Rheumatoid arthritis (ရူမတွိုက် အဆစ်ရောင်ရောဂါ)

Rheumatoid arthritis (ရူမတွိုက် အဆစ်ရောင်ရောဂါ)

ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis) ဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ် (Immune system) မှ ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် အဓိကအားဖြင့် အဆစ်များအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာကို ရောင်ရမ်းစေသော နာတာရှည်ရောဂါဖြစ်သည်။ သွေးလေးဘက်နာဟုလည်း ခေါ်ကြသည်။ အဓိကအားဖြင့် လက်အဆစ်များ၊ လက်ကောက်ဝတ်နှင့် ဒူးခေါင်းဆစ်များတွင် ရောင်ရမ်းပြီး အဆစ်များရှိ တစ်ရှူးများကို ထိခိုက်စေနိုင်သဖြင့် နာတာရှည် ရောင်ရမ်းနာကျင်မှုနှင့် အဆစ်ပုံသဏ္ဌာန် ပျက်ယွင်းကာ နေ့စဥ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေနိုင်သည်။ အချို့သူများတွင် အဆစ်များအပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဖြစ်သော အဆုတ်၊ နှလုံး၊ သွေးကြော၊ မျက်စိနှင့် အရေပြားတို့ကိုပါ ထိခိုက်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အားဖြင့် ခုခံအားစနစ်သည် ခန္ဓာကိုယ်ကို ရောဂါနှင့် ရောဂါပိုးများ၏ တိုက်ခိုက်ခြင်းကို ကာကွယ်ပေးသည်။ သို့သော် ရူမတွိုက် အဆစ်ရောင်ရောဂါတွင် ခုခံအားစနစ်မှ ခန္ဓာကိုယ်ရှိ တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် အဆစ်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းလာရခြင်းဖြစ်သည်။ ရူမတွိုက် အဆစ်ရောင်ရောဂါ ဖြစ်စေသော အကြောင်းရင်းကို တိတိကျကျ မသိသော်လည်း အောက်ဖော်ပြပါ မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကြောင့် ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်။

  • အသက်အရွယ်အားဖြင့် မည်သည့်အသက်အရွယ်မဆို ဖြစ်ပေါ်နိုင်သော်လည်း အသက် (၃၀) နှင့် (၆၀) ကြားတွင် အဖြစ်များသည်
  • အမျိုးသမီးများတွင် အမျိုးသားများထက် (၃) ဆပိုဖြစ်နိုင်သည်
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ရောဂါ
  • မိသားစုမျိုးရိုးတွင် ရူမတွိုက် အဆစ်ရောင်ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

ရူမတွိုက် အဆစ်ရောင်ရောဂါတွင် အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

  • အဆစ်များ ရောင်ရမ်း၊ နာကျင်၊ ပူနွေးခြင်း (၆ ပတ်နှင့်အထက် ခံစားနေရခြင်း)
  • အဆစ်များတောင့်တင်းခြင်း [မိနစ် (၃၀) (သို့မဟုတ်) ထို့ထက်ပို၍ တောင့်တင်းနိုင်ပြီး၊ အထူးသဖြင့် မနက်ပိုင်းနှင့် အချိန်ကြာမြင့်စွာ ထိုင်ပြီးနောက်တွင် အဖြစ်များသည်]
  • နုံးနယ်ခြင်း၊ အားနည်းခြင်း၊ ဖျားနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ပါဝင်သည်။

အစပိုင်းတွင် လက်နှင့် ခြေထောက်ရှိ အဆစ်အသေးများတွင် စတင်ဖြစ်ပေါ်ကာ ရောဂါပိုဆိုးလာသောအခါ အဆစ်အကြီးများဖြစ်သော လက်ကောက်ဝတ်၊ ဒူးခေါင်း၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ တင်ပါးဆုံရိုးနှင့် ပခုံးများသို့ ပျံ့နှံ့သွားသည်။ အများစုတွင် ခန္ဓာကိုယ် ဝဲယာနှစ်ဘက်လုံးတွင် တူညီသော အဆစ်များ၌ နာကျင်ခြင်းနှင့် တောင့်တင်းခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ အချို့သောသူများတွင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဖြစ်သော မျက်စိ၊ အရေပြား၊ အဆုတ်၊ နှလုံး၊ သွေး ကြော၊ ရိုးတွင်းခြင်ဆီနှင့် အာရုံကြောများကို ထိခိုက်စေနိုင်သည်။

