Cataract (အတွင်းတိမ်ရောဂါ)

Cataract (အတွင်းတိမ်ရောဂါ)

အတွင်းတိမ်ဆိုသည်မှာ မျက်စိတွင်းရှိ ပုံမှန်အတိုင်း ကြည်လင်နေသော မှန်ဘီလူးသည် နောက်ကျိမှုန်ဝါးလာပြီး တိမ်စွဲခြင်းဖြစ်သည်။ တိမ်စွဲနေသော မှန်ဘီလူးကို ဖြတ်သန်းပြီး မြင်ရခြင်းသည် နှင်းမှုန် (သို့မဟုတ်) ရေငွေ့ရိုက်နေသော မှန်ကိုဖြတ်ပြီး ကြည့်သည့်အတိုင်း မြင်ရခြင်းဖြစ်သည်။

အသက်အရွယ်ကြီးရင့်မှုနှင့်အတူ ဤရောဂါဖြစ်ပွားနှုန်း မြင့်တက်လာတတ်သော်လည်း

သို့ရာတွင် ခေတ်ပေါ်ခွဲစိတ်ကုသမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အတွင်းတိမ်ခွဲစိတ်မှုသည် စိတ်ချရ၍ အောင်မြင်နှုန်းမြင့်မားသော ကုသမှုတစ်ရပ် ဖြစ်လာပြီး လူနာအများအပြားအား ရှင်းလင်းပြတ်သားသော အမြင်အာရုံကို ပြန်လည်ရရှိစေနိုင်သည်။

Cataract IMG 1

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်စိတွင်းရှိ မှန်ဘီလူးသည် အသက်ကြီးလာသည်နှင့် ကျုံ့နိုင်၊ ကျယ်နိုင်သည့် စွမ်းအား လျော့နည်းလာသည်။ ကြည်လင်ပြတ်သားမှု လျော့လာသည်။ ထူထဲလာသည်။ မှန်ဘီလူးရှိ ပရိုတင်းဓာတ်များ ပျက်စီးပြီး အစိုင်အခဲဖြစ်လာသည်။ အဆိုပါ အစိုင်အခဲလေးများ စုဝေးလာခြင်းကို တိမ်စွဲသည်ဟုခေါ်သည်။ အစိုင်အခဲလေးများ ပိုမိုများလာသည့်အခါ တိမ်စွဲသည့်ဧရိယာ ကျယ်ပြန့်လာပြီး မှန်ဘီလူးကို အလင်းဖြတ်သန်းဝင်ရောက်မှု နည်းလာခြင်းကြောင့် အမြင်အာရုံကို ထိခိုက်လာခြင်းဖြစ်သည်။ တိမ်စွဲခြင်းသည် မျက်စိနှစ်ဖက်လုံးတွင် တစ်ပြိုင်တည်း ဖြစ်နိုင်သော်လည်း တိမ်အစိုင်အခဲလေးများ ပျံ့နှံ့မှု မတူညီသဖြင့် မျက်စိတစ်လုံးသည် အခြားမျက်စိထက် ပိုဆိုးနိုင်သည်။ တိမ်စွဲခြင်းတွင်_

  1. မှန်ဘီလူး၏ အလယ်ဗဟိုတွင် တိမ်စွဲခြင်း
  2. မှန်ဘီလူး၏ အနားစွန်းတစ်လျှောက် တိမ်စွဲခြင်းနှင့်
  3. မှန်ဘီလူး၏ အနောက်ဘက်တွင် တိမ်စွဲခြင်းဟူ၍ ကွဲပြားသည်။

အဆိုပါ အမျိုးအစားများတွင် မှန်ဘီလူး၏ နောက်ဘက်တွင် တိမ်စွဲခြင်းသည် ပျံ့နှံ့မှုနှုန်းမြန်ပြီး အလင်းရောင်စူးလျှင် ပို၍မှုန်ဝါးတတ်သည်။

အောက်ပါအခြေအနေများတွင် အတွင်းတိမ်ရောဂါဖြစ်နှုန်း ပိုများသည်။

  • သက်ကြီးရွယ်အိုများ
  • ဆီးချိုရောဂါရှိသူများ
  • စူးရှသည့်နေရောင်ခြည်နှင့် ထိတွေ့မှု များပြားသူများ
  • မိသားစုတွင် အတွင်းတိမ်ရောဂါရှိခြင်း
  • မျက်စိ ဒဏ်ရာရဖူးခြင်း၊ ရောင်ရမ်းဖူးခြင်း
  • မျက်စိ ခွဲစိတ်ခံရဖူးခြင်း
  • စတီးရွိုက်ဆေးဝါးများ ကြာရှည်စွာသောက်ရဖူးခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း

အတွင်းတိမ်ရောဂါသည် လူကြီးများတွင်သာမက ကလေးဘဝတွင်လည်း ဖြစ်နိုင်သည်။
ဖြစ်နိုင်သောအခြေအနေများမှာ _

