Urinary tract infection in women (အမျိုးသမီးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း)

Urinary tract infection in women (အမျိုးသမီးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း)

ဆီးလမ်းကြောင်းတစ်လျှောက် မည်သည့်နေရာတွင်မဆို ရောဂါပိုးဝင်ခြင်းကို ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဟုခေါ်သည်။ ဆီးလမ်းကြောင်းတစ်လျှောက်ဆိုသည်မှာ ကျောက်ကပ်မှသည် ဆီးပြွန်၊ ဆီးအိမ်၊ ဆီးထွက်ပေါက်အထိကို ဆိုလိုသည်။ ပိုးဝင်ခြင်းအများစုသည် ဆီးအိမ်နှင့် ဆီးထွက်ပေါက်တွင်သာ အဖြစ်များသည်။

အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်း ပိုးဝင်လွယ်သည်။ ပိုးဝင်ခြင်းသည် ဆီးလမ်းကြောင်းနှင့် ဆီးအိမ်အထိသာ ဖြစ်ပါက လူနာသည် ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီး မကြာခဏသွားခြင်း၊ ဆီးသွားမဝခြင်းများသာ ဖြစ်နိုင်သော်လည်း ကျောက်ကပ်အထိ ပိုးပျံ့နှံ့သွားပါက နောက်ဆက်တွဲ ပြဿနာများဖြစ်သော ကျောက်ကပ်ရောင်ခြင်း၊ ချမ်းတုန်၍ဖျားခြင်းသာမက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအများစုသည် အီး-ကိုလိုင် (E.coli) ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်။ ၎င်းပိုးသည် အူမကြီး (Large intestine) ထဲတွင် နေလေ့ရှိပြီး စအိုဝနှင့် နီးကပ်နေသော ဆီးလမ်းကြောင်းအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်နိုင်သည်။ အမျိုးသမီးများ၏ ဆီးလမ်းကြောင်းသည် အမျိုးသားများထက် ပို၍တိုသောကြောင့် အမျိုးသမီးများသည် ဆီးလမ်းကြောင်း ပိုးဝင်လွယ်သည်။

ဆီးပိုးဝင်လွယ်သော အမျိုးသမီးများအုပ်စု
  • လိင်ဆက်ဆံဖော်များသော အမျိုးသမီးများ
  • သားအိမ်ခေါင်းအစွပ်နှင့် သုတ်ပိုးသေခြင်းကို သားဆက်ခြားနည်းအဖြစ်သုံးသော အမျိုးသမီးများ
  • အိမ်သာတက်ပြီး၍ ရေသုံးသည့်အခါ နောက်မှရှေ့သို့ ဆေးလေ့ရှိသော အမျိုးသမီးများ
  • မီးယပ်သွေးဆုံးပြီးသော အမျိုးသမီးများ
  • အရွယ်မရောက်သေးသော ကလေးများ
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ
  • ဆီးပိုက် ကြာရှည်စွာ ထည့်ထားရသော အမျိုးသမီးများ
  • ကိုယ်ခံအားနည်းသော အမျိုးသမီးများ (ဥပမာ _ ဆီးချိုရှိသော အမျိုးသမီးများ)
  • ဆီးကျောက်တည်သော အမျိုးသမီးများ

သားဖွားမီးယပ်ဆိုင်ရာ အခြေအနေများနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်သော ဟော်မုန်းအပြောင်းအလဲများ၊ ကြီးထွားလာသော သားအိမ်မှ ဆီးအိမ်ကို ဖိမိခြင်းနှင့် ဆီးလမ်းကြောင်း ကျယ်လာခြင်းတို့ကြောင့် ပိုးဝင်လွယ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးပိုးဝင်ပါက ကလေးအသေမွေးခြင်း သို့မဟုတ် ကိုယ်ဝန်စောမွေးခြင်းအထိ ဖြစ်နိုင်သောကြောင့် ရောဂါလက္ခဏာမရှိသည့်တိုင် ဆီးတွင် ပိုးတွေ့ပါက မဖြစ်မနေ ကုသမှု ခံယူသင့်သည်။

