ကမ္ဘာပေါ် ၌ ဆီးချိုရောဂါကို ကုသမှု သေချာစွာ မခံယူသောကြောင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ခံစားနေရပြီး အသက်ဆုံးရှုံးရသည့် လူနာများစွာရှိသည်။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် နာတာရှည်အနေနှင့် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သည်။ ဆီးချိုရောဂါဖြစ်သည့် အချိန်ကာလကြာပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ မထိန်းချုပ်ဘဲထားခြင်းကြောင့် ရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ပိုမိုခံစားရလေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဆီးချိုရောဂါ ခံစားရသည့် အချိန်ကာလ ရှည်ကြာလာသည့်အခါ သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်းကြောင့် သွေးကြောများကို ထိခိုက်ပျက်စီးစေသည်။ ထိုအခါ ခန္ဓာကိုယ်၏ လိုအပ်သည့် အစိတ်အပိုင်းများသို့ သွေးအရောက်နည်းသွားသည်။ ထိုသို့သွေးကြောများ ထိခိုက်ပျက်စီးခြင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် တစ်ပြိုင်တည်း ဖြစ်နိုင်သောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးလျှင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ထိုသို့ထိခိုက်ပျက်စီးနေနိုင်သည်။ ထို့ကြောင့် ဆီးချိုရောဂါခံစားနေရသူများသည် မိမိ၏ခြေထောက်တွင် ထုံကျဥ်ခြင်း၊ အနာမကျက်ခြင်း စသည်တို့ ခံစားရပါက နှလုံးတွင် နှလုံးသွေးကြောကျဉ်းခြင်း၊ ကျောက်ကပ်တွင် ကျောက်ကပ်အားနည်းခြင်း စသည်ဖြင့် ဖြစ်နေနိုင်သည်ကို သတိပြုသင့်သည်။
နောက်ဆက်တွဲပြဿနာများ
ရေရှည်တွင်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
နှလုံးသွေးကြောဆိုင်ရာရောဂါများ (Cardiovascular disease)
ဆီးချိုရောဂါ နောက်ဆက်တွဲပြဿနာများထဲတွင် အဖြစ်များဆုံးနှင့် အသေအပျောက် အများဆုံး ပြဿနာဖြစ်သည် ။ နှလုံးသွေးကြောကျဥ်းခြင်း (သို့မဟုတ်) ပိတ်ခြင်း (Acute coronary syndrome) တို့ဖြစ်ပေါ်သည့်အခါ ရင်ဘတ်အောင့်ခြင်း (Chest pain)၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း (Tachycardia)၊ အသက်ရှူမဝခြင်း ၊ နှလုံးအမောဖောက်ခြင်း (Heart attack) တို့ခံစားရသည်။ ထိုလက္ခဏာများခံစားရပါက မိမိ၏ မိသားစုဆရာ၀န်နှင့်တိုင်ပင်ပြီး အီးစီဂျီ (ECG) ဆွဲခြင်း၊ သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်းတို့ပြုလုပ်၍ ရောဂါရှာဖွေကုသနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ နှလုံးအထူးကုဆရာ၀န်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။ လိုအပ်လျှင်_
- ခန္ဓာကိုယ် လှုပ်ရှားနေစဥ် နှလုံးလုပ်ဆောင်ချက်ကို အီးစီဂျီဖြင့်စစ်ဆေးခြင်း (Exercise ECG)
- အသံလှိုင်းသုံး ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echo)
- နှလုံးသွေးလွှတ်ကြောအတွင်း ကယ်လဆီယမ်ဓာတ် စုပုံမှုကို တိုင်းတာ၍ နှလုံးသွေးကြောကျဥ်းရောဂါ တွက်ဆခြင်း (Coronary artery calcium scoring) တို့ကို ဆက်လက်ပြုလုပ်၍ ထိရောက်သောကုသမှုများကို အချိန်မီခံယူရန် အရေးကြီးသည်။
လေဖြတ်ခြင်း (Stroke)၊ လေဖြန်းခြင်း (Transient Ischemic Attack)
ဦးနှောက်သွေးကြောပိတ်သည့်အခါ လေဖြတ်ခြင်း၊ လေဖြန်းခြင်းများ ဖြစ်နိုင်သည်။ ထိုအခါ ခန္ဓာကိုယ်တစ်ခြမ်းထဲရှိ မျက်နှာ၊ လက်၊ ခြေထောက် လှုပ်ရှား၍မရခြင်း၊ ထုံကျဥ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း အစရှိသည့် လက္ခဏာများ ခံစားရသည်။ အထက်ပါ လက္ခဏာများ ရှိပါက ဆေးရုံသို့ အမြန်ဆုံးသွားပြီး ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)တို့ လိုအပ်နိုင်သည်။
ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်းကို ကုသရာတွင် သွေးကြောပွင့်စေသောဆေးများ ထိုးခြင်း၊ သွေးကျဲဆေးများ ပေးခြင်း၊ ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားထားသည့် ဆေးဝါးများကို ပုံမှန်သောက်သုံးရန် လိုအပ်သည်။
