Anterior Cervical Discectomy and Fusion (ACDF) (လည်ပင်းရိုးအဆစ်များ ပူးဆက်စေရန် ခွဲစိတ်ကုသခြင်း)

Anterior Cervical Discectomy and Fusion (ACDF) (လည်ပင်းရိုးအဆစ်များ ပူးဆက်စေရန် ခွဲစိတ်ကုသခြင်း)

လည်ပင်းအရိုးဆစ်ကြားရှိ ပျက်စီးနေသော အရိုးနုပြား (Intervertebral Disc) ကို လည်ပင်းရှေ့ဘက်မှ ခွဲစိတ်ဖယ်ရှားပြီး၊ အာရုံကြောမကြီးနှင့် အာရုံကြောများကို ပိမိနေသော ဖိအားလျှော့ချပေးကာ လည်ပင်းရိုးအဆစ်များကို တစ်ဆက်တည်းဖြစ်အောင် ပူးဆက်ပေးခြင်းကို Anterior Cervical Discectomy and Fusion (ACDF) ဟုခေါ်သည်။ ACDF ခွဲစိတ်ကုသမှုသည် လည်ပင်းနာခြင်း၊ လက်မောင်းနှင့် လက်ချောင်းများသို့ ပြန့်နှံ့သော နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ကို ကုသပေးနိုင်သော ခေတ်မီကျောရိုးခွဲစိတ်နည်းတစ်ခုဖြစ်သည်။

ACDF ခွဲစိတ်မှုတွင် ပျက်စီးနေသော အရိုးနုပြားကို ဖယ်ရှားပြီးနောက် အရိုးအစားထိုးပစ္စည်း (Bone graft) ဖြည့်ထားသော ကြားခံပစ္စည်းသတ္တုအိမ် (Interbody Cage) ထည့်သွင်း၍ လည်ပင်းရိုးအဆစ်များကို ပူးဆက်စေသည်။ လိုအပ်ပါက သတ္တုပြား (Cervical Plate) နှင့် ဝက်အူများ အသုံးပြုခြင်းဖြင့် လည်ပင်းအရိုးဆစ်ကို ပိုမိုတည်ငြိမ်စေသည်။ ခွဲစိတ်ပြီးနောက် လည်ပင်းလှုပ်ရှားနိုင်မှု အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း နာကျင်မှုမှာ သိသိသာသာ သက်သာလာနိုင်သည်။ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် ပုံမှန်အားဖြင့် ၆ လ မှ ၁ နှစ်ခန့် ကြာနိုင်သည်။

လည်ပင်းရိုးအဆစ်များ ပူးဆက်စေရန် ခွဲစိတ်ကုသမှု လိုအပ်သော ရောဂါအခြေအနေများ

ACDF ခွဲစိတ်ကုသခြင်းသည် လည်ပင်းရိုးကို တည်ငြိမ်စေရန်၊ ဖိမိနေသော အာရုံကြောများကို ဖိအားဒဏ်မှလွတ်မြောက်စေရန်နှင့် နာကျင်မှုကို လျှော့ချရန် ရည်ရွယ်သည်။ ခွဲစိတ်ကုသမှု လိုအပ်ခြင်း ရှိမရှိကို ရောဂါလက္ခဏာများ၊ အာရုံကြောစမ်းသပ်မှု၊ ဓာတ်မှန်၊ သံလိုက်ဓာတ်မှန် (MRI) တွေ့ရှိချက်များနှင့် မခွဲစိတ်ဘဲ ကုသမှုရလဒ်များအပေါ် မူတည်၍ ဆုံးဖြတ်သည်။

ACDF ခွဲစိတ်ကုသမှုကို အောက်ပါအခြေအနေများတွင် လုပ်ဆောင်နိုင်သည်။

  • လည်ပင်းရိုး အရိုးနုပြားကျွံထွက်ခြင်း (Cervical Disc Herniation) – ပျက်စီးနေသော အရိုးနုပြားမှ အာရုံကြောကို ဖိမိ၍ လည်ပင်းနာခြင်း၊ လက်မောင်းနာခြင်း၊ ထုံကျဉ်ခြင်းနှင့် ကြွက်သားအားနည်းခြင်း ဖြစ်စေနိုင်သည်
  • အသက်အရွယ်ကြီးလာ၍ လည်ပင်းရိုး အရိုးနုပြား ပျက်စီးခြင်း (Cervical Degenerative Disc Disease) – အသက်အရွယ်ကြီးလာခြင်းကြောင့် အရိုးနုပြားများ ပျက်စီးလာပြီး လည်ပင်းနာခြင်းနှင့် အာရုံကြောဖိမိခြင်း ဖြစ်နိုင်သည်
  • လည်ပင်းရိုး အာရုံကြောလမ်းကြောင်းကျဉ်းခြင်း (Cervical Foraminal Stenosis) – အာရုံကြောထွက်ပေါက် ကျဉ်းလာ၍ လက်မောင်းနာခြင်းနှင့် လက်ကြွက်သားအားနည်းခြင်း ဖြစ်စေနိုင်သည်
