ဦးနှောက်အစိတ်အပိုင်းတစ်နေရာသို့ သွေးစီးဆင်းမှုနည်း၍ သို့မဟုတ် ပိတ်၍ဖြစ်စေ၊ ဦးနှောက် အတွင်းရှိ သွေးကြောပေါက်၍ဖြစ်စေ လေဖြတ်ရောဂါဖြစ်နိုင်သည်။ လေဖြတ်ရောဂါသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှုရရှိချိန်စောသည်နှင့်အမျှ ဦးနှောက်ကို ထိခိုက်မှု ပို၍လျော့နည်းမည်ဖြစ်သည်။ ထို့ကြောင့် လေဖြတ်သည်ဟု သံသယရှိပါက ဆေးရုံသို့ လျင်မြန်စွာ၊ ချက်ချင်းသွားရောက်ပြီး ကုသမှုခံယူသင့်သော ရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဦးနှောက်သွေးကြောပိတ်၍ဖြစ်သော လေဖြတ်ရောဂါ (Ischaemic Stroke)
အဖြစ်အများဆုံး လေဖြတ်ရောဂါ အမျိုးအစားဖြစ်သည်။ ဦးနှောက်သို့ အောက်ဆီဂျင်နှင့် အာဟာရများ ပေးပို့သော သွေးကြောကျဥ်းခြင်း သို့မဟုတ် ပိတ်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ အောက်ဆီဂျင်နှင့် အာဟာရ လုံလုံလောက်လောက် မရရှိဘဲ မိနစ်ပိုင်းအတွင်း သေဆုံးသွားကြသည်။ ဤကဲ့သို့လေဖြတ်ခြင်းကို သွေးကြောပိတ်၍ ဖြစ်သောလေဖြတ်ရောဂါ (Ischaemic stroke) ဟုခေါ်သည်။
ဦးနှောက်သွေးကြောပိတ်စေနိုင်သော အကြောင်းရင်းများမှာ_- ဦးနှောက်သွေးကြောတွင် သွေးခဲပိတ်ဆို့၍ လေဖြတ်ခြင်း (Thrombotic stroke)
သွေးကြောနံရံများတွင် အဆီအနှစ်များ စုပုံ၍ သွေးခဲများဖြစ်ပေါ်ကာ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း (Artherosclerosis) - ခန္ဓာကိုယ်တွင်း တစ်နေရာရာ (အထူးသဖြင့် နှလုံးနှင့်လည်ပင်း) တွင် ဖြစ်ပေါ်နေသော သွေးခဲပြုတ်ထွက်ပြီး ဦးနှောက်အတွင်း ပိတ်ဆို့၍ လေဖြတ်ခြင်း (Embolic stroke)
- နှလုံးခုန် စည်းချက်မမှန်သောကြောင့် သွေးခဲများဖြစ်ပေါ်ကာ ဦးနှောက်သွေးကြောပိတ်ခြင်း (Atrial fibrillation)
- ဦးနှောက်သွေးကြောတွင် သွေးခဲပိတ်ဆို့၍ လေဖြတ်ခြင်း (Thrombotic stroke)
- ဦးနှောက်သွေးကြောပေါက်၍ဖြစ်သော လေဖြတ်ရောဂါ (Hemorrhagic Stroke)
ဦးနှောက်အတွင်းရှိ သွေးကြောပေါက်ပြီး သွေးထွက်သဖြင့် ဦးနှောက်ဆဲလ်များတွင် ဖိအားများပြီး ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေဖြတ်ရောဂါဖြစ်သည်။ အဓိက အမျိုးအစား (၂)မျိုးရှိသည်။- ဦးနှောက်အတွင်း သွေးထွက်ခြင်း (Intracerebral hemorrhage)
- ဦးနှောက်နှင့် ဦးခေါင်းခွံအကြား သွေးထွက်ခြင်း (Subarachnoid hemorrhage)
ဖြစ်စေသောအကြောင်းရင်းများမှာ_- သွေးတိုးခြင်းကို ကောင်းစွာ မထိန်းနိုင်ခြင်း
- သွေးမခဲဆေးများ (Anticoagulants) အလွန်အကျွံသောက်မိခြင်း
- သွေးကြောနံရံများပါး၍ ဖောင်းနေခြင်း (aneurysm)
- ခေါင်းထိခိုက်ဒဏ်ရာရခြင်း
- သွေးမတိတ်ရောဂါများ (bleeding and coagulation disorders)
- သွေးကြောပိတ်၍ လေဖြတ်ပြီးနောက် ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းတွင် နောက်ဆက်တွဲအနေဖြင့် သွေးယိုစိမ့်ခြင်းတို့ဖြစ်သည်။
