက်တီးရီးယားပိုးသည် ဆီးစွန့်ပြွန်မှတစ်ဆင့် ဝင်ရောက်လာသောအခါ ဆီးပိုးဝင်ခြင်း ဖြစ်ပွါးတတ်သည်။

အောက်ပါအခြေအနေများတွင် ဆီးပိုးဝင်နိုင်ခြေ ပိုများသည်။

  • တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထ မမှန်ကန်ခြင်း
    အထူးသဖြင့် မိန်းကလေးများတွင် အိမ်သာတက်ပြီးနောက် သန့်ရှင်းရေးလုပ်သည့်အခါ စအိုမှ ဆီးစွန့်ပြွန်ဘက်သို့ ဆေးကြောခြင်းမျိုးသည် ရောဂါပိုး ဝင်ရောက်စေနိုင်သည်။
  • ဆီးသွားရန် ဆီးအိမ်ကို ထိန်းထားခြင်း
    အချို့ကလေးများသည် ကစားနေစဉ် သို့မဟုတ် အခြားအကြောင်းအရာများကြောင့် ဆီးသွားချင်သည့်အခါ ဆီးကို ထိန်းထားတတ်ကြသည်။ ထိုသို့ ဆီးအိမ်ထဲတွင် ဆီးများ ကြာရှည်စွာစုနေခြင်းက ရောဂါပိုးပွားများရန် အခွင့်အရေးပေးသည်။
  • အဝတ်အစားများ
    တင်းကျပ်လွန်းသော သေးခံ သို့မဟုတ် နိုင်လွန်ကဲ့သို့သော လေဝင်လေထွက်မကောင်းသည့် အတွင်းခံများ ဝတ်ဆင်ခြင်းသည် ပိုးမွှားများ ပေါက်ပွားရန် ပိုမိုလွယ်ကူစေသည်။
  • ခန္ဓာကိုယ်ဆိုင်ရာ ပြဿနာများ
    • မွေးရာပါ ဆီးလမ်းကြောင်းဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်း။
    • Vesicoureteral Reflux (VUR) – ဆီးအိမ်ထဲမှ ဆီးများ ဆီးပြွန်များမှတစ်ဆင့် ကျောက်ကပ်ဆီသို့ ပြန်လျှံတက်ခြင်း
    • လိင်တံ၏ အရေပြား ရှည်လွန်းနေခြင်းကြောင့် ရောဂါပိုးများ ခိုအောင်းနိုင်ခြင်း
  • အခြားအခြေအနေများ
    • ကိုယ်ခံအားစနစ် အားနည်းခြင်း၊ ကိုယ်ခံအားကျဆေးများ သောက်သုံးနေရခြင်း သို့မဟုတ် နာတာရှည် ဝမ်းချုပ်လေ့ရှိခြင်း စသည်တို့သည်လည်း ဆီးပိုးဝင်ရန် အလားအလာကို မြင့်တက်စေသည်။
ရောဂါလက္ခဏာများ

ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ လက္ခဏာများသည် အသက်အရွယ်နှင့် ပိုးဝင်သည့်နေရာပေါ် မူတည်၍ ကွဲပြားတတ်သည်။ ယေဘုယျအားဖြင့် ဆီးပိုးဝင်ခြင်းကို အောက်ပိုင်းဆီးလမ်းကြောင်း (ဆီးအိမ်နှင့်ဆီးစွန့်ပြွန်) ပိုးဝင်ခြင်းနှင့် အထက်ပိုင်းဆီးလမ်းကြောင်း (ကျောက်ကပ်) ပိုးဝင်ခြင်းဟူ၍ ခွဲခြားနိုင်သည်။

အောက်ပိုင်းဆီးလမ်းကြောင်း ပိုးဝင်ခြင်း (ဆီးအိမ်နှင့်ဆီးစွန့်ပြွန်)
ဤအခြေအနေတွင် တွေ့ရှိရသော လက္ခဏာများမှာ_

  • ဆီးသွားသည့်အခါ နာကျင်ခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း
  • မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးအိမ်အမြဲပြည့်နေသကဲ့သို့ ခံစားရခြင်း
  • ဆီးကောင်းစွာမထိန်းနိုင်ဘဲ ဆီးထွက်ကျတတ်ခြင်း
  • ဆီးအရောင်နောက်ခြင်း၊ အနည်အနှစ်များပါခြင်း၊ သွေးပါခြင်း သို့မဟုတ် ဆီးနံ့ အလွန်ပြင်းခြင်း
  • ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ ချမ်းတုန်ဖျားခြင်း