  • လည်ပင်းအာရုံကြောမကြီး ဖိမိခြင်း (Cervical Myelopathy) – အာရုံကြောမကြီး ဖိမိနေသဖြင့် လက်၊ ခြေ ကြွက်သားအားနည်းခြင်း၊ လမ်းလျှောက်ရာတွင် တည်ငြိမ်မှုမရှိခြင်း၊ လက်ဖြင့်ကိုင်ထားသည့်ပစ္စည်းများ မကြာခဏ လွတ်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • လည်ပင်းရိုး မတည်ငြိမ်ခြင်း (Cervical Instability) – ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ကနဦးခွဲစိတ်ကုသမှုတစ်ခုခုကြောင့်ဖြစ်စေ၊ သို့မဟုတ် အသက်အရွယ်ကြောင့် လည်ပင်းရိုး အရိုးနုပြားပျက်စီးကာ လည်ပင်းရိုးမတည်ငြိမ်မှု ဖြစ်ပေါ်လာသောအခါ ဤခွဲစိတ်မှု လိုအပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
  • ခွဲစိတ်ကုသမည့်ဆရာဝန်မှ ရောဂါရာဇဝင်၊ အာရုံကြောစမ်းသပ်မှု၊ လည်ပင်းလှုပ်ရှားမှုနှင့် အထွေထွေကျန်းမာရေးကို စစ်ဆေးမည်
  • ဓာတ်မှန် (X-ray) နှင့် သံလိုက်ဓာတ်မှန် (MRI) သည် အရိုးနုပြားပျက်စီးမှုနှင့် အာရုံကြောဖိမိမှုကို အတည်ပြုရန် လိုအပ်သည်
  • လိုအပ်ပါက ကွန်ပြူတာဓာတ်မှန် (CT Scan) ကိုလည်း ပြုလုပ်နိုင်သည်
  • ခွဲစိတ်နည်းလမ်း၊ အကျိုးကျေးဇူး၊ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများကို ခွဲစိတ်ဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားသင့်သည်
  • အသုံးပြုမည့် အစားထိုးပစ္စည်းများနှင့် အရိုးအစားထိုးခြင်းအကြောင်းကို သိရှိထားသင့်သည်
  • ဆေးလိပ်သောက်ခြင်းသည် အရိုးပူးဆက်မှု (Fusion) ကို ကြန့်ကြာစေနိုင်သဖြင့် ခွဲစိတ်မှုမတိုင်မီ အနည်းဆုံး (၄) ပတ် ကြိုတင်၍ ရပ်နားသင့်သည်
  • သွေးကျဲဆေးများ (Aspirin,Clopidogrel, Warfarin) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကြိုတင်ရပ်နားရမည်
  • ခွဲစိတ်မှုသည် ပုံမှန်အားဖြင့် (၁) နာရီခွဲ မှ (၃) နာရီခန့် ကြာမြင့်နိုင်သည်
  • ပုံမှန်အားဖြင့် ဆေးရုံတွင် (၁) ရက် မှ (၃) ရက်ခန့် တက်ရနိုင်သည်
  • အချို့သော လူနာများတွင် လည်ပင်းထိန်းကော်လာ (Cervical Collar) ကို အချိန်အတိုင်းအတာ တစ်ခုအထိ ဝတ်ဆင်ရနိုင်သည်
  • ပုံမှန်နေ့စဉ်လှုပ်ရှားမှုများကို (၂-၄) ပတ်အတွင်း ပြန်လည်လုပ်ဆောင်နိုင်သော်လည်း အရိုးပူးဆက်မှု အပြည့်အဝ ဖြစ်ရန် (၃-၆) လခန့် ကြာနိုင်သည်
  • ခွဲစိတ်ကုသမှု၏ ရလဒ်သည် လူနာတစ်ဦးချင်းစီ၏ ရောဂါအခြေအနေ၊ အာရုံကြောထိခိုက်မှုပမာဏ၊ ရောဂါဖြစ်ပွားခဲ့သည့် ကြာချိန်၊ အထွေထွေကျန်းမာရေးအခြေအနေနှင့် ခွဲစိတ်ပြီးနောက် လိုက်နာဆောင်ရွက်မှုတို့ပေါ် မူတည်၍ ကွာခြားနိုင်သည်
  • ခွဲစိတ်ကုသမှု၏ အောင်မြင်မှုနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၈၅% မှ ၉၅% အထိရှိသည်။
ခွဲစိတ်ပုံအဆင့်ဆင့်