လေဖြတ်ရောဂါ ဖြစ်နိုင်ခြေများသူများမှာ_
- အသက် (၅၅) နှစ်နှင့်အထက်
- အမျိုးသားများ
- အဝလွန်သူများ
- အရက်အလွန်အကျွံသောက်သူများ
- ဆေးလိပ်သောက်သူများ
- သွေးတိုးရောဂါရှိသူများ
- ဆီးချိုရောဂါရှိသူများ
- နှလုံးရောဂါရှိသူများ (နှလုံးအမောဖောက်ခြင်း၊ နှလုံးပိုးဝင်ခြင်း၊ နှလုံးခုန်စီးချက်မမှန်သူများ)
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း
- လေဖြန်းဖူးသူများ (Transient Ischaemic Attack)
- သွေးတွင်းအဆီဓာတ် များသူများ
- မိသားစုမျိုးရိုးတွင် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ (သို့မဟုတ်) အသေးစားလေဖြတ်ရောဂါ ရှိသူများ
- မူးယစ်ဆေးဝါး သုံးစွဲသူများ
- ကိုယ်ဝန်တားဆေး (သို့မဟုတ်) အီစတိုဂျင် (oestrogen) ဟော်မုန်းပါသောဆေးများ သောက်သူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဦးနှောက်၏ နေရာအသီးသီးသည် အမျိုးမျိုးသောစွမ်းဆောင်ရည်များကို ထိန်းချုပ်ထားသဖြင့် ထိခိုက်သည့်နေရာပေါ် မူတည်၍ ရောဂါလက္ခဏာများအမျိုးမျိုး ဖြစ်ပေါ်သည်။ ဥပမာအားဖြင့် စကားပြောသည့်စွမ်းရည်ကို ထိန်းချုပ်သောနေရာကို ထိခိုက်ပါက စကားပြောရာတွင် အခက်အခဲရှိသည်။ သို့ဖြစ်၍ ထိခိုက်သည့်နေရာ အနည်းအများပေါ် မူတည်ပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍လည်း ဖြစ်နိုင်သည်။
- စကားပြောရခက်ခြင်း၊ မပီမသ ဗလုံးဗထွေးဖြစ်ခြင်း၊ စကားမပြောနိုင်ခြင်းနှင့် အခြားသူများပြောသောစကားကို နားမလည်နိုင်ခြင်း
- မျက်နှာ၊ လက်နှင့် ခြေတို့တွင် ထုံကျဥ်ခြင်း၊ အားနည်းခြင်း၊ မလှုပ်နိုင်ခြင်း
- မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ရုတ်တရက် အမြင်အာရုံ မှောင်မဲသွားခြင်း၊ ဝေဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း
- ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း
လေဖြတ်ခြင်းအများစုသည် ချက်ချင်းပြန်မကောင်းဘဲ ရေရှည်လက္ခဏာများ ပြလေ့ရှိသော်လည်း အချို့လေဖြတ်ခြင်းမျိုးသည် အချိန်ခဏတာအတွင်း ပြန်လည်ကောင်းမွန်တတ်သည်။ ထိုအမျိုးအစားကို လေဖြန်းခြင်း (သို့မဟုတ်) အသေးစားလေဖြတ်ခြင်း (Transient Ischaemic Attack – TIA/ mini stroke) ဟုခေါ်သည်။
လေဖြန်းခြင်း (Transient ischemic attack) ဆိုသည်မှာ ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု ခဏတာ လျော့နည်းသွားသဖြင့် ဖြစ်ပေါ်လာသော အသေးစား လေဖြတ်ခြင်းပင်ဖြစ်သည်။ အချိန်ခဏအကြာ (၅မိနစ် မှ ၂၄နာရီအတွင်း) တွင် ပုံမှန်သွေးစီးဆင်းမှု ပြန်လည်ရရှိသဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများမှာ ကုသမှုမခံယူရဘဲ ပြန်လည်သက်သာသွားသည်။ သို့သော် နောက်တစ်ကြိမ် အသေးစားလေဖြတ်ခြင်း ထပ်မဖြစ်စေရန် (သို့မဟုတ်) အလုံးစုံလေဖြတ်ခြင်းအဆင့်သို့ မရောက်ရှိစေရန်အတွက် ရောဂါလက္ခဏာများ သက်သာသွားသော်လည်း ကုသမှုခံယူရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