အထက်ပိုင်းဆီးလမ်းကြောင်းပိုးဝင်ခြင်း (ကျောက်ကပ်)
ဤအခြေအနေသည် ပိုမိုပြင်းထန်ပြီး အောက်ပိုင်းဆီးလမ်းကြောင်းပိုးဝင်ခြင်းထက် လက္ခဏာများ ပိုဆိုးတတ်သည်။

  • အလွန်အဖျားကြီးခြင်း၊ တုန်ခြင်း၊ ချမ်းခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း
  • ကျောဘက်နှင့် ခါးနေရာများတွင် နာကျင်ခြင်း

မွေးကင်းစနှင့် အသက် (၃) နှစ်အောက်ကလေးများ
ဤအသက်အရွယ်ကလေးငယ်များတွင် ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို တိတိကျကျမပြတတ်ဘဲ ယေဘုယျလက္ခဏာများသာ တွေ့ရများသည်။

  • အဖျားကြီးခြင်း (အကြောင်းရင်းမသိသောဖျားခြင်း)
  • နို့မစို့ခြင်း၊ အစာမစားခြင်း၊ အန်ခြင်း
  • ကလေးမလန်းဘဲ အမြဲတမ်းဂျီကျနေခြင်း
  • ကိုယ်အလေးချိန်မတက်ခြင်း
  • တစ်ခါတစ်ရံတွင် အသားဝါခြင်း သို့မဟုတ် ဝမ်းလျှောခြင်းများ ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ

ကလေးများတွင် ဆီးပိုးဝင်ခြင်းကို ကောင်းစွာကုသမှုမပေးပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်သည်။

  • ခန္ဓာကိုယ်အနှံ့ ပိုးဆိပ်ပြန့်ခြင်း (sepsis)
  • ကြီးထွားမှု နှောင့်နှေးခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
    အထူးသဖြင့် ဆီးပိုးမကြာခဏဝင်သည့် ကလေးများတွင် ကျောက်ကပ်ထိခိုက်လာပြီး နာတာရှည် ကျောက်ကပ်ရောဂါ သို့မဟုတ် သွေးတိုးရောဂါများ ဖြစ်ပွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးမှုများကို အသေးစိတ်ပြုလုပ်ပြီး သွေး၊ ဆီး စစ်ဆေးခြင်း ပြုလုပ်လေ့ရှိသည်။ သွေးစစ်ဆေးခြင်းဖြင့် သွေးတွင်းကျောက်ကပ်ဓာတ်များကို သိရှိနိုင်ပြီး ဆီးကို ဆီးစစ်တံ (Urine dipstick) ဖြင့် စစ်ဆေးခြင်း သို့မဟုတ် အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Urine microscopy) တို့ ပြုလုပ်လေ့ရှိပြီး ဆီးပိုးမွေးခြင်း (Urine culture) ကိုလည်း ဆက်လက်ပြုလုပ်နိုင်သည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတစ်လျှောက် အခြေအနေများကို သိရှိလိုပါက အာထရာဆောင်း (USG) ရိုက်ခြင်း၊ ဆီးလမ်းကြောင်းအခြေအနေနှင့် လုပ်ဆောင်ချက်စစ်ဆေးရန် ဆေးဓာတ်မှန်ရိုက်ခြင်း [Voiding cystourethrogram (VCUG) and Nuclear scan] များ ပြုလုပ်နိုင်သကဲ့သို့ ကွန်ပျူတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI) များရိုက်၍လည်း ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အဓိကအားဖြင့် ပဋိဇီဝပိုးသတ်ဆေးများ (antibiotics) ဖြင့် ကုသရသည်။ ကုသမှုသည် ရောဂါ၏ ပြင်းထန်မှု၊ ကလေး၏ အသက်နှင့် ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ဆေးရွေးချယ်ခြင်းနှင့် ပေးမည့်ကြာချိန်
    ဆရာဝန်သည် ကလေးကိုစမ်းသပ်ပြီးနောက် ရောဂါပိုးအမျိုးအစားကို ခန့်မှန်း၍ သင့်တော်သော ပဋိဇီဝဆေးကို ရွေးချယ်ပေးမည်။ သာမန်အားဖြင့် ဆေးကို ၃ရက် မှ ၁၀ရက်အထိ ပေးရန် လိုအပ်သည်။ ရောဂါလက္ခဏာများ သက်သာသွားသော်လည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း သတ်မှတ်ရက်ပြည့်အောင် ဆေးကို ဆက်လက်တိုက်ကျွေးရမည်။
  • ဆေးသောက်ခြင်း သို့မဟုတ် ဆေးထိုးခြင်း
    • အများအားဖြင့် ရောဂါလက္ခဏာများ မပြင်းထန်ပါက ဆေးရုံတက်ရန်မလိုဘဲ နေအိမ်၌ပင် ပဋိဇီဝဆေးသောက်ဆေးများဖြင့် ကုသနိုင်သည်
    • အကယ်၍ ကလေးသည် အသက် (၂) လအောက်ဖြစ်ခြင်း၊ အလွန်အဖျားကြီးခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း၊ အစာမဝင်ခြင်း၊ သို့မဟုတ် အရေးပေါ်လက္ခဏာများ ပြသလာပါက ဆေးရုံတက်ရောက်၍ သွေးကြောမှတစ်ဆင့် ပဋိဇီဝပိုးသတ်ဆေး ထိုးဆေးများပေးရန် လိုအပ်နိုင်သည်
  • အခြေခံအကြောင်းရင်းများကို ကုသခြင်း
    ကလေးတွင် ဆီးလမ်းကြောင်းဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များ (ဥပမာ – Vesicoureteral Reflux ကဲ့သို့သော ရောဂါမျိုး) ရှိနေသည်ဟု သံသယရှိပါက ဆရာဝန်သည် သက်ဆိုင်ရာ စစ်ဆေးမှုများ [ဥပမာ – micturating cystourethrogram (MCUG) ကဲ့သို့သော ဆီးလမ်းကြောင်းဓာတ်မှန်များ] ကို ပြုလုပ်၍ အဆိုပါအခြေခံအကြောင်းရင်းများကိုပါ ကုသရန် လိုအပ်နိုင်သည်။ ၎င်းကုသမှုသည် ဆီးပိုးဝင်မှု မကြာခဏ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရာတွင် အရေးကြီးသည်။
  • အိမ်တွင် ဂရုစိုက်စောင့်ရှောက်ခြင်း
    • ကလေးကို ရေနှင့် အရည်များများ မကြာခဏ တိုက်ကျွေးခြင်းဖြင့် ဆီးသွားများစေပြီး ဆီးလမ်းကြောင်းအတွင်းမှ ရောဂါပိုးများကို အမြန်ဆုံး ရှင်းထုတ်ရန် အထောက်အကူပြုသည်
    • ဆီးသွားလိုသည့်အခါ ဆီးကို မထိန်းထားဘဲ အချိန်မှန်မှန် ဆီးသွားစေရန် အားပေးရမည်
    • အဖျားရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပါရာစီတမော ကဲ့သို့သော အဖျားကျဆေးများကို တိုက်ကျွေးနိုင်သည်
ကာကွယ်ခြင်း