လည်ပင်းကျောရိုးရှေ့ဘက်မှ အရိုးနုပြားဖယ်ရှား၍ ကျောရိုးဆစ်များ ပူးဆက်စေသော ခွဲစိတ်ကုသခြင်း (Anterior Cervical Discectomy and Fusion, ACDF) ကို ပုံမှန်ခွဲစိတ်နည်း (Open surgery) သို့မဟုတ် အဏုကြည့်မှန်ပြောင်းအကူအညီဖြင့် ခွဲစိတ်နည်း (Microscope-assisted surgery) ဖြင့် ဆောင်ရွက်နိုင်သည်။ ခွဲစိတ်နေစဉ် အဏုကြည့်ခွဲစိတ်မှန်ပြောင်း (Microscope) သို့မဟုတ် ခွဲစိတ်ကြည့်မျက်မှန် (Surgical Loupes) ကို အသုံးပြုခြင်းဖြင့် ခွဲစိတ်နေရာကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ခွဲစိတ်မှုကို ပိုမိုတိကျသေချာစွာ ဆောင်ရွက်နိုင်သည်။

မခွဲစိတ်မီ ကြိုတင်ပြင်ဆင်ခြင်း
  • ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည်များ ဖြတ်ထားရန် မေ့ဆေးဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရမည်၊ ပုံမှန်အားဖြင့် အစာအမာများကို ခွဲစိတ်မှုမပြုလုပ်မီ (၆) နာရီမတိုင်မီကတည်းက မစားမသောက်ရပါ
  • သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသည့် နာတာရှည်ရောဂါများအတွက် သောက်သုံးနေသောဆေးဝါးများကို ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးရန် သို့မဟုတ် ယာယီရပ်နားရန် လိုအပ်သည်
  • သွေးကျဲစေသော ဆေးဝါးများကို ခွဲစိတ်မှုမတိုင်မီ သင့်တော်သော ကာလအလိုတွင် ခွဲစိတ်ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ယာယီရပ်နားရမည်
  • ဆေးလိပ်သောက်သူများသည် ခွဲစိတ်မှုမတိုင်မီ အနည်းဆုံး (၄) ပတ်ခန့် ကြိုတင်၍ ဆေးလိပ်ဖြတ်ထားပါက အနာကျက်မြန်စေပြီး အရိုးပေါင်းစည်းနိုင်မှုကိုလည်း အထောက်အကူပြုကာ ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေသည်
  • ခွဲစိတ်ခန်းသို့ မဝင်မီ မေ့ဆေးဆရာဝန်က မေ့ဆေးပေးမည့်နည်းလမ်း၊ အကျိုးကျေးဇူးများ၊ ဖြစ်နိုင်သည့် အန္တရာယ်များနှင့် သတိပြုရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး လူနာ၏ သဘောတူခွင့်ပြုချက် ရယူမည်ဖြစ်သည်။
ACDF ခွဲစိတ်ကုသပုံ အဆင့်ဆင့်
  1. မေ့ဆေးပေးခြင်းနှင့် လူနာနေရာချထားခြင်း
    • လူနာအား မေ့ဆေး (General Anaesthesia) ပေးပြီးနောက် ခွဲစိတ်ခုတင်ပေါ်တွင် ပက်လက်အနေအထား (Supine Position) ဖြင့် နေရာချထားသည်
    • လည်ပင်းကို အနည်းငယ် နောက်သို့ဆန့်ထားပြီး အထူးခေါင်းအုံး (Head Ring) အသုံးပြုကာ ခေါင်းကို အနေအထားမှန်ကန်စွာ တည်ငြိမ်မှုရှိစေသည်
  2. ခွဲစိတ်ရမည့် လည်ပင်းအရိုးဆစ်နံပါတ်ကို အတည်ပြုခြင်း
    • ခွဲကြောင်းမပေးမီ ခွဲစိတ်ခန်းသုံး ဓာတ်မှန် (C-arm Fluoroscopy) ဖြင့် ခွဲစိတ်ရမည့် လည်ပင်းကျောရိုးနံပါတ် (ဥပမာ – C4/5၊ C5/6၊ C6/7) ကို တိကျစေရန် အတည်ပြုသည်
    • ဤအဆင့်သည် လည်ပင်းရိုးနေရာကို မှားယွင်းခွဲစိတ်မိခြင်း မဖြစ်စေရန် အလွန်အရေးကြီးသည်
  3. ခွဲကြောင်းပေးခြင်း (Skin Incision)
    • လည်ပင်းရှေ့ဘက် ညာဘက်ပိုင်း သို့မဟုတ် ဘယ်ဘက်ပိုင်းတွင် အရေပြားအရေးအကြောင်း (Skin Crease) အတိုင်း (၃ – ၅) စင်တီမီတာခန့် အလျားလိုက် ခွဲကြောင်းပေးသည်
