ဘာသိုးလင်းဂလင်းသည် အမျိုးသမီးတို့၏ ယောနိလမ်းကြောင်းအပေါက်ဝ နှုတ်ခမ်းသားဘေး ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ ၎င်းဂလင်းမှ ထုတ်လုပ်သောအရည်သည် ယောနိလမ်းကြောင်းကို စိုစွတ်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။ ထိုဂလင်း၏ ထွက်ပေါက်ပြွန်သည် အကြောင်းတစ်ခုခုကြောင့် ပိတ်သွားသည့်အခါ အထဲမှ အရည်များမထွက်နိုင်တော့ဘဲ စုလာသည်။ ထိုအခါ ဘာသိုးလင်းအရည်အိတ်အဖြစ် ဖောင်းလာသည်။ တစ်ခါတစ်ရံ ထိုအရည်အိတ်ထဲသို့ ပိုးဝင်ပြီး ပြည်တည်တတ်သည်။ ၎င်းအခြေအနေသည် ကလေးမွေးနိုင်သည့်အရွယ် အမျိုးသမီးများတွင် (၅) ဦးလျှင် (၁) ဦး ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဘာသိုးလင်းဂလင်းသည် ပဲစေ့အရွယ်ခန့်သာရှိပြီး ပုံမှန်အခြေအနေတွင် စမ်းမိလေ့မရှိပါ။ ထိုဂလင်း၏ ထွက်ပေါက်ပြွန် ပိတ်သွားသည့်အခါမှသာ အရည်များစုလာပြီး ဖောင်းလာသည်။ ပိတ်စေသည့်အကြောင်းများမှာ မိန်းမကိုယ်အဝကို ထိခိုက်မိခြင်း၊ အီးကိုလိုင် (E. coli) ကဲ့သို့သော ဘက်ရီးယားပိုးများနှင့် ဆီးပူညောင်းကျရောဂါ (Gonorrhoea)၊ ကယ်လ်မိုင်းဒီးယားကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်စေသော ရောဂါပိုးများဝင်ခြင်းကြောင့်ဖြစ်သည်။

ရောဂါလက္ခဏာများ
လူနာသည် ထိုအရည်အိတ် တဖြည်းဖြည်းကြီးလာသည့်အခါ မိန်းမကိုယ်နှုတ်ခမ်းတွင် အလုံးတစ်လုံး ဖြစ်ပေါ်လာသည်ကို သတိထားမိနိုင်သည်။ အရည်အိတ် ပိုးဝင်သည့်အခါ နာကျင်ခြင်း၊ မိန်းမကိုယ် နှုတ်ခမ်းသားတစ်ဖက် ရောင်၍ဖောင်းနေခြင်း၊ အထိုင်အထပြုလုပ်ပါက နေရခက်ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဖျားခြင်းတို့ ခံစားရသည်။ ထိုအခြေအနေကို မကုသဘဲထားပါက နောက်ဆက်တွဲအနေနှင့် ပြည်တည်ပြီး ကိုက်ခဲလာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ခံစားနေရပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ မိသားစုဆရာဝန်မှ မေးမြန်းစမ်းသပ်ပြီး လိုအပ်ပါက သားဖွားမီးယပ်ရောဂါအထူးကုနှင့် တိုင်ပင်လွှဲပြောင်း ကုသပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဘာသိုးလင်းအရည်အိတ်ကို သိရှိရန် ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်းဖြင့် ရောဂါသိရှိနိုင်သည်။ လိုအပ်ပါက မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) မှ ချွဲစတို့ဖတ် (Vaginal swab) နှင့် သားအိမ်ခေါင်းမှ ချွဲစတို့ဖတ် (Cervical swab) ယူ၍ ပိုးမွေးစစ်ဆေးခြင်း၊ အကယ်၍ အသက် (၄၀) ကျော် အမျိုးသမီးဖြစ်ပါက ရှားပါးသော ဘာသိုးလင်းဂလင်းကင်ဆာ ဟုတ်မဟုတ် သိရှိနိုင်ရန် အသားစယူ၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်လိမ့်မည်။
ကုသခြင်း
