Tension headache (စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း)

Tension headache (စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း)

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း အမျိုးအစားသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်သည်။ ဦးခေါင်း၏ပတ်လည်တွင် ကြိုးဖြင့် တင်းကြပ်စွာစည်းနှောင်ထားသကဲ့သို့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရသည်။ အထူးသဖြင့် နဖူး၊ နားထင်၊ နောက်စေ့နေရာများ ကိုက်ခဲခြင်းဝေဒနာကို ခံစားရသည်။ ဤခေါင်းကိုက်ခြင်းဝေဒနာကို သက်သာစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ လေ့ကျင့်ခြင်း၊ စိတ်ဖိစီးမှုများ လျှော့ချခြင်း၊ ဆေးဝါးများအသုံးပြုခြင်းတို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ပေါ်ရသော တိကျသေချာသည့် အကြောင်းရင်းကို ယခုအချိန်ထိ မသိရှိရသေးပါ။ စိတ်ဖိစီးမှုများသဖြင့် မျက်နှာ၊ ဦးရေပြား၊ လည်ပင်းရှိ ကြွက်သားများ၊ အရေပြားများ ကျုံ့ခြင်း၊ ဆန့်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ရှေးယခင်ကယူဆကြသော်လည်း အဓိကအကြောင်းရင်း မဟုတ်ကြောင်း လေ့လာတွေ့ရှိလာကြသည်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်သူများတွင် နာကျင်မှုဒဏ် ခံနိုင်ရည် အားနည်းခြင်းကြောင့်ဖြစ်သည်ဟု အများဆုံးယူဆကြသည်။ အခြားသော tension headache ကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများမှာ_

  • စာအုပ်၊ စမတ်ဖုန်းများကို အချိန်ကြာရှည်စွာ ဦးခေါင်းအောက်စိုက်ကာ အသုံးပြုသောကြောင့် လည်ပင်းကြွက်သားများ ဒဏ်ဖြစ်ကာ ဇတ်ကြောတက်ခြင်း
  • စမတ်ဖုန်း၊ ကွန်ပျူတာကို အနားယူချိန်မရှိဘဲ ဆက်တိုက်အသုံးပြုခြင်းကြောင့် မျက်လုံးအားနည်းခြင်း၊ မျက်လုံးကြွက်သားများ ဒဏ်ဖြစ်ခြင်း
  • မေးရိုးအဆစ်ပြဿနာများ (Temporomandibular joint disorder)
  • လည်ပင်းရှိ အရိုးအဆစ်များ ပျက်စီးရောင်ရမ်းခြင်း (Degenerative arthritis)
  • အိပ်မပျော်ခြင်း (Insomnia)
  • အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Sleep apnoea)
  • စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါ (Anxiety disorders)
  • စိတ်ကျရောဂါ (Depression) တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ခံစားရသော ရောဂါလက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သော်လည်း အများစုတွင် တွေ့ရသော‌လက္ခဏာများမှာ_

  • ဦးခေါင်းတစ်ဖက်တစ်ချက်တွင် ညှစ်ထားသကဲ့သို့ ခံစားရခြင်း
  • ဦးရေပြား၊ လည်ပင်းနှင့် ပခုံးရှိ ကြွက်သားများ နာကျင်တောင့်တင်းခြင်း
  • အလင်းရောင်နှင့် ဆူညံသံများကို မခံနိုင်ခြင်းတို့ဖြစ်သည်။

ထိုလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်ပြီး မိနစ် (၃၀) ခန့်ခံစားရခြင်းမှ တစ်ခါတစ်ရံ တစ်ပတ်အထိ ကြာရှည်နိုင်သည်။ စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာကို ဖြစ်ပွါးသည့် အကြိမ်နှင့်ကာလပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုးခွဲနိုင်သည်။

  1. တစ်ခါတစ်ရံမှ ဖြစ်တတ်သော ခေါင်းကိုက်ခြင်း (Infrequent episodic)
    ခေါင်းကိုက်ခြင်းသည် တစ်လတွင် တစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ်ထက်နည်းသည်။
  2. မကြာခဏဖြစ်တတ်သော ခေါင်းကိုက်ခြင်း (Frequent episodic)
    ခေါင်းကိုက်ခြင်းသည် တစ်လတွင် တစ်ကြိမ် မှ (၁၄) ကြိမ်အထိ၊ အနည်းဆုံး သုံးလဆက်တိုက် ဖြစ်ပွါးသည်ကို ဆိုလိုသည်။
  3. နာတာရှည် ခေါင်းကိုက်ခြင်း (Chronic)
    ခေါင်းကိုက်ခြင်းသည် တစ်လလျှင် (၁၅) ကြိမ်နှင့်အထက်၊ (၃) လနှင့်အထက် ဖြစ်သည်ကို ဆိုလိုသည်။
နောက်ဆက်တွဲပြဿနာများ

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ရက်ပေါင်းလပေါင်းများစွာ နာတာရှည် ခံစားရပါက အလုပ်လုပ်ကိုင်နိုင်စွမ်းနှင့် ဘဝနေထိုင်မှု အရည်အသွေးများကိုပါ ထိခိုက်စေနိုင်သည်။ အကြိမ်ရေများစွာ ခေါင်းကိုက်ခြင်းကြောင့် လူမှုရေးပိုင်းနှင့် အခြားပြင်ပလှုပ်ရှားမှုများတွင် ပါဝင်နိုင်မှုလည်း ခက်ခဲလာနိုင်သည်။ မိမိလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း ကောင်းစွာအာရုံမစိုက်နိုင်ဘဲ ဘဝ၏ နေ့စဉ်လုပ်ငန်းဆောင်တာနှင့် အရည်အသွေးကို များစွာထိခိုက်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း ဝေဒနာသည် မိမိဘဝ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာခြင်း၊ တစ်ပတ်တွင် ခေါင်းကိုက်ခြင်း နှစ်ကြိမ်ထက်ပိုဖြစ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သုံးသော်လည်း မသက်သာခြင်း၊ ခေါင်းကိုက်သည့် ပုံစံပြောင်းလဲသွားခြင်းတို့ ဖြစ်ပေါ် ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်သင့်သည်။