လေဖြတ်ရောဂါကြောင့် လတ်တလော (သို့မဟုတ်) ရေရှည် ကိုယ်အင်္ဂါမသန်စွမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ နောက်ဆက်တွဲပြဿနာများမှာ ဦးနှောက်တွင်းသွေးစီးဆင်းမှု ပြတ်တောက်သည့် ကြာချိန်နှင့် ထိခိုက်ပျက်စီးသည့် ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးမျိုးဖြစ်နိုင်သည်။
- ဦးနှောက်တွင်း ဖိအားများခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ တက်ခြင်း
- ခန္ဓာကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ခြင်း
- စကားပြောရ (သို့မဟုတ်) အစာမျိုချရခက်ခဲခြင်း
- မှတ်ဉာဏ်အချို့ပျောက်ဆုံးခြင်း
- စိတ်ကျရောဂါဖြစ်ခြင်း (သို့မဟုတ်) စိတ်ခံစားမှုကို ထိန်းချုပ်ရန်ခက်ခဲခြင်း
- ထုံခြင်း၊ ကျဉ်ခြင်း၊ နာခြင်း
- အိပ်ရာနာများ ဖြစ်ပေါ်ခြင်း
- အပြုအမူများပြောင်းလဲလာခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများကို အကူအညီမပါဘဲ မိမိဘာသာ မလုပ်နိုင်တော့ခြင်း
- ရောဂါပြင်းထန်ပါကအသက်အန္တရာယ်ရှိနိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်လာပါက ဆေးရုံသို့ အမြန်သွားရောက် ကုသမှုခံယူရမည်။ လေဖြတ်ခြင်းကို ကုသမှုနောက်ကျလေ ဦးနှောက်ထိခိုက်ပျက်စီးမှုများလေ ကိုယ်အင်္ဂါမသန်စွမ်းမှုများလေဖြစ်သည်။ ထို့ကြောင့် လေဖြတ်သည်ဟု သံသယရှိပါက အရေးကြီးလက္ခဏာများကို အောက်ပါအတိုင်း “ BE FAST” ဟူ၍ အတိုကောက်မှတ်သားပြီး စစ်ဆေးသည်။
- B (Balance) – မတ်တတ်ရပ်သည့်အခါ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်ခြင်း
- E (Eyes) – အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
- Face – ပြုံးခိုင်းပြီး မျက်နှာတစ်ဖက်နှင့်တစ်ဖက် (အထူးသဖြင့် နှုတ်ခမ်း) ညီမညီ ကြည့်ခြင်း
- Arms – လက်မောင်း (၂) ဖက် မြှောက်ခိုင်းပြီး တစ်ဖက်က မမြှောက်နိုင်လျှင် သို့မဟုတ် မြှောက်ပြီးမှ အောက်သို့ပြန်ကျသွားခြင်း ရှိမရှိ ကြည့်ခြင်း
- Speech – စကားတစ်ခွန်း လိုက်ပြောကြည့်ခိုင်းပြီး ပုံမှန်ပြောနေကျနှင့် ကွဲပြားသည် သို့မဟုတ် ဗလုံးဗထွေး ဖြစ်မဖြစ် ကြည့်ခြင်း
- Time – အထက်ပါလက္ခဏာများတွေ့ရှိရပါက ဆေးရုံသို့ အမြန်ဆုံးသွားပါ၊ ရောဂါလက္ခဏာ စပေါ်ချိန်ကို မှတ်သားထားရမည်၊ ရောဂါလက္ခဏာစပေါ် ချိန်မှ (၄) နာရီခွဲအတွင်း ဆေးရုံသို့ အချိန်မီရောက်ရှိပါက အရေးပေါ် သွေးခဲဖျော်ဆေးကုသမှုအတွက် အချိန်မီနိုင်ပြီး ရလဒ်ကောင်းများ ရရှိနိုင်သည်
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများကို သေချာစွာ မေးမြန်းစမ်းသပ်ပြီး အောက်ပါအတိုင်း လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြင့် လေဖြတ်ရောဂါ ရှာဖွေတွေ့ရှိနိုင်သည်။
- ကွန်ပြူတာဓာတ်မှန် (CT scan) _ သွေးခဲပိတ်ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းတို့ကို အရေးပေါ် ခွဲခြားသိရှိနိုင်သည်