ကလေးများတွင် ဆီးပိုးဝင်ခြင်းကို ရာနှုန်းပြည့် တားဆီးနိုင်ခြင်းမရှိသော်လည်း အောက်ပါအချက်များကို ဂရုစိုက်လိုက်နာခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်သည်။

  • သန့်ရှင်းရေး အလေ့အထ မှန်ကန်စေခြင်း
    အိမ်သာတက်ပြီးနောက် အထူးသဖြင့် မိန်းကလေးများတွင် ရှေ့မှနောက်သို့ သုတ်၍ ဆေးကြောရန် သင်ကြားပေးရမည်။
  • ပုံမှန်ဆီးသွားစေခြင်း
    ကလေးကို ဆီးသွားချင်သည့်အခါ ဆီးမထိန်းထားဘဲ ပုံမှန်အချိန်များတွင် ဆီးကုန်စင်အောင် သွားစေရန် လေ့ကျင့်ပေးရမည်။
  • အဝတ်အစားနှင့် အတွင်းခံများ
    ချောင်ချိပြီး လေဝင်လေထွက်ကောင်းသော အတွင်းခံများ ဝတ်ဆင်ပေးခြင်း၊ သေးခံကို မကြာခဏလဲပေးခြင်းတို့က ပိုးမွှားများ ပေါက်ပွားမှုကို လျှော့ချသည်။
  • အရည်များများ သောက်သုံးခြင်း
    ရေဓာတ်ပြည့်ဝနေခြင်းသည် ဆီးကို များစေပြီး ပိုးများကို ဆီးနှင့်အတူ ဖယ်ရှားရာတွင် အထောက်အကူပြုသည်။
  • တစ်ကိုယ်ရေသန့်ရှင်းမှု
    လက်ကို မကြာခဏဆေးကြောစေခြင်းဖြင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သည်။
  • ဝမ်းချုပ်ခြင်းမှ ကာကွယ်ခြင်း
    ဝမ်းချုပ်ခြင်းသည် ဆီးလမ်းကြောင်းအပေါ် ဖိအားဖြစ်စေပြီး ပိုးဝင်နိုင်ခြေကို တိုးစေသောကြောင့် ဝမ်းချုပ်ခြင်းမဖြစ်စေရန် ဂရုစိုက်ရမည်။