ခြေထောက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ (Diabetic foot)
ခြေထောက်သို့သွားသော သွေးစီးဆင်းမှု နည်းသည့်အခါ (သို့မဟုတ်) ခြေထောက်ရှိ အာရုံကြောများ ထိခိုက်ပျက်စီးသည့်အခါ ခြေထောက်ထုံကျဥ်ခြင်း၊ ခြေထောက်အနာ ဖြစ်လွယ်ခြင်း၊ အနာမကျက်ခြင်း၊ နာကျင်ခြင်း၊ ခြေထောက်အရေပြား အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်လာသည်။ ထို့ကြောင့်
- အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ပြီး (၅) နှစ်အကြာ
- အမျိုးအစား(၂) ဆီးချိုရောဂါကို စတင်တွေ့ရှိချိန် မှစတင်၍ ခြေထောက်အာရုံကြောနှင့် လှုပ်ရှားမှုစွမ်းအားတို့ကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်။
အထက်တွင် ဖော်ပြထားသော လက္ခဏာများရှိလျှင် မိသားစုဆရာ၀န်နှင့် ပြသပြီး ခြေထောက်ကို အသေးစိတ် စစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်လျှင် သွေးစစ်ခြင်း၊ ခြေထောက်ဓာတ်မှန် (X-ray) (သို့မဟုတ်) သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။
ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာကို ကုသရာတွင် အနာကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြည်များ၊ အရည်များရှိပါက နည်းစနစ်ကျနစွာ ဖောက်ထုတ်ခြင်း၊ ပိုးဝင်နေသော အသားအပိုင်းများကို ဖြတ်ထုတ်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း စသည်တို့ဖြင့် စနစ်တကျ ကုသရန် လိုအပ်သည်။
မျက်စိထိခိုက်ပျက်စီးခြင်း (Diabetic Retinopathy)
ဆီးချိုရောဂါကို အချိန်ကာလကြာရှည်စွာ ခံစားရခြင်းနှင့် သွေးတွင်းသကြားဓာတ် ကောင်းမွန်စွာ မထိန်းသိမ်းနိုင်လျှင် မျက်စိမြင်လွှာရှိ သွေးကြောများ ထိခိုက်ပျက်စီးခြင်းနှင့် အတွင်းတိမ်ရောဂါ (Cataract) များကြောင့် အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်
- အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ပြီး (၅) နှစ်အကြာ
- အမျိုးအစား (၂) ဆီးချိုရောဂါကို စတင်တွေ့ရှိချိန် မှစတင်၍ မျက်စိပုံမှန်စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။
မျက်စိအထူးကုဆရာဝန်မှ မျက်စိကို သေချာစွာစစ်ဆေးခြင်း၊ မြင်လွှာပုံရိပ်ဖော်စစ်ဆေးခြင်း (Retinal imaging)၊ Fluorescein ဆိုးဆေးသုံး၍ မျက်လုံးသွေးကြော ပုံရိပ်ဖော်စစ်ဆေးခြင်း (Fluorescein angiography) စသည်တို့ ပြုလုပ်နိုင်သည်။ မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်လျှင် လေဆာဖြင့်ကုသခြင်း (Panretinal laser photocoagulation)၊ မျက်လုံး အနောက်ဘက်အခန်းအတွင်း ဆေးထိုး၍ကုသခြင်း (Intravitreal anti-VEGF or corticosteroid injections) နှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်းတို့ဖြင့် ကုသနိုင်သည်။
ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း (Diabetic Nephropathy)
ဆီးချိုရောဂါရှိသူများသည် အချိန်ကြာမြင့်စွာ ရောဂါခံစားရပါက တဖြည်းဖြည်းနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း ဖြစ်ပေါ်နိုင်သည်။ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ပါက နာတာရှည် ကျောက်ကပ်ရောဂါများကို ပို၍စောစီးစွာ ခံစားရနိုင်သည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူအားလုံးသည် သွေးတွင်း ကျောက်ကပ်ဓာတ်စစ်ဆေးခြင်း (serum Creatinine and eGFR) နှင့် ဆီးတွင် အသားဓာတ်ပါဝင်မှု စစ်ဆေးခြင်း (Albuminuria) တို့ကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်။
ကျောက်ကပ်သို့သွားသော သွေးကြောများ ထိခိုက်ပျက်စီးပြီး ကျောက်ကပ် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သည့်အခါ သွေးတိုးခြင်း၊ ခြေထောက်နှင့် မျက်လုံးတစ်ဝိုက် ဖောရောင်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ယားယံခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိသည့်လက္ခဏာများ ဖြစ်ပေါ်လာသည်။