    • ဤနည်းလမ်းသည် ခွဲစိတ်ဒဏ်ရာအမာရွတ်ကို မသိသာဘဲရှိစေကာ အလှအပအတွက် ပိုမိုကောင်းမွန်သည်
  4. လည်ပင်းရှေ့ဘက်မှ လည်ပင်းအရိုးဆစ်သို့ ရောက်ရှိခြင်း
    • အရေပြား၊ အဆီလွှာနှင့် လည်ပင်းအပေါ်ယံကြွက်သား (Platysma) ကို ဖြတ်သန်းပြီးနောက် လည်ပင်းသွေးကြောအစု (Carotid Sheath) ကို ဘေးဘက်သို့၊ လေပြွန် (Trachea) နှင့် အစာရေပြွန် (Oesophagus) ကို အတွင်းဘက်သို့ အသာအယာ ဖယ်ထား၍ လည်ပင်းကျောရိုး၏ ရှေ့မျက်နှာပြင်သို့ ရောက်ရှိသည်
    • ဤအဆင့်တွင် အနီးအနားရှိ အာရုံကြောများကို မထိခိုက်စေရန် အထူးဂရုစိုက်ရသည်
    • ထို့နောက် ခွဲစိတ်နေရာချဲ့ပစ္စည်း (Retractor) ကို အသုံးပြု၍ ခွဲစိတ်နေရာကို ရှင်းလင်းစွာ မြင်နိုင်အောင် ပြုလုပ်သည်
  5. အရိုးနုပြား ဖယ်ရှားခြင်း
    • ပျက်စီးနေသော အရိုးနုပြား (Disc) ကို ဖယ်ရှားပြီး လိုအပ်ပါက အဏုကြည့်ခွဲစိတ်မှန်ပြောင်း (Microscope) သို့မဟုတ် ခွဲစိတ်ကြည့်မျက်မှန် (Surgical Loupe) ကို အသုံးပြု၍ ပိုမိုတိကျစွာ ခွဲစိတ်ဆောင်ရွက်သည်
    • အရိုးနုပြားအပိုင်းအစများနှင့် အရိုးစ(Osteophyte) များကိုလည်း ဖယ်ရှားပေးသည်
  6. အာရုံကြောပေါ်ရှိ ဖိအားကို လျှော့ချခြင်း (Neural Decompression)
    • အကယ်၍ ကျောရိုးနောက်ဘက်ရှိ အလျား လိုက်တည်ရှိသောအရွတ် (Posterior Longitudinal Ligament, PLL) သည် ထူထဲနေခြင်း၊ ဖောင်းကြွနေခြင်းကို တွေ့ရပါက ၎င်းကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ဖယ်ရှားခြင်း ပြုလုပ်သည်
    • ထိုသို့ပြုလုပ်ခြင်းဖြင့် အာရုံကြောမကြီး (Spinal Cord) နှင့် အာရုံကြောအမြစ်များ (Nerve Roots) ပေါ်ရှိ ဖိအားကို အပြည့်အဝ လျှော့ချပေးသည်
    • ဤအဆင့်ပြီးပါက လက်မောင်းနာခြင်း၊ ထုံကျဉ်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ကို ဖြစ်စေသော အာရုံကြောဖိမိမှုကို ဖယ်ရှားပြီးဖြစ်သည်
  7. လည်ပင်းရိုးဆစ်၏ မျက်နှာပြင် ပြင်ဆင်ခြင်း (Endplate Preparation)
    • လည်ပင်းရိုးဆစ်နှစ်ခု၏ မျက်နှာပြင် (Endplate) ကို အထူးခွဲစိတ်ကိရိယာများဖြင့် ဂရုတစိုက် သန့်စင်ပြင်ဆင်၍ အရိုးပူးဆက်မှု ကောင်းမွန်စွာ ဖြစ်ပေါ်နိုင်ရန် ပြုလုပ်သည်
    • သို့သော် အရိုးဆစ်မျက်နှာပြင်ကို အလွန်အကျွံ မခြစ်ထုတ်ရဘဲ အောက်ခံအရိုး (Subchondral Bone) ၏ ခိုင်မာမှုကို ထိန်းသိမ်းထားရန် အရေးကြီးသည်
    • သို့မှသာ လည်ပင်းရိုးဆစ်နှစ်ခုကြား ကြားခံပစ္စည်းသတ္တုအိမ် (Cage) နစ်ဝင်ခြင်း (Cage Subsidence) ကို လျော့နည်းစေပြီး အရိုးပူးဆက်မှုကို ပိုမိုကောင်းမွန်စေသည်
  8. စမ်းသပ်ကြားခံပစ္စည်းသတ္တုအိမ်ဖြင့် အရွယ်အစားရွေးချယ်ခြင်း (Trial Cage Selection)
    • စမ်းသပ်ကြားခံပစ္စည်းသတ္တုအိမ် (Trial Cage) ကို အသုံးပြု၍ လည်ပင်းအရိုးဆစ်ကြား အကွာအဝေးနှင့် ကိုက်ညီသော