ဘာသိုးလင်း အရည်အိတ်ကုသမှုသည် အိတ်အရွယ်အစား၊ နာကျင်မှု ရှိမရှိ၊ ပိုးဝင်ခြင်း ရှိမရှိ တို့ပေါ်တွင် မူတည်သည်။ အကယ်၍ ခံစားရသည့် လက္ခဏာမရှိပါက မည်သည့်ကုသမှုမျှမလိုအပ်ပါ။
- ရေနွေးထည့်ထိုင်ခြင်း
နာကျင်မှုရှိနေပါက ဇလုံထဲတွင် သန့်ရှင်းသော ရေကြက်သီးနွေးကို တင်ပါးဆုံမြုပ်ရုံဖြည့်ကာ တစ်နေ့လျှင် (၃)ကြိမ် မှ (၄)ကြိမ်၊ သုံးရက် မှ လေးရက်ထိ ထိုင်ပေးခြင်းဖြင့် တစ်ခါတစ်ရံ အရည်အိတ်ပေါက်သွားပြီး နာကျင်မှု သက်သာစေသည်၊ အချို့ဆရာဝန်များက ပိုးသေစေရန် ရေထဲတွင် ဆားဖြစ်စေ၊ ဆားခါးဖြစ်စေ ထည့်ပြီးထိုင်စေသည်။ - ဆေးဖြင့်ကုသခြင်း
ပိုးဝင်သည့်လက္ခဏာရှိနေပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်၊ နာကျင်မှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးများဖြင့် ကုသနိုင်သည်။ - ခွဲစိတ်ကုသခြင်း
အရည်အိတ် အလွန်ကြီးနေလျှင်ဖြစ်စေ၊ ပိုးဝင်ပြီး ပြည်တည်နေလျှင်ဖြစ်စေ ဆရာဝန်မှ ထုံဆေးပေး၍ ၎င်းအရည်အိတ်ကို ဖောက်ထုတ်ပေးသည်။ - အရည်အိတ်ကို လှန်ချုပ်ခြင်း (Marsupialization)
ပြန်ဖြစ်နိုင်သော သို့မဟုတ် မကြာခဏ ပြန်ဖြစ်နေသော ဘာသိုးလင်း အရည်အိတ်ကို ဆရာဝန်မှ ထုံဆေးပေး၍ ဖောက်ထုတ်ပြီးနောက် အိတ်၏အနားကို လှန်ချုပ်ကာ အိတ်ကို ပွင့်လျက်ထားခဲ့ခြင်းဖြစ်သည်။ - ဘားသိုးလင်းဂလင်း ဖြတ်ထုတ်ခြင်း
အထက်ဖော်ပြပါနည်းများဖြင့် ကုသ၍ မသက်သာပါက ဂလင်းတစ်ခုလုံးကို ဖြတ်ထုတ်နိုင်သည်။ ထိုခွဲစိတ်မှုအတွက် မေ့ဆေး (သို့မဟုတ်) ခါးထုံဆေး လိုအပ်ပြီး သွေးထွက်များနိုင်သောကြောင့် ဆေးရုံတက်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဘာသိုးလင်း အရည်အိတ်ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် သီးသန့်နည်းလမ်း မရှိပါ။ သို့သော် ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံမှုပြုခြင်းသည် ဘာသိုးလင်း အရည်အိတ်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေနိုင်သည်။
References:
- NHS (UK). (n.d.). Bartholin’s cyst. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/bartholins-cyst/
- Mayo Clinic. (n.d.). Bartholin’s cyst: Symptoms & causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/bartholin-cyst/symptoms-causes/syc-20369976
- Cleveland Clinic. (n.d.). Bartholin cyst. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/17737-bartholin-cyst
- WebMD. (n.d.). Bartholin’s gland cyst: Symptoms, causes, diagnosis…. Retrieved July 26, 2025, from https://www.webmd.com/women/bartholins-gland-cyst
Published: 30 August 2024
Last updated: 15 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.