  • မျိုးဗီဇရောဂါများ [ဥပမာ _ ဒေါင်းလက္ခဏာစု (Down Syndrome)၊ Lowe ရောဂါစု၊ Marian syndrome]
  • မွေးရာပါဂျိုက်သိုးရောဂါကဲ့သို့သော သန္ဓေသားဘဝကူးစက်ရောဂါများ
  • ဇီဝဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းမှုများ (ဥပမာ – Galactosemia)
  • ကြွက်သားပုံပျက် အားပျော့ရောဂါ (Myotonic dystrophies)
  • ထိခိုက်ဒဏ်ရာရခြင်းများ
  • စတီးရွိုက်ဆေးများ ရေရှည်သုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

တိမ်စွဲနေသော မှန်ဘီလူးကြောင့် အောက်ပါလက္ခဏာများ တွေ့ရှိရသည်။

  • မြူဆိုင်းသကဲ့သို့ မြင်ကွင်းများ မှုန်ဝါးခြင်း သို့မဟုတ် မှောင်မည်းနေခြင်း
  • ညဘက်တွင် မြင်နိုင်စွမ်း ကျဆင်းခြင်း
  • အလင်းစူးသည်ကို မခံနိုင်ခြင်း
  • အလင်းတန်းပတ်လည်တွင် ကွင်းပုံသဏ္ဌာန် မြင်ရခြင်း
  • မျက်လုံးတစ်လုံးတည်း ပုံရိပ်နှစ်ထပ် မြင်ရခြင်း
  • မျက်မှန်ပါဝါ ခဏခဏ ပြောင်းရခြင်း
နောက်ဆက်တွဲပြဿနာများ

အတွင်းတိမ် ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ရရှိနိုင်သည်။

  • အမြင်အာရုံ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာများကို မိမိကိုယ်တိုင် မလုပ်ကိုင်နိုင်ခြင်း
  • ထိခိုက်ဒဏ်ရာရခြင်းအန္တရာယ် ပိုများလာခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာခြင်း
  • ကလေးများတွင် ပေါင်းသင်းဆက်ဆံရေး၊ ပညာသင်ကြားရေးစသည်တို့ကို ထိခိုက်လာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိလျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် ဦးစွာတိုင်ပင်ဆွေးနွေးနိုင်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက မျက်စိအထူးကုဆရာဝန်များထံ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အတွင်းတိမ်ရောဂါကို အတည်ပြုရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများ လိုအပ်သည်။

  • ကွန်ပျူတာစက်ဖြင့် စမ်းသပ်ခြင်း (Automated Refraction) အပါအဝင် အမြင်အာရုံဆိုင်ရာ စစ်ဆေးမှုများ
  • အလင်းကွဲကြောင်း ထုတ်လွှတ်သည့်ကိရိယာဖြင့်စစ်ဆေးခြင်း (Slit-Lamp Examination)
  • ဤကိရိယာသည် မျက်စိ၏ ရှေ့ပိုင်းအစိတ်အပိုင်းများ (မှန်ဘီလူး အပါအဝင်) ကိုကြည့်ရှုစစ်ဆေးနိုင်သည်။ အတွင်းတိမ်၏ တည်နေရာ၊ အရွယ်အစားနှင့် သိပ်သည်းမှုကို အကဲဖြတ်ရန် အဓိကအသုံးပြုသော နည်းလမ်း ဖြစ်သည်။
  • အထွေထွေမျက်စိကျန်းမာရေး စစ်ဆေးခြင်း (Comprehensive Eye Exam)
  • မျက်စိအာရုံကြောနှင့် မြင်လွှာအား စစ်ဆေးခြင်းအပါအဝင် မျက်စိ၏ အနောက်ပိုင်းကိုပါ စစ်ဆေးကာ အခြားသော မျက်စိပြဿနာများ ရှိမရှိ စစ်ဆေးသည်

အခြားစစ်ဆေးမှုများ_

  • အတွင်းတိမ်၏ အကြောင်းရင်းကို သိရှိရန် သွေးစစ်ဆေးမှုများ (ဥပမာ _ ဆီးချိုရောဂါ)
  • ကလေးငယ်များတွင် မွေးရာပါအတွင်းတိမ်ဖြစ်ပါက မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ၊ သက်ဆိုင်ရာဗိုင်းရပ်စ်ပိုးများ စစ်ဆေးခြင်း

ထို့နောက် မျက်စိအထူးကုဆရာဝန်သည် အောက်ပါအချက်များကို ဆုံးဖြတ်မည်။

  • အတွင်းတိမ် ရှိမရှိ
  • အတွင်းတိမ်၏ အမျိုးအစား
  • အတွင်းတိမ်၏ ပြင်းထန်မှုအဆင့်
  • နောက်ခံအကြောင်းရင်း
  • ခွဲစိတ်ကုသရန် လိုမလို
ကုသခြင်း