ရောဂါလက္ခဏာများမှာ တစ်ယောက်နှင့် တစ်ယောက် မတူညီနိုင်သကဲ့သို့ ရောဂါပြင်းထန်မှုလည်း ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများ ပြင်းထန်နေချိန် (Flares)နှင့် ရောဂါလက္ခဏာများသက်သာချိန် (Periods of relative remission)တို့မှာ တစ်လှည့်စီ ဖြစ်ပေါ်နိုင်ပြီး အချိန်ကြာလာသောအခါ အဆစ်များ ပုံသဏ္ဌာန် ပျက်ယွင်းလာသည်။ ရောဂါလက္ခဏာများ ပြင်းထန်နေချိန် (Flares)မှာ လနှင့်ချီ၍ ကြာတတ်သည်။

နောက်ဆက်တွဲပြဿနာများ

လေးဘက်နာရောဂါသည် အဆစ်အပါအဝင် ခန္ဓာကိုယ်၏ နေရာအနှံ့အပြားတွင် နောက်ဆက်တွဲ ပြဿနာများ အောက်ပါအတိုင်း ဖြစ်ပေါ်လာနိုင်သည်။

  • အဆစ်များတွင် ထိခိုက်ခြင်း
    ပုံတွင် ဖော်ပြထားသည့်အတိုင်း အဆစ်များ ပုံသဏ္ဌာန်ပျက်ယွင်းလာပြီး လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲလာသည်။
  • သွေးကြောများထိခိုက်ခြင်း
    သွေးကြောများ‌ ရောင်ရမ်းခြင်းကြောင့် အာရုံကြော၊ အရေပြားနှင့် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်စေနိုင်သည်။
  • အာရုံကြောထိခိုက်ခြင်း
    ရူမတွိုက် အဆစ်ရောင်ရောဂါသည် လက်ကောက်ဝတ်ကို ထိခိုက်သောအခါ လက်ကောက်ဝတ်ရှိ အာရုံကြောကို ပိမိပြီး လက်နှင့် လက်ကောက်ဝတ်တွင် နာကျင်ခြင်း၊ အားနည်းခြင်းများ ဖြစ်ပေါ်လာသည် (Carpal tunnel syndrome)။
  • အရေပြားထိခိုက်ခြင်း
    အရေပြားပေါ်တွင် အလုံးများဖြစ်ပေါ်ခြင်း (Rheumatoid nodules) (မည်သည့်နေရာတွင်မဆို ဖြစ်ပေါ် နိုင်သည်၊ အထူးသဖြင့် လက်ချောင်းများ၊ တံတောင်ဆစ်၊ လက်ဖျံနှင့် ခြေဖနောင့်တို့တွင် အဖြစ်များပြီး အဆုတ်နှင့် နှလုံးတို့တွင်လည်း ဖြစ်ပေါ်နိုင်သည်)
  • မျက်လုံးထိခိုက်ခြင်း
    မျက်လုံးနာခြင်း၊ ရောင်ခြင်း၊ နီရဲခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မျက်ရည်ထုတ်ပေးသော ဂလင်းကို တိုက်ခိုက်သောကြောင့် မျက်လုံးခြောက်သွေ့ပြီး ရောဂါပိုး မကြာခဏ ဝင်ရောက်နိုင်သည်။
  • နှလုံးထိခိုက်ခြင်း
    နှလုံးကြွက်သားရောင်ခြင်း (Myocarditis)၊ နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis) တို့ကြောင့် နှလုံးလုပ်ငန်းများ ကောင်းစွာ မလုပ်နိုင်တော့ပါ။ ရူမတွိုက် အဆစ်ရောင်ရောဂါမှာ ကာလကြာရှည်စွာ ရောင်ရမ်းနေသဖြင့် နှလုံးသွေကြောရောဂါနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။
