Ovarian cyst (သားဥအိမ်ရေအိတ်တည်ခြင်း)

Ovarian cyst (သားဥအိမ်ရေအိတ်တည်ခြင်း)

သားဥအိမ်ရေအိတ်တည်ခြင်းဆိုသည်မှာ သားဥအိမ်အတွင်း သို့မဟုတ် အပြင်မျက်နှာပြင်ပေါ်တွင် ရေအိတ်ကလေးများ ဖြစ်တည်နေခြင်းဖြစ်သည်။ အမျိုးသမီးများတွင် သားဥအိမ်များကို သားအိမ်၏ ဘေးတစ်ဖက်စီတွင် တွေ့ရသည်။ သားဥအိမ်များ၏ ပုံမှန်အရွယ်အစားမှာ အယ်လ်မွန်စေ့ ပုံသဏ္ဍာန်၊ အရွယ်အစားခန့်သာ ရှိတတ်သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ၏ သားဥအိမ်တွင် သားဥများ လစဉ်ကြွေသည်။

Ovarian cyst IMG 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သားဥအိမ်တွင် ရေအိတ်တည်ရခြင်းမှာ_

  1. သားဥကြွေဆေးများ သောက်သုံးပြီး ကိုယ်ဝန်ဆောင်ခြင်း၏ နောက်ဆက်တွဲများ
  2. သားအိမ်နံရံရှိတစ်ရှူးနှင့် တူသောအရာများ သားဥတွင် တွယ်ကပ်ခြင်း
  3. သားအိမ်ရောင်ခြင်းနှင့်
  4. ယခင် သားဥအိမ်ရေအိတ်တည်ဖူးခြင်းများကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများ

ရေအိတ်တည်ခြင်းဖြစ်သော သားဥအိမ်သည် အများအားဖြင့် အရွယ်အစားသေးငယ်ပြီး ရောဂါလက္ခဏာများ မခံစားရသောကြောင့် ဆေးကုသမှုခံယူရန် မလိုအပ်ဘဲ ရေအိတ်၏ အရွယ်အစား သေးကျုံ့သွားတတ်သည်။ သို့သော် အချို့သားဥအိမ်ရေအိတ်တည်ခြင်းတွင် ရေအိတ်၏အညှာတံ လိမ်သွားခြင်း၊ ရေအိတ်ပေါက်ထွက်ခြင်း၊ ဝမ်းခေါင်းအတွင်း သွေးယိုစိမ့်ခြင်းများ ခံစားရတတ်သည်။

သို့ဖြစ်ပါ၍ သားဥအိမ်ရေအိတ်ရှိပါက ခံစားရတတ်သော လက္ခဏာများကို ကြိုတင်သိရှိထားခြင်း၊ ပုံမှန်ကုသစောင့်ရှောက်မှု ခံယူခြင်းများရှိပါက ဆိုးရွားစွာ ခံစားရနိုင်သော ဝေဒနာများကို ရှောင်ရှားနိုင်သည်။ အများအားဖြင့် သားဥအိမ်ရေအိတ်များသည် ပြင်းထန်ဝေဒနာများ မခံစားရခြင်းမရှိသော်လည်း အရွယ်ပမာဏ ကြီးမားနေပါက တစ်ခါတစ်ရံ ဆီးခုံတစ်ဝိုက်တွင် နာကျင်ခြင်း၊ ဗိုက်တင်းခြင်း၊ လေပွခြင်းများ ခံစားရပြီး မအီမသာဖြစ်တတ်သည်။ လူနာမှာ ရုတ်တရက် ပြင်းထန်စွာ ဗိုက်နာခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်၍ အသက်ရှူပြင်းခြင်း၊ မူးဝေအားနည်းခြင်းများ ခံစားရပါက ဆရာဝန်များနှင့် ပြသ၍ ကုသမှုခံယူသင့်သည်။