ထို့အပြင် မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးများတွင် အီစထရိုဂျင် (Estrogen) ဟော်မုန်းကျဆင်းမှုကြောင့် မွေးလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းတစ်ဝိုက်ရှိ တစ်ရှူးများ ပါးလွှာနူးညံ့လာပြီး ပိုးဝင်နိုင်ခြေ ပိုများလာသည်။

ရောဂါလက္ခဏာများ
  • ဆီးသွားလျှင် မထိန်းနိုင်ခြင်း
  • ဆီးသွားလျှင် ပူခြင်း၊ နာခြင်း
  • ဆီးမကြာခဏသွားခြင်း
  • ဆီးတွင်း အနည်းငယ်အနှစ်ပါခြင်း၊ အရောင်ရင့်ခြင်း၊ သွေးပါခြင်း
  • ဆီးအနံ့ ပြင်းခြင်း
  • ဆီးခုံရိုးတစ်ဝိုက် နာကျင်ခြင်းတို့ဖြစ်သည်။

ပိုးဝင်ခြင်းသည် ကျောက်ကပ်အထိ ပျံ့နှံ့သွားပါက

  • ခါးနာခြင်း
  • ချမ်းတုန်၍ ဖျားခြင်း
  • ပျို့ခြင်း၊ အန်ခြင်းတို့အထိ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း အများစုတွင် ဆိုးဝါးသော နောက်ဆက်တွဲပြဿနာများ မဖြစ်စေနိုင်သော်လည်း သေချာစွာ မကုသပါက _

  • မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • ခန္ဓာကိုယ်တစ်ခုလုံးသို့ ပိုးဆိပ်ပျံ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများ ဖြစ်ပေါ်လျှင် ဆရာဝန်နှင့်တိုင်ပင်ပြသပြီး ပိုးသတ်ဆေးကို ရက်ပြည့်အောင်သောက်၍ ပျောက်ကင်းအောင် ကုသနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
  • ဆီးကို ဓာတ်ခွဲစစ်ဆေးခြင်း
  • ဆီးပိုးမွေး၍ တွေ့ရှိသော ရောဂါပိုးကို နှိမ်နင်းနိုင်သော ပိုးသတ်ဆေးများဖြင့် စမ်းသပ်ခြင်း
  • ဆီးအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ခြင်း
  • ဆီးလမ်းကြောင်းတစ်လျှောက်ကို ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း

အဓိကအားဖြင့် ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသနိုင်သည်။ ပိုးသတ်ဆေးများအား အသုံးပြုရာတွင် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း သောက်ရန်လိုသည်။ အသုံးများသော ပိုးသတ်ဆေးများမှာ_

  • အမောက်စလင် (Amoxicillin)
  • ကက်ဖလိုစပိုရင် (Cephalosporin)
  • ဒေါက်စီစိုင်ကလင်း (Doxycycline)
  • ဖလိုရိုကွီနိုလုံး (Fluoroquinolones) ပိုးသတ်ဆေးများကို ရောဂါအခြေအနေပေါ် မူတည်၍ သောက်ဆေး သို့မဟုတ် ထိုးဆေးအဖြစ် (၅)ရက် မှ (၁၀)ရက်အထိပေး၍ ကုသလေ့ရှိသည်။
ကာကွယ်ခြင်း
  • တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ခြင်း
  • အမျိုးသမီးအောက်ပိုင်း မွေးလမ်းကြောင်းအတွင်းပိုင်းသို့ ဆေးကြောခြင်းကို ရှောင်ကြဉ်ခြင်း
  • ရေများများသောက်ခြင်း
  • ချောင်ချိသော အတွင်းခံများကို ဝတ်ဆင်ခြင်း
  • အိမ်သာတက်ပြီးတိုင်း ရေသုံးသည့်အခါ ရှေ့မှနောက်သို့ဆေးခြင်း
  • လိင်ဆက်ဆံပြီးတိုင်း ဆီးသွားခြင်း

References:

  1. WebMD. (2024). Your guide to urinary tract infections. Retrieved September 14, 2025, from https://www.webmd.com/women/your-guide-urinary-tract-infections WebMD+1
  2. Mayo Clinic. (n.d.). Urinary tract infection (UTI) — symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/urinary-tract-infection/symptoms-causes/syc-20353447

Published: 30 August 2024

Last updated: 2 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.