ရုတ်တရက် အလွန်ပြင်းထန်ဆိုးရွားစွာ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်း၊ ခြေလက်များ အားနည်းခြင်း၊ ထုံကျဥ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရပြီး နောက်ဆက်တွဲခေါင်းကိုက်ခြင်းတို့ဖြစ်ပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွား‌‌ရောက် ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် ရောဂါရာဇဝင် အသေးစိတ်မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြောများကို အသေးစိတ်စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ အကယ်၍ အန္တရာယ်ရှိသော အခြားခေါင်းကိုက်ခြင်းများကို သံသယရှိပါက ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ သွေးစစ်ဆေးမှုများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

ကုသခြင်း

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းအမျိုးအစားအပေါ် မူတည်၍ ကုသရသည်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းသည် နာတာရှည်မဟုတ်ဘဲ တစ်ခါတစ်ရံမှဖြစ်‌ပေါ်သော ယာယီခေါင်းကိုက်ခြင်းမျိုး ဖြစ်ပါက ပါရာစီတမော (Paracetamol)၊ အိုင်ဗျူပရိုဖဲင်(Ibuprofen) စသည်တို့ကို သောက်သုံးလျှင် သက်သာနိုင်သည်။ သို့သော် အကိုက်အခဲပျောက်ဆေးများကို မကြာခဏ ရေရှည်အသုံးပြုပါက ထိုဆေးများ အလွန်အကျွံအသုံးပြုမှုကြောင့် ဖြစ်ပေါ်သော ခေါင်းကိုက်ခြင်း (Medication overuse headache) ဝေဒနာကို ထပ်မံခံစားရနိုင်သည်။ ထို့ကြောင့် ခေါင်းကိုက်ခြင်းကို ယာယီသက်သာစေသော အကိုက်အခဲပျောက်ဆေးများကို တစ်လလျှင် (၁၅) ရက်နှင့် Triptans ကဲ့သို့သော ဆေးဝါးများကို တစ်လလျှင် (၁၀) ရက်ထက် ပို၍မသောက်သုံးသင့်ပါ။ သို့ဖြစ်ပါ၍ အကိုက်အခဲပျောက်ဆေးများနှင့် မသက်သာဘဲ ကာလကြာရှည်စွာ မကြာခဏခေါင်းကိုက်ခြင်းကို ခံစားနေရပါက သင့်တော်သော ကုသမှုကို ခံယူနိုင်ရန် မိသားစုဆရာဝန်နှင့် ပြသ၍ တိုင်ပင်သင့်သည်။

ခေါင်းကိုက်ခြင်းသည် အကိုက်အခဲပျောက်ဆေးများနှင့် မသက်သာဘဲ နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်ပါက အကိုက်အခဲပျောက်ဆေးများအပြင် ခေါင်းတစ်ခြမ်းကိုက််ရောဂါ (Migraine) တွင်သုံးသည့် ကာကွယ်ရေးဆေးဝါးများကိုပါ တွဲဖက်အသုံးပြုနိုင်သည်။

ကာကွယ်ရေးဆေးဝါးများမှာ_

  • စိတ်ကျရောဂါ ကုသဆေးဝါးများ (Antidepressants – Tricyclic antidepressant, venlafaxine, mirtazapine)
  • အတက်ကျဆေးများ (anti-seizure medicines – gabapentin, topiramate)
  • ကြွက်သား ပြေလျော့ဆေးများ (muscle relaxants – tizanidine) တို့ဖြစ်ကြသည်။

ထိုကာကွယ်ရေးဆေးဝါးများသည် ဆေး၏အာနိသင်ပြရန် သတင်းပတ်များစွာ (သို့မဟုတ်) ထို့ထက်ပို၍ ကြာနိုင်သည်။ ထို့ကြောင့် ကာကွယ်ရေးဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကာလကြာရှည်စွာ နေ့စဥ်ပုံမှန်သောက်ရန် လိုအပ်သည်။

ထို့အပြင် စိတ်ဖိစီးမှုကို လျှော့ကျစေသော ကုထုံးများ၊ ဆွေးနွေးမှုများ ခံယူခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းကို ကုသခြင်း (ဥပမာ _ အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်းအတွက် ကုသမှုများပေးခြင်း) များ ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း

စိတ်ဖိစီးမှုကြောင့် အဓိကဖြစ်ရသော ခေါင်းကိုက်ခြင်းဖြစ်သောကြောင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ခေါင်းကိုက်ခြင်းဝေဒနာ မဖြစ်အောင် တားဆီးနိုင်သည်။ နေ့စဉ်စိတ်ဖိစီးမှု သက်သာစေရန်အတွက်_

  • စိတ်ဖိစီးမှုသက်သာစေသော အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • အနားယူခြင်း
  • လေ့ကျင့်ခန်းများပြုလုပ်ခြင်း
  • တရားထိုင်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Tension headaches. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/8257-tension-headaches
  2. Mayo Clinic. (n.d.). Tension headache: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/tension-headache/symptoms-causes/syc-20353977

Published: 30 August 2024

Last updated: 19 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.