      • အမြင့် (Height)
      • အရွယ်အစား (Footprint)
      • ကျောရိုး၏ သဘာဝကွေးညွတ်မှုနှင့် ကိုက်ညီသော ထောင့် (Lordotic Angle) တို့ကို အကဲဖြတ်ကာ လူနာနှင့် အသင့်တော်ဆုံး ကြားခံပစ္စည်းသတ္တုအိမ် (Interbody Cage) ကို ရွေးချယ်သည်။
    • ထိုသို့ရွေးချယ်ခြင်းဖြင့် လည်ပင်းရိုး၏ သဘာဝအနေအထားကို ပြန်လည်ထိန်းသိမ်းပေးပြီး အာရုံကြောအမြစ်အတွက် နေရာပိုမိုကျယ်ဝန်းစေကာ အရိုးပူးဆက်မှု ကောင်းမွန်စေရန် အထောက်အကူပြုသည်
  9. ကြားခံပစ္စည်းသတ္တုအိမ် ထည့်သွင်းခြင်း (Interbody Cage Insertion)
    • ရွေးချယ်ထားသော ကြားခံပစ္စည်းသတ္တုအိမ် (Interbody Cage) အတွင်းသို့
      • လူနာ၏ ကိုယ်ပိုင်အရိုး (Autograft)
      • အလှူရှင်အရိုး (Allograft)
      • အရိုးအစားထိုးပစ္စည်း (Synthetic Bone Substitute) တို့အနက် သင့်လျော်သော အရိုးအစားထိုးပစ္စည်းကို ထည့်သွင်းပြီး အရိုးနုပြား ဖယ်ရှားထားသော နေရာ (Disc Space) အတွင်းသို့ ဂရုတစိုက် ထည့်သွင်းသည်။
    • ထို့နောက် ခွဲစိတ်ခန်းသုံး ဓာတ်မှန် (C-arm Fluoroscopy) ဖြင့် ကြားခံပစ္စည်းသတ္တုအိမ်၏ အနေအထား၊ အမြင့်နှင့် တည်ငြိမ်မှုကို ထပ်မံ အတည်ပြုသည်
  10. သတ္တုပြားနှင့် ဝက်အူတပ်ဆင်ခြင်း (Cervical Plate Fixation)
    လိုအပ်သော လူနာများတွင် တိုက်တေနီယမ် သတ္တုပြား (Titanium Cervical Plate) ကို လည်ပင်းရိုး၏ ရှေ့မျက်နှာပြင်တွင် တပ်ဆင်ပြီး အပေါ်နှင့် အောက် လည်ပင်းရိုးဆစ်များသို့ ဝက်အူများ (Screws) ထည့်သွင်း၍ ခိုင်မာစွာ တပ်ဆင်သည်။
    • ဤနည်းလမ်းသည်
      • လည်ပင်းရိုး၏ တည်ငြိမ်မှု (Stability) ကို တိုးတက်စေခြင်း
      • လည်ပင်းရိုးဆစ်ကြား ကြားခံပစ္စည်းသတ္တုအိမ် (Cage)နေရာ မရွေ့စေရန် ထိန်းသိမ်းပေးခြင်း
      • လည်ပင်းရိုး၏ သဘာဝကွေးညွတ်မှု (Lordosis) ကို ထိန်းသိမ်းပေးခြင်း
      • အရိုးပူးဆက်မှု (Fusion) ကောင်းမွန်စေရန် အထောက်အကူပြုခြင်း တို့အတွက် အသုံးဝင်သည်။
  11. နောက်ဆုံး ဓာတ်မှန်ရိုက်စစ်ဆေးခြင်း
    • ခွဲစိတ်မှုပြီးဆုံးခါနီးတွင် ခွဲစိတ်ခန်းသုံး ဓာတ်မှန် (C-arm Fluoroscopy) ဖြင့်
      • လည်ပင်းရိုးဆစ်ကြားရှိ ကြားခံပစ္စည်းသတ္တုအိမ် (Cage)
      • လည်ပင်းရိုးရှိတပ်ဆင်ထားသော သတ္တုပြား (Cervical Plate)
      • ဝက်အူများ (Screws) များ၏ အနေအထား မှန်ကန်မှု၊ လည်ပင်းရိုးဆစ်ကြား အမြင့် (Disc Height) နှင့် လည်ပင်းရိုး၏ အနေအထား (Alignment) တို့ကို နောက်ဆုံးအကြိမ် အတည်ပြုစစ်ဆေးသည်။
  12. သွေးတိတ်စေခြင်းနှင့် ခွဲကြောင်းပိတ်ခြင်း
    • ခွဲစိတ်မှုပြီးဆုံးချိန်တွင် ခွဲစိတ်နေရာ၌ သွေးထွက်မှုမရှိစေရန် (Hemostasis) သေချာစွာ စစ်ဆေးပြုလုပ်သည်။ လိုအပ်ပါက သွေးထုတ်ပိုက် (Drain) ကို ယာယီ ထည့်သွင်းနိုင်သည်