မျက်စဉ်း၊ သောက်ဆေး၊ အစားအသောက်စသည်တို့ဖြင့် အတွင်းတိမ် ပျောက်ကင်းအောင် ကုသ၍မရပါ။ ခွဲစိတ်ကုသခြင်းဖြင့်သာ အတွင်းတိမ်ကို အပြီးအပိုင် ကုသနိုင်သည်။

ယခုအခါ ခွဲစိတ်ကုသမှုများသည် အလွန်စိတ်ချရပြီး ရလဒ်ကောင်းများရရှိသောကြောင့် အတွင်းတိမ်ကြောင့် နေ့စဉ်ဘဝနှင့် အလုပ်အကိုင် ထိခိုက်စပြုလာပြီဆိုလျှင် ခွဲစိတ်နိုင်သည်။ မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး ခွဲစိတ်ရန် အကောင်းဆုံးအချိန်ကို ဆုံးဖြတ်ရမည်။ စာဖတ်ခြင်း၊ ကားမောင်းခြင်း စသည်တို့အပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများ မပြုလုပ်နိုင်လာလျှင် ခွဲစိတ်ကုသသင့်သည်။

မျက်စိနှစ်ဖက်လုံးတွင် တစ်ပြိုင်တည်းဖြစ်သည့်အခါ ဦးစားပေးမျက်စိအား ဦးစွာခွဲစိတ်အောင်မြင်ပြီးမှ ဒုတိယမျက်စိအား ခွဲစိတ်ရန် ပြင်ဆင်လိမ့်မည်။ ခွဲစိတ်သည့်အခါတွင် တိမ်စွဲနေသော မှန်ဘီလူးကို ခွဲစိတ်ထုတ်ဖယ်လိုက်ပြီး မှန်ဘီလူးအတု (Intraocular Lens – IOL) ကို အစားထိုး တပ်ဆင်ပေးခြင်းဖြစ်သည်။ ခွဲစိတ်မှုကို ထုံဆေးဖြင့်သာ ပြုလုပ်သောကြောင့် ပြင်ပလူနာအဖြစ်သာ ကုသရန်လိုသည်။ အချို့လူနာများတွင် အခြားမျက်စိရောဂါကြောင့် မှန်ဘီလူးအတု အစားထိုးရန်မဖြစ်နိုင်လျှင် တိမ်စွဲနေသော မှန်ဘီလူးကို ထုတ်ပစ်လိုက်ပြီး မျက်မှန် (သို့မဟုတ်) မျက်ကပ်မှန် (Contact lens) တပ်ခြင်းဖြင့် ကုသနိုင်သည်။ အတွင်းတိမ် ခွဲစိတ်ကုသခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသော ခွဲစိတ်မှုတစ်ခုဖြစ်သည်။ ခွဲစိတ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း အနာကျက်လေ့ရှိသည်။ ခွဲစိတ်ကုသခြင်းဖြင့် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီး နေ့စဉ်ဘဝအရည်အသွေး ပြန်လည်တိုးတက်လာသည်။

Cataract IMG 2


ကာကွယ်ခြင်း

မျက်စိအတွင်းတိမ်‌ရောဂါကို ကြိုတင်ကာကွယ်နိုင်သည်ဟု သိပ္ပံနည်းကျ လေ့လာတွေ့ရှိခြင်း မရှိသေးပေ။ သို့သော် အောက်ပါနည်းလမ်းများဖြင့် အတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  • မျက်စိစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပါ၊ အတွင်းတိမ်ရောဂါသာမက အခြားမျက်စိရောဂါများကို စောစီးစွာ သိရှိကုသနိုင်သည်
  • အထက်ဖော်ပြပါ အခံရောဂါများကို စနစ်တကျကုသပါ
  • စတီးရွိုက်ဆေးများ ကာလကြာရှည်စွာ သောက်သုံးနေလျှင် မျက်စိစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပါ
  • ဆေးလိပ်ဖြတ်ပါ
  • အရက်လျှော့သောက်ပါ
  • နေရောင်ခြည် စူးရှမှုမှ ကာကွယ်ရန် နေကာမျက်မှန်တပ်ပါ
  • အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပါ
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Anti-oxidants) ပါဝင်သည့် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားလျှင် သောက်နိုင်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Cataracts – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 9, 2024, from https://www.mayoclinic.org/diseases-conditions/cataracts/symptoms-causes/syc-20353790
  2. What are cataracts? (2024). American Academy of Ophthalmology. Retrieved June 9, 2024, from https://www.aao.org/eye-health/diseases/what-are-cataracts
  3. Cataracts (Age-Related). (2024). Cleveland Clinic. Retrieved June 9, 2024, from https://my.clevelandclinic.org/health/diseases/8589-cataracts-age-related
  4. Cataract. (n.d.). AOA. Retrieved June 9, 2024, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/cataract?sso=y

Published: 30 August 2024

Share

15 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.