- သွေးစစ်ဆေးခြင်း (Blood tests) _ သွေးတွင်းသကြားဓာတ်၊ သွေးခဲစေသောဓာတ်များ၊ သွေးတွင်း အဆီဓာတ်၊ ကျောက်ကပ်နှင့်အသည်း လုပ်ငန်းများ စစ်ဆေးခြင်းတို့ ပါဝင်သည်
- အီးစီဂျီ (Electrocardiogram) _ နှလုံးခုန် စည်းချက်မှန်မမှန် သိရှိနိုင်သည်
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) – နှလုံးအတွင်းသွေးခဲရှိ၊ မရှိကို သိရှိနိုင်သည်
- သံလိုက်ဓာတ်မှန် (MRI) _ သွေးခဲခြင်းကို ကွန်ပြူတာဓာတ်မှန်ထက် ပိုမိုစောစီးစွာ တွေ့ရှိနိုင်ပြီး ပိုမိုတိကျသော အဖြေများရရှိနိုင်သည်
- လည်ပင်းကို အာထရာဆောင်း ရိုက်ခြင်း (Carotid USG) _ လည်ပင်းရှိ သွေးကြောမှ သွေးစီးဆင်းမှုကို သိရှိနိုင်သည်
- ဦးနှောက်သွေးကြောဓာတ်မှန် (Cerebral angiogram) _ ဦးခေါင်းနှင့် လည်ပင်းရှိ သွေးကြောများကို အသေးစိတ်တွေ့နိုင်သည်
ကုသခြင်း
လေဖြတ်ခြင်းအမျိုးအစားပေါ်မူတည်၍ အောက်ဖော်ပြပါကုသမှုများ ပေးရန်လိုအပ်သည်။
အရေးပေါ်ကုသမှုများ
သွေးကြောပိတ်လေဖြတ်ရောဂါ ကုသခြင်း
သွေးကြောပိတ်၍ဖြစ်သော လေဖြတ်ရောဂါ (Ischaemic stroke) ကုသရာတွင် ထိခိုက်သွားသော နေရာတွင် သွေးစီးဆင်းမှု အမြန်ဆုံးပြန်လည်ရရှိနိုင်ရန် အရေးကြီးဆုံးဖြစ်သည်။
သွေးစီးဆင်းမှု အမြန်ဆုံးပြန်လည်ရရှိရန်_
- အရေးပေါ် သွေးခဲဖျော်ဆေးထိုးခြင်း
လေဖြတ်ရောဂါလက္ခဏာ စတင်ခံစားရပြီးနောက် (၃)နာရီ မှ (၄)နာရီခွဲအတွင်း၌သာ သွေးခဲပျော်စေရန် အရေးပေါ်သွေးခဲဖျော်ဆေးထိုး၍ ကုသနိုင်သည်။ ဆေးပေးသည့် အချိန်စောသည်နှင့်အမျှ အသက်အန္တရာယ်နှင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းသွားမည်ဖြစ်သည်။ ဆေး၏ဘေးထွက်ဆိုးကျိုးမှာ ဦးနှောက်အတွင်း သွေးထွက်နိုင်သဖြင့် နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်များမှ လူနာ၏ အခြေအနေနှင့် ရောဂါအခံများပေါ် မူတည်၍ ဆေးထိုးရန် စဥ်းစားဆုံးဖြတ်ရသည်။ အကယ်၍ အရေးပေါ်ထိုးဆေးမရနိုင်ပါက သွေးခဲများထပ်မံ၍ ကြီးထွားမလာစေရန် သွေးကျဲဆေးများ (Antiplatelet) ပေးရန် လိုအပ်သည်။ ခန္ဓာကိုယ်တွင်း တစ်နေရာရာမှ သွေးခဲများ ဦးနှောက်အတွင်း ပိတ်ဆို့၍ လေဖြတ်ခြင်းဖြစ်ပါက သွေးမခဲဆေးများ (Anticoagulant) ပေးရန် လိုအပ်သည်။ - ပိတ်ဆို့နေသော သွေးကြောများ ပွင့်စေရန်နှင့် ဦးနှောက်သို့ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေရန် သွေးခဲဖယ်ရှားခြင်း (Thrombectomy)
သွေးခဲဖယ်ရှားနိုင်ရန် ပထမဦးစွာ ပေါင်ခြံရှိ သွေးလွှတ်ကြောမှတစ်ဆင့် catheter ဟုခေါ်သော ပြွန်ငယ်ကို လည်ပင်း (သို့မဟုတ်) ဦးနှောက်ရှိ သွေးကြောပိတ်နေသောနေရာသို့ ထည့်သွင်းသည်။ ထို့နောက် သွေးကြောပြန်ဖွင့်ရန်အတွက် လေပူဖောင်းဖြင့် သွေးကြောချဲ့ပြီး သွေးကြောအတွင်း ပြွန်ထည့်ခြင်း (Angioplasty and stenting) သို့မဟုတ် သွေးခဲကို ဖမ်းယူဆွဲထုတ်သည့် ကရိယာ (Stent retriever) စသည့် ကရိယာများကို အသုံးပြု၍ သွေးခဲကို ဖယ်ရှားကာ ပိတ်ဆို့နေသော သွေးကြောကို ပြန်ဖွင့်ပေးနိုင်သည်။ - လည်ပင်းရှိသွေးကြောပိတ်၍ ဖြစ်ပါက သွေးကြောအတွင်းမှ အဆီဖတ်များကို ခွဲစိတ်ဖယ်ရှားခြင်း (Carotid endarterectomy)