  • ရိုးတွင်းခြင်ဆီ ထိခိုက်ခြင်း
    ရူမတွိုက် အဆစ်ရောင်ရောဂါနှင့် ရောဂါသက်သာအောင် အသုံးပြုသော ဆေးအချို့ကြောင့် ခန္ဓာကိုယ်တွင် အောက်ဆီဂျင် သယ်ဆောင်ပေးသော ကျန်းမာသည့် သွေးနီဥ (Red blood cells)များ လျော့နည်းပြီး သွေးအားနည်းရောဂါ (Anaemia)ကို ဖြစ်ပေါ်စေသည်။
    ရောင်ရမ်းခြင်းကြောင့် သွေးခဲခြင်းကို ကူညီပေးသော သွေးဥမွှား (Platelet) အရေအတွက် သွေးထဲတွင် မြင့်တက်လာသည်။ ထို့ကြောင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် ခြေထောက်၊ လက်များသို့သွားသော သွေးကြောများပိတ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ခုခံအားစနစ်မှ သွေးဥမွှားကို တိုက်ခိုက်သောကြောင့် သွေးဥမွှား လျော့နည်းခြင်းလည်း ဖြစ်ပေါ်နိုင်သည်။
    သွေးဖြူဥ (White blood cells)နည်းပြီး ဘေလုံးကြီးခြင်း (Splenomegaly) ဖြစ်လာသောအခါ ပြန်ရည်ကြော ကင်ဆာ (Lymphoma) ဖြစ်နိုင်ခြေ မြင့်တက်လာသည်။
  • အဆုတ်ထိခိုက်ခြင်း
    အဆုတ်အမြှေးပါးရောင်ခြင်း (Pleuritis)ကြောင့် အသက်ရှူသောအခါ နာကျင်မှု ခံစားရသည်။ အဆုတ်တွင် အလုံးများ (Rheumatoid nodules) ဖြစ်ပေါ်သောကြောင့် အဆုတ်ကျုံ့ခြင်း (Collapsed lungs)၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် အဆုတ်အမြှေးပါတွင်း ရေဝင်ခြင်း (Pleural effusion) တို့ဖြစ်ပေါ်နိုင်သည်။
  • အရိုးပွရောဂါ (Osteoporosis)
    နာတာရှည် ရောင်ရမ်းခြင်းနှင့် ရောဂါကုသရန် အသုံးပြုသော စတီးရွိုက်ဆေးများကြောင့် အရိုးပွရောဂါ ဖြစ်ပေါ်နိုင်သဖြင့် အရိုးအားနည်းပြီး အလွယ်တကူ အရိုးကျိုးနိုင်သည်။
  • အဝလွန်ရောဂါ (Obesity)
    အဆစ်များ နာကျင်သောကြောင့် လှုပ်ရှားမှု ပြုလုပ်ရန်ခက်ခဲပြီး အထိုင်များသဖြင့် ကိုယ်အလေးချိန် မြင့်တက်လာကာ အဝလွန်ရောဂါ ဖြစ်လာနိုင်သည်။ အဝလွန်သောကြောင့် သွေးတွင်း အဆီဓာတ်များခြင်း၊ သကြားဓာတ်များခြင်း၊ နှလုံးနှင့် သွေးတိုးရောဂါများ ဆက်လက် ဖြစ်ပေါ်လာနိုင်သည်။
  • ရောဂါပိုးဝင်ခြင်း (Infection)
