Iron deficiency anaemia (သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း)

Iron deficiency anaemia (သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း)

သံဓာတ်သည် သွေးအတွင်းအောက်ဆီဂျင် သယ်‌ဆောင်‌ပေးသည့် ဟီမိုဂလိုဘင် (Haemoglobin) များ ထုတ်‌လုပ်ရန်အတွက် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းစေသည်။ ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင် မသယ်ဆောင်နိုင်ခြင်းကြောင့် အားအင်ကုန်ခန်းခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း စသည်တို့ကို‌ ဖြစ်စေသည်။ သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေကုသခြင်း၊ သံဓာတ် ပြန်လည်ပြည့်ဝအောင် သံဓာတ်ပါဝင်သော အားဆေးများပေးခြင်းတို့ဖြင့် ကုသနိုင်သည်။

Iron deficiency anaemia image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သံဓာတ်ချို့တဲ့ခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွါးနိုင်သည်။

  1. အဓိကအားဖြင့် သံဓာတ်ပါဝင်သော အစားအစာများကို လုံလောက်စွာမစားခြင်းကြောင့် ဖြစ်ရသည်
  2. ထို့ပြင် ခန္ဓာကိုယ်မှ သွေးများ ဆုံးရှုံးခြင်း (ခန္ဓာကိုယ်တွင်းမှ သွေးယိုစိမ့်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း)
  3. ခန္ဓာကိုယ်မှ သံဓာတ် မစုပ်ယူနိုင်ဖြစ်စေသည့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွခြင်း
  4. ကိုယ်ဝန်ဆောင်ကာလ (မိခင်နှင့် ကလေးအတွက် သံဓာတ်ပိုမို လိုအပ်လာခြင်း) စသည့် အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။
သံဓာတ်ချို့တဲ့နိုင်ခြေများသောအခြေအနေများ
  1. အမျိုးသမီးဖြစ်ခြင်း _ ရာသီကြောင့် ပုံမှန် သွေးဆုံးရှုံးခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့် သံဓာတ်ပို၍ လျော့နည်းနိုင်သည်
  2. ပေါင်မပြည့် လမစေ့ ကလေးငယ်များ
  3. သားသတ်လွတ်စားသူများ _ အသားမှရသော သံဓာတ် မရရှိနိုင်သောကြောင့်ဖြစ်သည်
  4. ပုံမှန် သွေးလှူဒါန်းနေသူများ
  5. အချို့ အကိုက်အခဲပျောက်ဆေးများ ရေရှည်သုံးစွဲသူများ
  6. အူလမ်းကြောင်း ခွဲစိတ်မှု ခံယူထားသူများစသည့် အခြေအနေများဖြစ်သည်။
ရောဂါလက္ခဏာများ

အဓိကလက္ခဏာများမှာ သွေးအားနည်းခြင်းကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည်။

  1. အားအင်ကုန်ခန်းခြင်း
  2. အသက်ရှူမဝခြင်း
  3. ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
  4. ရင်တုန်ခြင်း
  5. အစားစားချင်စိတ်မရှိခြင်း
  6. ရင်ဘတ်အောင့်ခြင်း
  7. ခြေဖျားလက်ဖျား အေးစက်ခြင်း
  8. အသား‌အရောင် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  9. ခြေသည်း၊ လက်သည်းများ အက်ကွဲခြင်း သို့မဟုတ် ဇွန်းပုံသဏ္ဌာန်ကဲ့သို့ ချိုင့်ဝင်ခြင်း
  10. လျှာနာခြင်း၊ ရောင်ခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

သံဓာတ်ချို့တဲ့ခြင်းကို သတိမထားမိခြင်း (သို့မဟုတ်) ကုသမှုမခံယူခြင်းတို့ကြောင့် အောက်ပါဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

  1. နှလုံးကြီးခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးအားနည်းလာခြင်း
  2. ကိုယ်ခံအားနည်းသောကြောင့် အခြားရောဂါများ အလွယ်တကူဝင်နိုင်ခြင်း
  3. ကိုယ်ဝန်ဆောင်စဉ်သံဓာတ်ချို့တဲ့ပါက ပေါင်မပြည့် လမစေ့ကလေးငယ်များ မွေးနိုင်ခြင်း
  4. ကလေးငယ်များတွင် သံဓာတ်ချို့တဲ့ပါက ရုပ်ပိုင်း (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်သည်
  5. ပြင်းထန်ပါက မှတ်ဉာဏ်ထိခိုက်ခြင်း၊ ခြေထောက် ထိန်းမရဘဲ လှုပ်ခြင်း (Restless leg syndrome) များအထိ ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ၊ အခံရောဂါ ရှိမရှိ မေးမြန်းခြင်း၊ ပုံမှန်သောက်သုံးနေသော ဆေးဝါးများ၊ စားသောက်နေထိုင်မှုပုံစံများ စသည်တို့ကို ရောဂါရာဇဝင်မေးမြန်းခြင်း ပြုလုပ်မည်။

ထို့နောက် လူနာကို အထွေထွေစမ်းသပ်ခြင်း၊ အဆုတ်၊ နှလုံး၊ ဝမ်းဗိုက်၊ ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများကို စမ်းသပ်ခြင်း၊ ခြေသည်း၊ လက်သည်းများ စမ်းသပ်ခြင်းများ ပြုလုပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်။