သွေးကြောပေါက်၍ဖြစ်သော လေဖြတ်ရောဂါ ကုသခြင်း
သွေးကြောပေါက်၍ဖြစ်သော လေဖြတ်ရောဂါ (Haemorrhagic stroke) ကို ကုသရာတွင်
သွေးကြောပေါက်သည့်နေရာ၊ သွေးထွက်သည့်အကြောင်းရင်းနှင့် ပမာဏပေါ် မူတည်၍ ကုသမှု ပေးရသည်။
- သွေးပေါင်ချိန်လျှော့ချကုသပေးခြင်း (Blood pressure management)
သွေးပေါင်ချိန်များခြင်းကြောင့် သွေးကြောပေါက်စေသဖြင့် သွေးပေါင်ကျစေရန် စောင့်ကြည့်ကုသ ပေးရသည်။ သွေးပေါင်ချိန်လျှော့ချပေးခြင်းသည် သွေးထွက်သောပမာဏကို လျော့ကျစေပြီး ပိုမဆိုးအောင်ပြုလုပ်ပေးသည့် အရေးအကြီးဆုံးကုသမှု ဖြစ်သည်။ - သွေးမခဲဆေး၊ သွေးကျဲဆေးများ သောက်နေသူဖြစ်ပါက ဆေးများကို ရပ်တန့်ခြင်း
- အတက်ကျဆေးများ (Anti-epileptics) နှင့် ဦးနှောက်အတွင်း ဖိအားလျော့နည်းစေသော ဆေးများပေးခြင်း
- ခွဲစိတ်ကုသခြင်း (Surgery)
ဦးနှောက်အတွင်း ဖိအားလျော့နည်းစေရန် လိုအပ်လျှင် ခွဲစိတ်ကုသမှုပြုလုပ်နိုင်သည်။
လေဖြတ်ခြင်း ထပ်မံမဖြစ်ပေါ်အောင် ကာကွယ်ကုသခြင်း (Secondary Prevention)
လေဖြတ်ပြီးသော လူနာများ နောက်တစ်ကြိမ်ထပ်မံ မဖြစ်ပွားစေရန်အတွက် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ကုသမှုခံယူရန် အလွန်အရေးကြီးသည်။
- သွေးတိုးရောဂါ ထိန်းချုပ်ခြင်း
သွေးတိုးရောဂါရှိပါက ထိရောက်စွာကုသပြီးသွေးပေါင်ချိန်ကို (၁၃၀/၈၀) mmHg အောက်တွင် မှန်မှန် ထိန်းသိမ်းထားရန် အရေးကြီးသည်။ - ဆီးချိုရောဂါကို စနစ်တကျကုသခြင်း
ဆီးချိုရောဂါကို သေချာစွာကုသပြီး HbA1c ကို ၇ ရာခိုင်နှုန်းအောက်တွင် ထိန်းသိမ်းထားရန် လိုအပ်သည်။ - သွေးတွင်းအဆီဓာတ် လျှော့ချခြင်း
သွေးတွင်းအဆီဓာတ်လျော့နည်းစေရန် သွေးတွင်းအဆီကျဆေး (statin) ဖြင့် ကုသမှုခံယူရန် လိုအပ်သည်။ - သွေးကျဲဆေး၊ သွေးမခဲဆေးများဖြင့် ကုသခြင်း
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အသေးစားလေဖြတ်ခြင်းတို့ ဖြစ်ပါက နောက်တစ်ကြိမ်ထပ်မဖြစ်စေရန် သွေးကျဲဆေးများ (Aspirin သို့မဟုတ် clopidogrel) ဖြင့် ကာကွယ်ကုသမှုခံယူရန် လိုအပ်သည်
နှလုံးခုန်စည်းချက် မမှန်သူများဖြစ်ပါက နှလုံးခုန်ပုံမှန်ဖြစ်စေသည့် ဆေးများပေးခြင်းနှင့် သွေးခဲဖြစ်ပေါ်မှုကို တားဆီရန် သွေးမခဲဆေးများ (Anticoagulants) ဖြင့် ကာကွယ်ကုသရန် လိုအပ်သည် - ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
ကိုယ်အလေးချိန်ကို ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) 25 kg/m2 အောက်တွင် ရှိအောင် ထိန်းသိမ်းခြင်းဖြင့် လေဖြတ်နိုင်ခြေ အန္တရာယ်ကို လျှော့ချနိုင်သည် - နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