    လေးဘက်နာရောဂါနှင့် ၄င်းရောဂါတွင် အသုံးပြုသော ကိုယ်ခံအား လျှော့ချသည့်ဆေးများကြောင့် ခုခံအားကျဆင်းကာ ရောဂါပိုးများ မကြာခဏ ဝင်ရောက်တတ်သည်။
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
    နာကျင်မှုကို ကြာရှည်စွာ ခံစားနေရသောကြောင့် လေးဘက်နာရောဂါရှိသူများတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု [အထူးသဖြင့် စိတ်ကျရောဂါ (Depression)] ဖြစ်ပေါ်လာနိုင်သည်။ နာကျင်ခြင်းကို ပြင်းထန်စွာ ခံစားရသည်နှင့်အမျှ စိတ်ကျရောဂါ ပိုဆိုးလာခြင်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အဆစ်များ ရောင်ရမ်းနာကျင်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပြီး အဆစ်နာခြင်း၏ အခြေခံကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။ ရူမတွိုက် အဆစ်ရောင်ရောဂါမှာ အဆစ်များ နာကျင်သည့်အပြင် အချိန်ကြာလာလျှင် အဆစ်ပုံသဏ္ဌာန်များ ပျက်ယွင်းကာ လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲပြီး နေ့စဥ်လုပ်ငန်းဆောင်တာများကို ကောင်းစွာ မလုပ်နိုင်တော့ခြင်းနှင့် အခြား ကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်စေသောကြောင့် ဆရာဝန်များနှင့် စောစီးစွာတိုင်ပင်၍ ထိ‌ရောက်သောကုသမှု ခံယူရန် အလွန်အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရူမတွိုက် အဆစ်ရောင်ရောဂါ ရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အဆစ်များနှင့် ခန္ဓာကိုယ်တစ်ခုလုံး စမ်းသပ်ခြင်းနှင့် သွေးစစ်ခြင်းတို့ ပြုလုပ်ရသည်။ သွေးစစ်ရာတွင် သွေးတွင်းရှိ ရောင်ရမ်းစေသောဓာတ်များ (ESR or CRP) အပါအဝင် ရူမတွိုက် အဆစ်ရောင်ရောဂါတွင် ထွက်လာသော ပဋိပစ္စည်း (Antibodies – Rheumatoid Factors, anti-CCP Ab) များကို စစ်ဆေးရန် လိုအပ်သည်။ အဆစ်များ ထိခိုက်ပျက်စီးမှုကို သိရှိနိုင်ရန် ဓာတ်မှန်ရိုက်ခြင်းနှင့် လိုအပ်ပါက အာထရာဆောင်း (USG)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ကိုပါ ပြုလုပ်နိုင်သည်။ အဆစ်အကြီးများ (၂) ဆစ်နှင့်အထက် သို့မဟုတ် အဆစ်အသေးများတွင် နာကျင်ရောင်ရမ်းခြင်းမှာ ခြောက်လနှင့်အထက်ရှိပြီး သွေးတွင်း ရောင်ရမ်းစေသောဓာတ်နှင့် ပဋိပစ္စည်းများ တက်နေလျှင် ရူမတွိုက် အဆစ်ရောင်ရောဂါဟု သတ်မှတ်နိုင်သည်။