မကြာခဏ ဆီးပိုးဝင်တတ်သော ကလေးအချို့တွင် လိုအပ်ပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ညစဉ် ပဋိဇီဝဆေးများကို အနည်းငယ်စီ ရေရှည်တိုက်ကျွေး၍ ရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။

ပြောင်းလဲတိုးတက်မှုများ

ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသရာ၌ ပဋိဇီဝဆေးများနှင့် သန့်ရှင်းရေးသည် အဓိကဖြစ်သော်လည်း ပိုမိုတိကျထိရောက်သော ရောဂါရှာဖွေကုသနည်းများ၊ ကာကွယ်ခြင်းနည်းနာသစ်များကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။

  • ရောဂါရှာဖွေမှုဆိုင်ရာ တိုးတက်မှုများ
    • ရောဂါအမြန်ရှာဖွေစစ်ဆေးခြင်း (Rapid Diagnostics)
      • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတည်ပြုရန် ယခင်က ဆီးပိုးမွေးပြီး စစ်ဆေးရန် အချိန်ကြာမြင့်ခဲ့သည်
      • ယခုအခါ ပိုမိုတိကျသော မော်လီကျူးနည်းပညာဖြင့် စစ်ဆေးခြင်း (molecular-based tests) ကဲ့သို့သော အမြန်စစ်ဆေးမှုများသည် ရောဂါပိုးအမျိုးအစားကို ပိုမိုလျင်မြန်စွာ ဖော်ထုတ်နိုင်ပြီး ကုသမှုကို စောစီးစွာ စတင်နိုင်ရန် အထောက်အကူပြုသည်
  • ကုသမှုဆိုင်ရာ တိုးတက်မှုများ
    • ပဋိဇီဝဆေးများ ထိရောက်စွာ အသုံးပြုခြင်း (Antibiotic Stewardship)
      ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရန်အတွက် ရောဂါပိုးအမျိုးအစား စစ်ဆေးမှုကို အခြေခံ၍ အထိရောက်ဆုံး ပဋိဇီဝပိုးသတ်ဆေးများကို အသုံးပြုခြင်း၊ ကုသမှုကြာချိန် ပိုမိုတိုတောင်းစွာပေးခြင်းများကို ကျင့်သုံးလာကြသည်
  • ကာကွယ်မှုဆိုင်ရာ တိုးတက်မှုများ
    • Probiotics (အကျိုးပြုဘက်တီးရီးယားများ) များကို မကြာခဏ ဆီးပိုးဝင်သော ကလေးများတွင် အသုံးပြုကုသခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးများကို ဖန်တီးထုတ်လုပ်ခြင်းများကို သုတေသနပြု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်

References:

  1. Cleveland Clinic. (2024). Urinary tract infection (UTI) in children. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/12415-urinary-tract-infection-childrens
  2. WebMD. (2025). If your child gets a UTI. Retrieved July 26, 2025, from https://www.webmd.com/children/if-your-child-gets-a-uti
  3. The Royal Children’s Hospital Melbourne. (n.d.). Urinary tract infection (UTI) [Fact Sheet]. Retrieved July 26, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Urinary_tract_infection_UTI/#:~:text=A%20urinary%20tract%20infection%20%28UTI%29%20is%20an%20infection%20anywhere%20in
  4. NHS Inform. (2023). Urinary tract infection (UTI) in children. Retrieved July 26, 2025, from https://www.nhsinform.scot/illnesses-and-conditions/kidneys-bladder-and-prostate/urinary-tract-infection-uti-in-children/#:~:text=You%20think%20a%20child%20has%20a%20urinary%20tract%20infection%20%28UTI%29
  5. Subspecialty Group of Nephrology, The Society of Pediatrics, Chinese Medical Association. (2022). Evidence-based guidelines for the diagnosis and management of urinary tract infections in children. World Journal of Pediatrics, 18(1), 15–28.
  6. Zheng, C., et al. (2022). Efficacy and safety of probiotics for prevention of recurrent urinary tract infection in children: A systematic review and meta-analysis. European Journal of Pediatrics, 181(4), 1455–1464.
  7. Robinson, J., et al. (2023). A review of recent advances in the diagnosis and management of pediatric urinary tract infection. Current Opinion in Pediatrics, 35(2), 221–228.
  8. American Academy of Pediatrics. (2024). Urinary tract infection: Clinical practice guideline for the diagnosis and management of the initial UTI in febrile infants and children 2 to 24 months. Pediatrics, 153(1), e2023064614.

Published: 30 August 2024

Last updated: 22 October 2025

Share

22 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.