Acute cholecystitis (သည်းခြေအိတ်ရောင်ခြင်း)

Acute cholecystitis (သည်းခြေအိတ်ရောင်ခြင်း)

သည်းခြေအိတ်ရောင်ခြင်းသည် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ အစာမကြေခြင်း၊ အစာအိမ်အောင့်ခြင်းတို့နှင့် မှားယွင်းကုသမိနေတတ်သဖြင့် မပျောက်ကင်းဘဲ နာတာရှည် ဝေဒနာခံစားနေရတတ်သည်။ သည်းခြေအိတ်ရောင်ခြင်းကို အချိန်မီ မကုသပါက သည်းခြေအိတ် ပြည်တည်ပေါက်သွားနိုင်ပြီး အသက်အန္တရာယ်ရှိသည်။
များသောအားဖြင့် သည်းခြေကျောက်ကြောင့် သည်းခြေရည်စီးဆင်းမှု ပိတ်ဆို့ပြီး သည်းခြေအိတ် ရောင်လေ့ရှိသည်။ အခြားအကြောင်းအရာများကြောင့်လည်း သည်းခြေအိတ်ရောင်စေနိုင်သည်။
သည်းခြေအိတ်သည် သေးငယ်သော သစ်တော်သီးပုံသဏ္ဌာန် အင်္ဂါတစ်ခုဖြစ်ပြီး ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း၊ အသည်း၏အောက်တွင် ကပ်လျက်တည်ရှိသည်။ ပုံမှန်အခြေအနေတွင် အသည်းမှ ထုတ်လုပ်သော သည်းခြေရည်များကို သည်းခြေပြွန်၊ သည်းခြေလမ်းကြောင်းများမှတစ်ဆင့် သည်းခြေအိတ်ထဲတွင် သိမ်းဆည်းထားသည်။ အစာခြေရန် လိုအပ်သည့်အခါ ချက်ချင်းထုတ်ပေးနိုင်ရန် သိုလှောင်ထားခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သည်းခြေကျောက်တည်ခြင်း

သည်းခြေရည်ပျစ်ခြင်း၊ အနည်ကျခြင်းတို့ကြောင့် ကာလကြာလျှင် သည်းခြေကျောက်အဖြစ် ပြောင်းလဲကာ သည်းခြေအိတ်ထွက်ပေါက် ပိတ်ဆို့ပြီး သည်းခြေအိတ်ရောင်နိုင်သည်။ သန်ကောင်နှင့် သန်ကောင်ဥများ သည်းခြေအိတ်ထဲရောက်ရှိပြီး အနည်များနှင့် ရောနှောလျှင် သည်းခြေကျောက်ဖြစ်ပေါ်နိုင်သည်။ အသက် (၄၀) ကျော် အမျိုးသမီးများ၊ ခန္ဓာကိုယ် ဝ သူများ၊ အဆီအဆိမ့် အစားများသူများသည် သည်းခြေကျောက်တည်နိုင်ခြေ ပိုများသည်။

အကျိတ်တည်ခြင်း

အကျိတ်ကြောင့် သည်းခြေအိတ်ထဲမှ သည်းခြေရည်များ ကောင်းစွာမထွက်နိုင်ရာမှ သည်းခြေရည်များ စုပုံအိုင်နေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသည်။

သည်းခြေပြွန်လမ်းကြောင်းများ ပိတ်ခြင်း

သည်းခြေပြွန်လမ်းကြောင်းများ ခေါက်ခြင်း၊ အမာရွတ်ဖြစ်ခြင်းတို့ကြောင့် သည်းခြေကျောက်တည်နိုင်သည်။

ရောဂါပိုးဝင်ခြင်း

အချို့သော အူလမ်းကြောင်းမှ ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ရောဂါပိုးများ၊ ခုခံအားကျဆင်းမှု၊ ကူးစက်ရောဂါပိုးတို့ကြောင့် သည်းခြေအိတ်ရောင်ရမ်းနိုင်သည်။

ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း

အလွန်ပြင်းထန်သော ရောဂါများ (ဥပမာ_သွေးဆိပ်တက်ခြင်း၊ ဆိုးရွားစွာ ခန္ဓာကိုယ် မီးလောင်ခံထားရခြင်း၊ ရက်ရှည်လများ အစာမစားနိုင်ခြင်း) ဖြစ်သည့်အခါ သည်းခြေအိတ် သွေးကြောများ ရောင်ခြင်း၊ သွေးစီးဆင်းမှုနည်းခြင်းတို့ကြောင့် သည်းခြေအိတ်ရောင်ရမ်းနိုင်သည်။

ရောဂါလက္ခဏာများ

သည်းခြေအိတ်ရောင်သောအခါ

  • ဝမ်းဗိုက် အပေါ်ပိုင်း၊ အလယ်ပိုင်း (သို့မဟုတ်) ညာဘက်အပေါ်ပိုင်းတွင် ပြင်းထန်စွာ အောင့်ခြင်း၊ နာခြင်း
  • ဗိုက်နာခြင်းနှင့်အတူ ကျော (သို့မဟုတ်) ညာဘက်ပခုံးပါ နာကျင်ခြင်း
  • ဝမ်းဗိုက်ကို အထိမခံနိုင်အောင် နာကျင်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဖျားခြင်း စသည့် လက္ခဏာများ ခံစားရတတ်သည်။

အထက်ပါ လက္ခဏာများသည် အစာစားပြီးချိန်တွင် ပိုမိုဖြစ်ပေါ်လေ့ရှိသည်။ အထူးသဖြင့် အစာများများ စားသည့်အခါ သို့မဟုတ် အဆီများသောအစာများ စားသည့်အခါ ထိုလက္ခဏာများ ခံစားရလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

သည်းခြေအိတ်ရောင်ရမ်းခြင်းကို အချိန်မီ မကုသလျှင် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်။

  • သည်းခြေရည်၊ သည်းခြေအိတ်အတွင်းရှိ ပိုးများ သွေးထဲရောက်ပြီး သွေးဆိပ်တက်ခြင်း
  • သည်းခြေအိတ်အတွင်း ပြည်တည်ခြင်း
  • သည်းခြေအိတ်ပုပ်ခြင်း
  • သည်းခြေအိတ်ပေါက်ခြင်း
ရောဂါရှာဖွေခြင်း

သည်းခြေအိတ်ရောင်ရမ်းသော လက္ခဏာများရှိပါက ဆရာဝန်သည် လူနာကို စမ်းသပ်ပြီး သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ ပြုလုပ်ရန် ညွှန်ကြားလိမ့်မည်။

  • သွေးစစ်ဆေးခြင်း
    သွေးအတွင်း ပိုးဝင်ထားသည့် လက္ခဏာ ရှိမရှိ၊ အသည်း၊ ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာများ ကောင်းမကောင်း စစ်ဆေးခြင်းဖြစ်သည်။
  • အာထရာဆောင်းရိုက်ခြင်း
    ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် သည်းခြေကျောက် တည်နေရာ၊ အရွယ်အစား၊ ပမာဏ၊ သည်းခြေအိတ်ရောင်ခြင်း ရှိမရှိတို့ကို သိရှိနိင်သည်။

လိုအပ်ပါက

  • ကွန်ပျူတာဓာတ်ရိုက်ခြင်း (CT scan)
  • သည်းခြေလမ်းကြောင်း သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRCP – Magnetic resonance cholangiopancreatography)
  • အသည်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်းများအတွင်း သည်းခြေရည်စီးဆင်းမှု စစ်ဆေးခြင်း
  • အစာအိမ်မှန်ပြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း စသည်တို့ ဆက်လက် ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကုသခြင်း