    • ထို့နောက်လည်ပင်းအပေါ်ယံကြွက်သား (Platysma) ၊အရေပြားအောက် အဆီလွှာ (Subcutaneous Tissue) နှင့် အရေပြား (Skin) တို့ကို အလွှာလိုက် ပြန်လည်ချုပ်ပေးသည်
    • ဤအဆင့်သည် အနာကျက်မြန်စေရန်၊ ပိုးဝင်ခြင်းနှင့် သွေးယိုစိမ့်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေရန် အရေးကြီးသည်
ခွဲစိတ်ပြီးနောက် ကနဦးစောင့်ရှောက်မှု
  • ခွဲစိတ်မှုပြီးဆုံးပြီးနောက် လူနာအား စောင့်ကြည့်ခန်း တွင် (၁) မှ (၂) နာရီခန့် စောင့်ကြည့်ပြီး အတွင်းလူနာအခန်းသို့ ပြန်လည်ပို့ဆောင်သည်
  • ခွဲစိတ်ပြီးနောက်
    • သွေးပေါင်ချိန်
    • နှလုံးခုန်နှုန်း
    • အသက်ရှူနှုန်း
    • သွေးအတွင်း အောက်ဆီဂျင်ပမာဏ
    • လက်နှင့်ခြေ၏ အာရုံကြောလုပ်ဆောင်မှုတို့ကို ပုံမှန်စစ်ဆေးမည်။
  • နာကျင်မှုသက်သာစေသော ဆေးများ၊ လိုအပ်ပါက ပိုးသတ်ဆေးများကို ပေးမည်ဖြစ်ပြီး လူနာအား နောက်တစ်နေ့တွင် ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ရန် အားပေးမည်
  • လိုအပ်သော လူနာများတွင် လည်ပင်းထိန်း ကော်လာ(Cervical Collar) ကို ခေတ္တအသုံးပြုနိုင်သည်
ခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ

ACDF ခွဲစိတ်ကုသမှု၏ အဓိကကောင်းကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • လည်ပင်းနာကျင်မှုနှင့် လက်မောင်းသို့ ပြန့်နှံ့သော နာကျင်မှုကို သက်သာစေခြင်း – ဖိမိနေသော အာရုံကြောများကို ဖိအားလွတ်စေခြင်းကြောင့် နာကျင်မှုကို ထိရောက်စွာ လျော့နည်းစေနိုင်သည
  • ထုံကျဉ်ခြင်းနှင့် ကြွက်သားအားနည်းခြင်းကို တိုးတက်ကောင်းမွန်စေခြင်း – အာရုံကြောလုပ်ဆောင်မှု ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ပြန်လည်ကောင်းမွန်မှု အတိုင်းအတာမှာ လူနာတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်
  • အာရုံကြောမကြီးကို ကာကွယ်ပေးခြင်း – အာရုံကြောမကြီးဖိမိနေသော လူနာများတွင် ရောဂါပိုမိုဆိုးရွားလာခြင်းကို ကာကွယ်နိုင်ပြီး လမ်းလျှောက်ခြင်း၊ လက်အသုံးပြုခြင်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်းတို့ကို တိုးတက်လာစေနိုင်သည်
  • လည်ပင်းရိုးကို ပိုမိုတည်ငြိမ်စေခြင်း – လည်ပင်းရိုးဆစ်ကြား အစားထိုးသတ္တုအိမ်(Interbody Cage)၊ အရိုးအစားထိုးပစ္စည်း (Bone Graft) နှင့် လိုအပ်ပါက လည်ပင်းရိုးကို သတ္တုပြား (Cervical Plate)နှင့် ဝက်အူ အသုံးပြု၍ လည်ပင်းရိုးဆစ်များကို ခိုင်မာစွာ ပူးဆက်ပေးသည်
  • လည်ပင်းရိုး၏ ပုံမှန်ဖွဲ့စည်းပုံကို ပြန်လည်ထိန်းသိမ်းပေးခြင်း – လည်ပင်းရိုးဆစ်ကြား အမြင့် (Disc Height) နှင့် လည်ပင်းကျောရိုး၏ သဘာဝကွေးညွတ်မှု (Cervical Lordosis) ကို ပြန်လည်ထိန်းသိမ်းပေးကာ အာရုံကြောထွက်ပေါက် (Neural Foramen) ကို ပိုမိုကျယ်ဝန်းစေသည်