ဆေးလိပ်ဖြတ်ခြင်း၊ အရက်သေစာ လျှော့သောက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်
ပြန်လည်သန်စွမ်းရန် လေ့ကျင့်ပေးခြင်း (Stroke rehabilitation)
အထက်ဖော်ပြပါ အရေးပေါ်ကုသမှုများ ပေးပြီးနောက် ကိုယ်ခန္ဓာစွမ်းဆောင်ရည်များ နဂိုမူလအတိုင်း ပြန်လည်ရရှိရေးအတွက် အောက်ဖော်ပြပါ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ လိုအပ်သလိုပြုလုပ်ရန် အရေးအကြီးဆုံးဖြစ်သည်။
- စကားပြောလေ့ကျင့်ပေးခြင်း (Speech therapy)
- ခြေ၊ လက်အင်္ဂါများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် လေ့ကျင့်ပေးခြင်း (Physical therapy)
- နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်ရန် လေ့ကျင့်ပေးခြင်း (Occupational therapy)
- မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့ကို ပြန်လည်ရရှိအောင် လေ့ကျင့်ပေးခြင်း (Cognitive therapy)
ကာကွယ်ခြင်း
လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေရန် အောက်ပါအချက်များကို ပြုလုပ်နိုင်သည်။
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
- လေ့ကျင့်ခန်းကို နေ့စဥ် ပုံမှန်ပြုလုပ်ခြင်း (တစ်ရက်လျှင် မိနစ်၃၀ နှင့် တစ်ပတ်လျှင် ငါးရက်ခန့်)
- အိပ်ရေးဝဝအိပ်ခြင်း (တစ်ရက်လျှင် အနည်းဆုံး ၇နာရီ မှ ၉နာရီ အိပ်စက်ခြင်း)
- ဆေးလိပ်ဖြတ်ခြင်း
- အရက်ကို အလွန်အကျွံမသောက်ခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
- သွေးတိုးရှိလျှင် စနစ်တကျကုသမှု ခံယူခြင်း
- ဆီးချိုရှိလျှင် စနစ်တကျကုသမှု ခံယူခြင်း
- သွေးတွင်း ကိုလက်စထရောများခြင်းကို ကုသမှုခံယူခြင်း
- ဆရာဝန်ညွှန်ကြားသည့် ဆေးများကို ပုံမှန်သောက်သုံး၍ ရက်ချိန်း ပုံမှန်ပြခြင်း
- မိသားစုဆရာဝန်နှင့် တစ်နှစ်လျှင် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ဖြစ်နိုင်ခြေများသောရောဂါများကို ကြိုတင်ရှာဖွေ၍ စောစီးစွာကုသခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- Cleveland Clinic. (n.d.). Stroke. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/5601-stroke
- Mayo Clinic. (n.d.). Stroke: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/stroke/symptoms-causes/syc-20350113
- Medical News Today. (2024). Everything you need to know about stroke. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/7624
- National Heart, Lung, and Blood Institute. (n.d.). Stroke: Treatment. Retrieved July 26, 2025, from https://www.nhlbi.nih.gov/health/stroke/treatment
Published: 30 August 2024
Last updated: 18 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.