သည်းခြေအိတ်ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေရန် ဆေးရုံတက်ရောက်ကုသရမည်။ အချို့အခြေအနေများတွင် ခွဲစိတ်ကုသရန်အထိ လိုအပ်နိုင်သည်။

ဆေးရုံတွင် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသပေးနိုင်သည်။

  • သည်းခြေအိတ်ကို အနားပေးရန်အတွက် အစာ၊ အရည်များ စားသုံးခြင်းကို တားမြစ်ခြင်း
  • သွေးကြောများအတွင်း လိုအပ်သော ဆေးရည်များသွင်းခြင်း
  • ရောဂါပိုးများသေစေရန် ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြုခြင်း
  • နာကျင်မှု သက်သာစေရန် အနာပျောက်ဆေးများပေးခြင်း
  • သည်းခြေကျောက်ကြောင့်ဖြစ်ပါက သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ထုတ်ခြင်း (Cholecystectomy)
  • သည်းခြေအိတ် ပြည်တည်ပါက အရေးပေါ် ခွဲစိတ်ကုသမှုပြုပြီး သည်းခြေအိတ်ထုတ်ခြင်း
  • လူနာသည် ခွဲစိတ်မှုအတွက် ခံနိုင်ရည် မရှိပါက ပြည်ရှိနေသောနေရာကို အာထရာဆောင်းဖြင့်ကြည့်ပီး ပြည်ကို စုပ်ထုတ်ခြင်း

မှတ်ချက်
သည်းခြေအိတ်ထုတ်သော ခွဲစိတ်မှုကို ဝမ်းဗိုက်ကိုအပေါက်ဖောက်၍ မှန်ပြောင်းဖြင့်ခွဲစိတ်ကုသမှု (keyhole surgery/ laparoscopic surgery) ဖြင့်ပြုလုပ်ကြသည်။ ခွဲစိတ်ပြီး နာကျင်ခံစားရမှုနည်းပြီး နာလန်ထ မြန်သောကြောင့်ဖြစ်သည်။ မှန်ပြောင်းနည်းဖြင့် မအောင်မြင်မှသာလျှင် ဝမ်းဗိုက်ကို ခွဲကြောင်းပေး၍ ခွဲစိတ်ကုသသည်။

ကာကွယ်ခြင်း

သည်းခြေအိတ်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ရန် အောက်ပါအချက်များ လိုက်နာရန် လိုအပ်သည်။

  • ကိုယ်အလေးချိန်အား ရုတ်တရက် မြန်မြန်မချဘဲ တဖြည်းဖြည်းအချိန်ယူ၍ ကျအောင် ပြုလုပ်ပါ
  • အဝလွန်ခြင်းသည် သည်းခြေကျောက်တည်ခြင်းကို အားပေးသောကြောင့် ကိုယ်အလေးချိန်ထိန်းရန် လိုအပ်သည်၊ ကယ်လိုရီလျှော့စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် မိမိကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးပါ၊ အဆီများသော အစာများ၊ အမျှင်ဓာတ်နည်းသော အစာများသည် သည်းခြေကျောက်တည်ခြင်းကို အားပေးသောကြောင့် ရှောင်သင့်သည်

References:

  1. Mayo Clinic. (n.d.). Cholecystitis – Symptoms and causes. Retrieved June 7, 2025, from https://www.mayoclinic.org/diseases-conditions/cholecystitis/symptoms-causes/syc-20364867
  2. WebMD. (2024). Cholecystitis. Retrieved June 7, 2025, from https://www.webmd.com/digestive-disorders/what-is-cholecystitis
  3. Adair, R., & Peckham-Cooper, A. (2022). Gallstones. In Oxford handbook of clinical surgery (5th ed., pp. 412–413). Oxford University Press.
  4. Avinash, N. S., & Ramkrishna, Y. P. (2023). The gallbladder and bile ducts. In Bailey & Love’s short practice of surgery (28th ed., pp. 1232–1259). CRC Press.

Published: 30 August 2024

Last updated: 2 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.