သားဥအိမ်ရေအိတ် အမျိုးအစားများ
  1. သားဥအိမ်ရေအိတ်တည်ခြင်း အများစုမှာ ရာသီစက်ဝန်းနှင့်ဆက်စပ်၍ ဖြစ်ပေါ် တတ်သည်
    အမျိုးသမီးများ၏ သားဥအိမ်သည် ပုံမှန်အားဖြင့် တစ်လ တစ်ခါ follicle ဟုခေါ်သော အရည်အိတ်ငယ်လေးများကို ဖြစ်စေသည်။ ထိုအရည်အိတ်ကလေးများသည် ဟော်မုန်းများထုတ်ပေးသကဲ့သို့ သားဥကိုလည်း ထုတ်ပေးသည်။ ရာသီစက်ဝန်းနှင့် ပတ်သက်၍ ဖြစ်တတ်သော ရေအိတ်အမျိုးအစား (၂) မျိုး ရှိသည်။
    • Follicular cyst
      သားဥကြွေချိန်တွင် follicle ဟုခေါ်သော အရည်အိတ်မှ သားဥမကြွေကျဘဲ သားဥအိမ်အတွင်း ဆက်လက်ရှိနေပြီး ရေအိတ်အလုံးအဖြစ် ကြီးထွားလာသည်ကို တွေ့ရတတ်သည်။
    • Corpus luteal cyst
      သားဥကြွေချိန်တွင် follicle ဟုခေါ်သော အရည်အိတ်မှ သားဥကြွေသော်လည်း သားဥကြွေသောလမ်းကြောင်း ပိတ်မိသဖြင့် ရေစုပြီး ရေအိတ်အလုံးအဖြစ် တွေ့ရတတ်ခြင်း ဖြစ်သည်။ အထက်ပါ သားဥအိမ်ရေအိတ်များသည် ရာသီစက်ဝန်းနှင့် ဆက်စပ်၍ ဖြစ်တတ်ပြီး ပုံမှန်အားဖြင့် (၁-၂) လကြာလျှင် သက်သာပျောက်ကင်းနိုင်သောကြောင့် အန္တရာယ်မရှိသလောက် နည်းပါးသည်။
  2. အခြားရာသီစက်ဝန်းနှင့် မဆက်စပ်ဘဲ ဖြစ်တတ်သော ရေအိတ်အလုံးများမှာ သားဥအိမ်တွင်ဖြစ်သော အဆီလုံး (Dermoid cyst)၊ အရည်လုံး (Cystadenoma)နှင့် သွေးလုံးများ (Endometrioma) ဖြစ်သည်။
    • သားဥအိမ်အဆီလုံး (Dermoid cyst)
      • ဆံပင်၊ အရေပြား၊ အရိုးနု၊ သွားနှင့် တူသောအရာများ ပါတတ်သည်
      • ထိုသားဥအိမ် အဆီလုံးများသည် ကင်ဆာဖြစ်နိုင်ခြေ လွန်စွာနည်းပါးသည်
    • သားဥအိမ်အရည်လုံး (Cystadenoma)
      • သားဥအိမ်မျက်နှာပြင်ရှိ ဆဲလ်များမှ ဖြစ်ပေါ်လာသည်၊ အလုံးများအတွင်း အရည်ကြည်ကြည်များ သို့မဟုတ် ချွဲပျစ်သော အရည်များ ရှိတတ်သည်
      • ထိုအလုံးများ၏ အရွယ်ပမာဏမှာ ကြီးတတ်သည်
    • သွေးလုံးများ (Endometrioma)
      • သားအိမ်နံရံ၏ တစ်ရှူးနှင့်တူသော အရာများသည် သားဥအိမ် သို့မဟုတ် သားအိမ်ပြင်ပတွင် လာရောက်တွယ်ကပ်နေရာမှ သွေးလုံးများ ဖြစ်လာခြင်းဖြစ်သည်

အဆီလုံးနှင့် အရည်လုံးများသည် အရွယ်ပမာဏကြီးတတ်ပြီး အညှာတံလိမ်နိုင်ခြေ ပိုများတတ်သည်။ ထိုသို့ဖြစ်ပါက လူနာမှာ ရုတ်တရက် ပြင်းထန်စွာ ဗိုက်နာခြင်း၊ အန်ခြင်း စသည့်လက္ခဏာများ ခံစားရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများအနေဖြင့် အညှာတံလိမ်ခြင်း၊ ရေအိတ်ပေါက်၍ သွေးယိုစိမ့်ခြင်းများ ခံစားရတတ်သည်။ သားဥအိမ်ရေအိတ်သည် အရွယ်ပမာဏကြီးမားပါက အညှာလိမ်နိုင်ခြင်း ပိုဖြစ်တတ်ပြီး လူနာမှာ ရုတ်တရက် ဗိုက်နာခြင်း၊ အန်ခြင်းများ ခံစားရတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သားဥအိမ်တွင်ရေအိတ်ဖြစ်ခြင်းကို တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းဖြင့် ခန့်မှန်းအရွယ်အစားကို သိရှိနိုင်သကဲ့သို့ အတိအကျ ရှာဖွေသိရှိရန် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။

  • ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်း _ ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် Corpus luteum cyst ဖြစ်နိုင်သောကြောင့် ကိုယ်ဝန် ရှိမရှိ ကို စစ်ဆေးရန် လိုအပ်သည်
  • အာထရာဆောင်းရိုက်ခြင်း (USG) ဖြင့် မိန်းမကိုယ်တင်ပါးဆုံရိုးကွင်း အတွင်းရှိ ရေအိတ်အရွယ်အစား၊ အရေအတွက်၊ တည်နေရာနှင့် ဖွဲ့စည်းထားသောအသားလုံး သို့မဟုတ် အရည်လုံးများကို သေချာစွာ သိရှိနိုင်သည်
  • ဝမ်းဗိုက်ကို မှန်ပြောင်းဖြင့်ကြည့်ခြင်း (Laparoscopy) ဖြင့် သားဥအိမ်များ၊ ရေအိတ်များကို တွေ့နိုင်ပြီး လိုအပ်ပါက ကုသမှုကိုပါ တစ်ပါတည်းပေးနိုင်သည်၊ မေ့ဆေးပေး၍ ကြည့်ရသည်
  • သွေးတွင်း ကင်ဆာအဆင့်ဟု သတ်မှတ်နိုင်သောဓာတ် (Tumour Markers) မြင့်တက်ခြင်း ရှိမရှိ စစ်ဆေးခြင်းဖြင့် ကင်ဆာ သို့မဟုတ် ရိုးရိုးသားဥအိမ်ရေအိတ်များကို ခွဲခြားပေးနိုင်သည်
  • သို့သော် တချို့သောTumour Marker များ (ဥပမာ _ CA 125) သည် ကင်ဆာမဟုတ်သော သွေးလုံးများ၊ သားအိမ်ရောင်ခြင်းရောဂါများ၌လည်း မြင့်တက်နေနိုင်သည်
ကုသခြင်း
  • စောင့်ကြည့်၍ကုသခြင်း
    Follicular cyst နှင့် corpus luteal cystကဲ့သို့သော သားဥရေအိတ်အများစုသည် လအနည်းငယ်အတွင်း သေးငယ် ပျောက်ကင်းသွားတတ်သော်လည်း ရက်ချိန်းမှန်မှန် ပြသရန် လိုအပ်သည်၊ လိုအပ်ပါက အာထရာဆောင်း ထပ်မံရိုက်ရန် လိုအပ်သည်။
  • ဆေးဖြင့်ကုသခြင်း
    ဟော်မုန်းတားဆေးများသောက်သုံးခြင်းသည် သားဥကြွေခြင်းကို ဟန့်တားထားသဖြင့် သားဥအိမ်ရေအိတ်များ ထပ်မံမဖြစ်ပေါ်နိုင်ပါ။
  • ခွဲစိတ်ကုသခြင်း
    • သားဥအိမ်အရည်လုံး (Cystadenoma) နှင့် သားဥအိမ်သွေးလုံး (Endometrioma‌) များသည် အရွယ်အစားကြီးခြင်း၊ ဆေးဖြင့် ကုသသော်လည်း မသက်သာခြင်း၊ နာကျင်မှု ခံစားနေရခြင်း ရှိသည့်အခါ၌လည်းကောင်း၊ သားဥအိမ် အဆီလုံး (Dermoid cyst) များ ဖြစ်သည့်အခါ၌လည်းကောင်း ခွဲစိတ်ကုသခြင်း ပြုလုပ်ရသည်
    • ရေအိတ်သီးသန့်ထုတ်ခြင်း (Cystectomy) သို့မဟုတ် သားဥအိမ်ပါ တစ်ပါတည်း ထုတ်ခြင်း (Oophorectomy) ဖြင့် ခွဲစိတ်ကုသရသည်၊ ထိုသို့ခွဲစိတ်ခြင်းကို (Laparoscopy) မှန်ပြောင်းဖြင့်လည်း ခွဲစိတ်ကုသနိုင်သည်

သွေးဆုံးပြီးသော အမျိုးသမီးများတွင် သားဥအိမ် ရေအိတ်အလုံးဖြစ်ပါက ကင်ဆာဖြစ်နိုင်ခြေများသည်။ ကင်ဆာအလုံးဖြစ်ပါက ကင်ဆာအဆင့်ကို သတ်မှတ်ရန် ဗိုက်ခွဲ၍ အသေးစိတ် ကြည့်ရှုစစ်ဆေး ခွဲစိတ်ကုသရသည်။ လိုအပ်ပါက ကင်ဆာဆေးသွင်းကုသရခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်လည်း ဆက်လက် ကုသရတတ်သည်။

ကာကွယ်ခြင်း

သားဥအိမ်ရေအိတ်တည်ခြင်းကို ကာကွယ်မည့် နည်းလမ်းမရှိသေးပါ။ သို့ရာတွင် သားဥအိမ်ရေအိတ် ရှိပါက သွေးဆုံးပြီးသော အမျိုးသမီးများတွင် နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် သားဖွားမီးယပ်အထူးကု သို့မဟုတ် မိသားစုဆရာဝန်နှင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်သည်။

References:

  1. U.S. Department of Health & Human Services, Office on Women’s Health. (n.d.). Ovarian cysts. Retrieved September 14, 2025, from https://womenshealth.gov/a-z-topics/ovarian-cysts Office on Women’s Health
  2. Mayo Clinic. (2024). Ovarian cysts — Symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/ovarian-cysts/symptoms-causes/syc-20353405 Mayo Clinic
  3. Sharp, H. T. (2022). Evaluation and management of ruptured ovarian cyst. In UpToDate. Retrieved September 14, 2025, from https://www.uptodate.com/contents/search

Published: 30 August 2024

Last updated: 3 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.