  • နေ့စဉ်ဘဝ အရည်အသွေးကို တိုးတက်စေခြင်း – နာကျင်မှု လျော့နည်းလာပြီး အာရုံကြောလုပ်ဆောင်မှု ကောင်းမွန်လာခြင်းကြောင့် နေ့စဉ်လှုပ်ရှားမှုများနှင့် အလုပ်လုပ်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်သည်
  • အောင်မြင်မှုနှုန်း မြင့်မားခြင်း – ACDF သည် ကမ္ဘာတစ်ဝန်းတွင် အများဆုံးပြုလုပ်သည့် လည်ပင်းရိုးခွဲစိတ်မှုများအနက် တစ်ခုဖြစ်ပြီး သင့်တော်သော လူနာများတွင် နာကျင်မှုသက်သာမှုနှင့် အရိုးပူးဆက်မှု ရလဒ်ကောင်းများကို ရရှိနိုင်သော ခွဲစိတ်နည်းဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် လည်ပင်းရိုးရှေ့ဘက်မှ အရိုးနုပြားဖယ်ရှား၍ ကျောရိုးဆစ်များပူးဆက်စေသော ခွဲစိတ်ကုသမှု (Anterior Cervical Discectomy and Fusion, ACDF) သည် ဘေးကင်းပြီး အောင်မြင်မှုမြင့်မားသော ခွဲစိတ်နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အခြားခွဲစိတ်မှုများကဲ့သို့ပင် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

  • ပိုးဝင်ခြင်း (Infection) – ခွဲစိတ်ဒဏ်ရာတွင် ပိုးဝင်ခြင်း သို့မဟုတ် အလွန်ရှားပါးစွာ လည်ပင်းရိုးအတွင်း ပိုးဝင်ခြင်း ဖြစ်နိုင်သည်
  • ဒဏ်ရာကျက်နှေးခြင်း (Poor Wound Healing) – ဆီးချိုရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများနှင့် အာဟာရချို့တဲ့သူများတွင် ဒဏ်ရာကျက်နှေးနိုင်သည်
  • သွေးထွက်ခြင်း သို့မဟုတ် သွေးခဲစုပုံခြင်း (Bleeding / Hematoma) – ခွဲစိတ်ပြီးနောက် လည်ပင်းတွင် သွေးစုပုံခြင်း (Neck Hematoma) သည် ရှားပါးသော်လည်း အသက်ရှူလမ်းကြောင်းကို ဖိနှိပ်နိုင်သဖြင့် အရေးပေါ်ကုသမှု လိုအပ်နိုင်သည်
  • အသံပြောင်းခြင်း (Hoarseness) – ခွဲစိတ်စဉ် အာရုံကြောများကို ဆွဲဖယ်ထားခြင်း၊ လည်ချောင်းရောင်ရမ်းခြင်း သို့မဟုတ် အသံအာရုံကြော (Recurrent Laryngeal Nerve) ကို ယာယီထိခိုက်ခြင်းတို့ကြောင့် အသံဝင်ခြင်း သို့မဟုတ် အသံဩခြင်း ဖြစ်နိုင်သည်၊ အများစုမှာ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာတတ်သည်
  • မျိုချရခက်ခြင်း (Dysphagia) – ခွဲစိတ်ပြီးနောက် လည်ချောင်းရောင်ရမ်းခြင်းကြောင့် အစာမျိုရခက်ခြင်း ဖြစ်နိုင်ပြီး အများအားဖြင့် ယာယီသာဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ သက်သာသွားတတ်သည်
  • အစာရေပြွန် ထိခိုက်ခြင်း (Oesophageal Injury) – အလွန်ရှားပါးသော်လည်း ခွဲစိတ်စဉ် အစာရေပြွန် ထိခိုက်နိုင်သည်
  • လေပြွန် ထိခိုက်ခြင်း (Tracheal Injury) – အလွန်ရှားပါးသော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်
  • သွေးကြော ထိခိုက်ခြင်း (Vascular Injury) – လည်ပင်းသွေးလွှတ်ကြော (Carotid Artery) သို့မဟုတ် ကျောရိုးသွေးလွှတ်ကြော (Vertebral Artery) ထိခိုက်နိုင်သော်လည်း အလွန်ရှားပါးသည်