ကုသခြင်း

ရူမတွိုက် အဆစ်ရောင်ရောဂါကို ကုသရာတွင် အဓိကအားဖြင့် အဆစ်နာကျင်ရောင်ရမ်းမှုကို လျှော့ချရန်ဖြစ်ပြီး အဆစ်၏ လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နိုင်ရန်ဖြစ်သည်။ ရေရှည်ကုသမှုအနေဖြင့် အဆစ်များ ထိခိုက်ပျက်စီးမှုနှင့် အခြားသော နောက်ဆက်တွဲပြဿနာများကို လျှော့ချတားဆီးရန်ဖြစ်သည်။

ရူမတွိုက် အဆစ်ရောင်ရောဂါ ကုသမှုတွင် ကျန်းမာသော နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဖြင့် ကုသခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ ပါဝင်သည်။

  • ဆေးဖြင့်ကုသခြင်း
    • နာကျင်ရောင်ရမ်းမှုကို သက်သာစေရန် ဆေးဝါးများ
    • ရူမတွိုက် အဆစ်ရောင်ရောဂါကို သက်သာစေသော ဆေးများ (DMARDs – Disease Modifying Anti- Rheumatic Drugs)
      ထိုဆေးများသည် ခုခံအားစနစ်၏ တိုက်ခိုက်မှုကို လျှော့ချပေးပြီး ‌ရောဂါ ပိုမဆိုးလာစေရန်နှင့် အဆစ်များနှင့် အခြားသော တစ်ရှူးများ ထိခိုက်မှုကို ကာကွယ်ရန် လုပ်ဆောင်ပေးသည်။ အသုံးများသော DMARDs များမှာ – methotrexate၊ hydroxychloroquine၊ sulphasalazine၊ leflunomide တို့ဖြစ်ကြသည်။
    • ဇီဝဆေးများ (Biologics) (e.g., Infliximab, Tocilizumab, Rituximab, Anakinra)
    • Janus Kinase (JAK) inhibitors (e.g., Tofacitinib)
  • လေ့ကျင့်ခန်းပြုလုပ်ခြင်း
    အဆစ်များ လှုပ်ရှားမှု ပုံမှန်ပြုလုပ်နိုင်စေရန် ကိုယ်ကာယလေ့ကျင့်ခန်းဆရာဝန်များနှင့် တိုင်ပင်၍ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ရန်လိုအပ်သည်။
  • ခွဲစိတ်ကုသခြင်း
    ပြင်းထန်စွာ ထိခိုက်ပျက်ဆီးထားသော အဆစ်များတွင် လုပ်ငန်းများကို ပုံမှန် ပြန်လည် လုပ်ဆောင်နိုင်ရန် ခွဲစိတ်ကုသမှု လိုအပ်သည်။ ခွဲစိတ်ကုသခြင်းဖြင့် အဆစ်၏လုပ်ငန်းများ ပုံမှန် လုပ်ကိုင်နိုင်သည့်အပြင် နာကျင်မှုကိုပါ သက်သာစေသည်။
  • ကျန်းမာသော နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
    • နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ရှိအောင်နေထိုင်ပါ
    • အဆစ်များ ရောင်ရမ်း နာကျင်နေချိန်တွင် အဆစ်များနှင့် အနီးတစ်ဝိုက်ရှိ တစ်ရှူးများ ဒဏ်ရာ မရစေရန် အနားယူပေးပါ
    • ကိုယ်အလေးချိန် ထိန်းသိမ်းပါ
    • ဆေးလိပ်ဖြတ်ပါ
    • နာကျင်မှုကို သက်သာစေရန်နှင့် ကြွက်သား တောင့်တင်းမှုကို ပြေလျော့စေရန် ‌ရေနွေးအိတ်ကပ်ခြင်း၊ ရေနွေးဖြင့် ‌‌ရေချိုးခြင်း (သို့မဟုတ်) အေးအောင်ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်
    • စိတ်ဖိစီးမှု လျော့ကျစေရန် တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် နာကျင်မှုဝေဒနာကို သက်သာစေသည်
ကာကွယ်ခြင်း

ရူမတွိုက် အဆစ်ရောင်ရောဂါကို ကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ပါက ရောဂါဖြစ်နိုင်ခြေနှင့် နောက်ဆက်တွဲ ပြဿနာများကို လျှော့ချနိုင်သည်။

  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ပါ (အသီးအရွက် နှင့် အစေ့အဆန် များများစားပါ၊ အငန် များသော၊ အချိုများသော‌‌‌‌၊ အဆီများသော အစားအ‌သောက်များကို ရှောင်ပါ)
  • တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပါ
  • ဖြစ်နိုင်ပါက အရက်ဖြတ်ပါ သို့မဟုတ် အရက်ကို သင့်တင့်သော ပမာဏသာ သောက်သုံးပါ
  • ဆေးလိပ်ဖြတ်ပါ
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ

References:

  1. Centers for Disease Control and Prevention. (2024). Rheumatoid arthritis. Retrieved August 10, 2025, from https://www.cdc.gov/arthritis/types/rheumatoid-arthritis.html
  2. Mayo Clinic. (n.d.). Rheumatoid arthritis: Symptoms & causes. Retrieved August 10, 2025, from https://www.mayoclinic.org/diseases-conditions/rheumatoid-arthritis/symptoms-causes/syc-20353648
  3. Arthritis Foundation. (2021). Rheumatoid arthritis: Causes, symptoms, treatments & more. Retrieved August 10, 2025, from https://www.arthritis.org/diseases/rheumatoid-arthritis
  4. Cleveland Clinic. (n.d.). Rheumatoid arthritis (RA): Symptoms, stages & treatment. Retrieved August 10, 2025, from https://my.clevelandclinic.org/health/diseases/4924-rheumatoid-arthritis
  5. WebMD. (n.d.). Rheumatoid arthritis basics. Retrieved August 10, 2025, from https://www.webmd.com/rheumatoid-arthritis/rheumatoid-arthritis-basics

Published: 30 August 2024

Last updated: 17 September 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.