ထိုလက္ခဏာများရှိလျှင် မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး သွေးပေါင်ချိန်ထိန်းခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းခြင်း၊ ဆေးများကို ထိန်းညှိခြင်းတို့ပြုလုပ်၍ ကုသမှု ခံယူနိုင်သည်။ နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney disease) ဖြစ်ပေါ်နေပါက နောက်ဆက်တွဲပြဿနာများကို ရှာဖွေကုသရန် လိုအပ်ပါက ကျောက်ကပ်အထူးကုဆရာ၀န်များထံသို့ လွှဲပြောင်းကုသခြင်း၊ တိုင်ပင်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။
အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ (Diabetic Neuropathy)
အာရုံကြောသို့ သွေးပို့သည့် သွေးကြောငယ်များ ပျက်စီးသည့်အခါ အာရုံကြောများ ထိခိုက်ပျက်စီးနိုင်သည်။ ထိုအခါ အောက်ပါ လက္ခဏာများ ခံစားရနိုင်သည်။
- ခြေထောက်နှင့် လက်သို့သွားသော သွေးကြောနှင့် အာရုံကြောများ ထိခိုက်ပြီး ခြေလက်များ ထုံကျဉ်ခြင်း၊ မီးစနှင့်ထိုးသကဲ့သို့ ပူခြင်း၊ နာခြင်း၊ ကြွက်သားများ အားနည်းခြင်း
- အစာခြေခြင်းဆိုင်ရာ အာရုံကြော ထိခိုက်ပြီး ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း (သို့မဟုတ်) ဝမ်းချုပ်ခြင်း၊ အစာမျိုရခက်ခြင်း
- ထိုင်ရာမှ ထလိုက်လျှင် သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း (Postural hypotension)
- ဆီးသွားရခက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် ဆီးပိုး မကြာခဏဝင်ခြင်း
- အမျိုးသားများတွင် ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction)၊ အမျိုးသမီးများတွင် အမျိုးသမီးအင်္ဂါ ခြောက်သွေ့ခြင်း အစရှိသော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ရောဂါ ပို၍မဆိုးစေရန် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းရန် လိုအပ်သည်။ အာရုံကြောဆိုင်ရာ နာကျင်မှုနှင့် အခြားသောလက္ခဏာများကို သက်သာစေသောဆေးများကို ဆရာ၀န် ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။
ကိုယ်ခံအားနည်းသောကြောင့် ရောဂါပိုး အ၀င်လွယ်ခြင်း
ဆီးချိုရောဂါလူနာများသည် သာမန်လူထက် ရောဂါပိုး ပို၍ကူးစက်လွယ်သည်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးမျိုးစုံ ကူးစက်နိုင်သဖြင့် မိမိကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ရန် လိုအပ်သည်။ ပိုး၀င်သည်ဟု ယူဆပါက မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ပြီး လိုအပ်လျှင် ပဋိဇီ၀ပိုးသတ်ဆေးများကို ဆရာ၀န် ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင် သောက်ပါ။ ရောဂါပိုး၀င်ခြင်းမှ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော၊ အာဟာရမျှတသည့် အစားအသောက်များကို စားပါ။ အိပ်ရေး၀အောင်အိပ်ရန် အရေးကြီးသည်။
အရေပြား နောက်ဆက်တွဲပြဿနာများ
ဆီးချိုလူနာများသည် သာမန်လူထက် အရေပြား ရောဂါပိုးဝင်ရန် လွယ်ကူသည်။ အရေပြားမှိုစွဲခြင်း၊ ပြည်တည်နာဖြစ်ခြင်းနှင့် အခြားအနာဖြစ်ခြင်းများရှိပါက ဆောလျင်စွာ ကုသရန် အရေးကြီးသည်။ အရေပြား ယားယံခြင်း၊ အရေပြားတွင် အနာ၊ အကွက်ပေါ်ခြင်းတို့ဖြစ်လျှင် မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ပါ။ လိုအပ်လျှင် မိသားစုဆရာဝန်မှ အရေပြားအထူးကုဆရာ၀န်များထံ လွှဲပြောင်းကုသပေးလိမ့်မည်။
ခံတွင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
ဆီးချိုလူနာများအနေနှင့် ခံတွင်းခြောက်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းမှိုစွဲခြင်း (လျှာ၊ အာခေါင်၊ ပါးစောင်များတွင် အဖြူဖတ်ဖြစ်ခြင်း)၊ ခံတွင်းအနာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် သွားနှင့်ခံတွင်း ကျန်းမာရေးကောင်းမွန်စေရန် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သွားဆရာဝန်များနှင့် စစ်ဆေးပြီး လိုအပ်လျှင် ကုသမှုခံယူရမည်။