  1. သွေးစစ်ခြင်း – Complete blood count
    သွေးတွင်း သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား ပမာဏကို စစ်ဆေးခြင်း၊ သွေးတွင်း သံဓာတ်ပမာဏကို စစ်ဆေးခြင်းတို့ လိုအပ်သည်။
  2. သံဓာတ်အားနည်းခြင်း ဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေရန်_
    • အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Gastroscopy) _ အစာအိမ်အူလမ်းကြောင်းအတွင်း သွေးယိုထွက်ခြင်း ရှိမရှိ စစ်ဆေးခြင်း
    • အူမကြီးအတွင်းမှန်ပြောင်းကြည့်ခြင်း (Colonoscopy) _ အူမကြီးလမ်းကြောင်းအတွင်း သွေးယိုထွက်ခြင်း ရှိမရှိ စစ်ဆေးခြင်း
    • အာထရာဆောင်း ရိုက်ခြင်း (Ultrasound) _ အမျိုးသမီးများတွင် ဓမ္မတာသွေးဆင်းများမှု အကြောင်းရင်းကို ရှာဖွေခြင်း စသည်တို့ လိုအပ်နိုင်သည်။
ကုသခြင်း

သံဓာတ်ချို့တဲ့ခြင်းကို ကုသရာတွင် သံဓာတ်အားဆေးများဖြင့် ဖြည့်စွက်ရန်၊ သံဓာတ်ပြည့်ဝသော အစားအစာများကို သေချာစားသောက်ရန် လိုအပ်သကဲ့သို့ ဖြစ်ပေါ်စေသော အကြောင်းရင်းများ၊ ရောဂါအခံများကိုပါ တစ်ပြိုင်တည်း ကုသမှသာ ထိရောက်စွာ ကုသနိုင်မည်ဖြစ်သည်။

  1. သံဓာတ်အားဆေးပေးခြင်း
    သံဓာတ်ချို့တဲ့သည့် ပမာဏပေါ် မူတည်၍ သံဓာတ်အားဆေးပမာဏကို နေ့စဉ် သောက်သုံးရမည်။ ယေဘုယျအားဖြင့် သွေးအားနည်းခြင်းကို ပြန်ပြည့်စေရန် သံဓာတ်အားဆေးကို အနည်းဆုံး (၂) လမှ (၄) လ အထိ မှန်မှန်သောက်ရန်လိုအပ်ပြီး ကိုယ်ခန္ဓာအတွင်းရှိ သံဓာတ်ပမာဏအားလုံး ပြည့်စေရန် နောက်ထပ် အနည်းဆုံး (၄)လ မှ (၆)လအထိ သောက်ရန် လိုအပ်သည်။ သံဓာတ်အားဆေးကို အစာမစားခင် သောက်သုံးရသည်။ သံဓာတ်အားဆေးကို ဗီတာမင်စီနှင့် တွဲသောက်လျှင် သံဓာတ်စုပ်ယူမှုကို ပိုကောင်းစေသည်။ သံဓာတ်အားဆေးများသည် များသောအားဖြင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုး မရှိကြပါ။ အချို့လူများတွင် ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းအရောင်မည်းခြင်း စသည့် ဘေးထွက်ဆိုးကျိုးအနည်းငယ် ဖြစ်ပေါ်သည်။
  2. သံဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
    အသားငါးများ၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးတို့ စားသုံးခြင်း
  3. သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများပေါ် မူတည်၍ လိုအပ်သည့် ကုသမှုများ ပြုလုပ်ခြင်း
    ဥပမာ _ အစာအိမ်အနာ (သို့မဟုတ်) လိပ်ခေါင်းရောဂါကို ကုသခြင်း၊ သန်ချခြင်း၊ နာတာရှည်ရောဂါများကို ကုသခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း

သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ရန် သံဓာတ်ကြွယ်ဝစွာ ပါဝင်သောအစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ သံဓာတ်ကြွယ်ဝစွာပါဝင်သော အစားအစာများမှာ_

  1. အမဲသား၊ ဝက်သား၊ ကြက်သား
  2. ပင်လယ်စာ
  3. ဥအမျိုးအမျိုး
  4. ပဲအမျိုးမျိုး
  5. အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်
  6. နို့ထွက်ပစ္စည်းများဖြစ်သည်။

သံဓာတ်ချို့တဲ့စေသော ရောဂါရှိသူများတွင် သံဓာတ်အားဆေးများ ကြိုတင်သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။

References:

  1. WebMD. (n.d.). Iron deficiency anemia. Retrieved July 23, 2025, from https://www.webmd.com/a-to-z-guides/iron-deficiency-anemia
  2. Mayo Clinic. (n.d.). Iron-deficiency anemia: Symptoms & causes. Retrieved July 23, 2025, from https://www.mayoclinic.org/diseases-conditions/iron-deficiency-anemia/symptoms-causes/syc-…
  3. Cleveland Clinic. (n.d.). Iron deficiency anemia. Retrieved July 23, 2025, from https://my.clevelandclinic.org/health/diseases/22824-iron-deficiency-anemia
  4. Government of British Columbia. (2023). Iron deficiency – diagnosis & management. Retrieved July 23, 2025, from https://www2.gov.bc.ca/gov/content/health/practitioner-professional-resources/bc-guidelines/iron-deficiency
  5. NHS. (n.d.). Side effects of ferrous sulfate. Retrieved July 23, 2025, from https://www.nhs.uk/medicines/ferrous-sulfate/side-effects-of-ferrous-sulfate/

Published: 30 August 2024

Last updated: 18 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.