ကာကွယ်ခြင်း
ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် မဖြစ်ခင်က ကြိုတင်ကာကွယ်၍ ရနိုင်သည်။ ဖြစ်ပြီးသွားလျှင် ပျောက်ကင်းအောင် ကုသ၍ မရပါ။ ထို့ကြောင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်နိုင်သည်။
- ဆီးချိုဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာစွာ သောက်သုံး၍ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရောက်အောင် ထိန်းသိမ်းပါ။ သွေးတွင်းသကြားဓာတ်ကို အိမ်တွင် ပုံမှန်စစ်ဆေး၍ မှတ်သားထားရမည်။ ပုံမှန်မဟုတ်ဘဲ များလျှင်သော်လည်းကောင်း၊ နည်းလျှင်သော်လည်းကောင်း ဆရာ၀န်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောအလျောက် ဆေးဝါးများကို တိုးသောက်ခြင်း၊ လျှော့သောက်ခြင်း၊ ဆေးရပ်ခြင်းများ မပြုလုပ်ရပါ
- ဆေးလိပ် (လုံးဝ) မသောက်ရပါ
- သွေးပေါင်ချိန်နှင့် သွေးတွင်း ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါ
- မိသားစုဆရာဝန် (သို့မဟုတ်) အထူးကုဆရာဝန်နှင့် ရက်ချိန်း ပုံမှန်ပြသပြီး လိုအပ်သည့် စစ်ဆေးချက်များကို အချိန်မှန်ပြုလုပ်ပါ
- မျက်စိကို ပုံမှန်စမ်းသပ်စစ်ဆေးပါ
- မိမိ၏ ခြေထောက်ကို သေချာစွာ ဂရုစိုက်ပါ။ ခြေထောက်ကို သေချာဆေးကြောခြင်း၊ ခြေထောက်အရေပြား မခြောက်သွေ့စေရန် အလှဆီ လိမ်းပေးခြင်း၊ မိမိခြေထောက်တွင် အနာ၊ အရည်ကြည်ဖု၊ ရောင်ရမ်းခြင်းများ ရှိမရှိ နေ့စဉ်စစ်ဆေးခြင်း၊ အနာများ ကောင်းကောင်းမကျက်ပါက ဆရာဝန်နှင့် ပြသခြင်းတို့ကို ပြုလုပ်ပါ
- မိမိ၏ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ
- အရက်သောက်သုံးခြင်းကို အတတ်နိုင်ဆုံး လျှော့ချပါ
- စိတ်ဖိစီးမှုများကို လျှော့ချပါ
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ၊ တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့်၊ တစ်ပတ်တွင် (၅) ရက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပါ၊ အချိုဓာတ်လွန်ကဲသည့် အစားအစာ၊ အဆီများသော အစားအစာများကို ရှောင်ကြဉ်ပါ
ဆက်လက်ဖတ်ရှုရန်
- Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
- Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
- Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
- Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
- Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
- Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)
- Diabetes Diet (ဆီးချိုရောဂါနှင့် အစားအသောက်)
- Gestational diabetes
References:
- Mayo Clinic. (n.d.). Diabetes: Symptoms & causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/diabetes/symptoms-causes/syc-20371444
- Mayo Clinic. (n.d.). Diabetic neuropathy: Diagnosis & treatment. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/diabetic-neuropathy/diagnosis-treatment/drc-20371587
- Mayo Clinic. (n.d.). Diabetic nephropathy: Diagnosis & treatment. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/diabetic-nephropathy/diagnosis-treatment/drc-20354562
- Mayo Clinic. (n.d.). Diabetes management: Art of diabetes-management. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-management/art-20045803
- American Diabetes Association. (n.d.). Complications. Retrieved July 26, 2025, from https://diabetes.org/about-diabetes/complications
Published: 30 August 2024
Last updated: 8 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.