  • အာရုံကြောအမြစ် သို့မဟုတ် အာရုံကြောမကြီး ထိခိုက်ခြင်း (Nerve Root or Spinal Cord Injury) – အလွန်ရှားပါးသော်လည်း လက် သို့မဟုတ် ခြေအားနည်းခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် အမြဲတမ်း အာရုံကြောထိခိုက်မှု ဖြစ်နိုင်သည်
  • အရိုး မပူးဆက်ခြင်း (Pseudoarthrosis / Non-union) – လည်ပင်းရိုးဆစ်များ လုံးဝမပူးဆက်သွားခြင်း ဖြစ်နိုင်ပြီး ဆေးလိပ်သောက်သူများ၊ အရိုးပွရောဂါရှိသူများနှင့် လည်ပင်းရိုးဆစ်အဆင့်များစွာ ပူးဆက်ထားသော လူနာများတွင် ပိုမိုတွေ့ရနိုင်သည်
  • သတ္တုပစ္စည်းများ ချောင်ခြင်း သို့မဟုတ် ရွေ့လျားခြင်း (Implant Failure) – သတ္တုပြား (Plate)၊ ဝက်အူ (Screws) သို့မဟုတ် လည်ပင်းရိုးဆစ်ကြား အစားထိုးသတ္တုအိမ်(Cage) များ ချောင်ခြင်း၊ ရွေ့လျားခြင်း သို့မဟုတ် ရှားပါးစွာ ကျိုးပျက်ခြင်း ဖြစ်နိုင်သည်
  • အနီးကပ်ရှိ လည်ပင်းရိုးဆစ်များ ပျက်စီးလာခြင်း (Adjacent Segment Disease) – အချိန်ကြာလာသည်နှင့်အမျှ ခွဲစိတ်ထားသော ကျောရိုးဆစ်၏ အပေါ်နှင့် အောက်ရှိ လည်ပင်းရိုးဆစ်များတွင် ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပြီး အချို့လူနာများတွင် ထပ်မံကုသမှု လိုအပ်နိုင်သည်
  • ရောဂါလက္ခဏာ မသက်သာခြင်း သို့မဟုတ် ပြန်လည်ဖြစ်ပေါ်ခြင်း – အချို့လူနာများတွင် နာကျင်မှု၊ ထုံကျင်မှု သို့မဟုတ် အားနည်းမှုတို့ လုံးဝမသက်သာခြင်း၊ သို့မဟုတ် နောင်တွင် အခြားကျောရိုးအဆင့်၌ ပြန်လည်ဖြစ်ပေါ်နိုင်သည်
  • မေ့ဆေးနှင့် သက်ဆိုင်သော နောက်ဆက်တွဲဆိုးကျိုးများ (Anaesthetic Complications) – မေ့ဆေးကြောင့် ပျို့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆေးဓာတ်မတည့်ခြင်း၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်သော်လည်း အတွေ့အကြုံရှိ မေ့ဆေးအဖွဲ့မှ စောင့်ကြည့်ကုသပေးသောကြောင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးသည်

အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများသည် လူနာတိုင်းတွင် ဖြစ်ပေါ်မည်မဟုတ်ဘဲ အများစုမှာ ရှားပါးပြီး ကာကွယ်နိုင်သော သို့မဟုတ် ကုသနိုင်သော အခြေအနေများဖြစ်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

ACDF ခွဲစိတ်ကုသမှု အောင်မြင်စေရန်နှင့် အရိုးပူးဆက်မှု ကောင်းမွန်စွာ ဖြစ်ပေါ်စေရန် ဆရာဝန်၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် အရေးကြီးသည်။

  • လည်ပင်းကို ဂရုစိုက်ပါ
    • ခွဲစိတ်ပြီး ပထမ ၆–၁၂ ပတ်ခန့် အတွင်း လည်ပင်းကို အလွန်အကျွံ ရှေ့ငုံ့ခြင်း၊ နောက်လှန်ခြင်း၊ ဘေးစောင်းခြင်းနှင့် လှည့်ခြင်းတို့ကို ရှောင်ကြဉ်ပါ
    • ရုတ်တရက် လည်ပင်းလှုပ်ရှားမှုများကို မပြုလုပ်ပါနှင့်
    • ဆရာဝန်ညွှန်ကြားထားပါက လည်ပင်းထိန်းကော်လာ (Cervical Collar) ကို သတ်မှတ်ထားသော အချိန်အတိုင်း ဝတ်ဆင်ပါ
    • လည်ပင်းကို သဘာဝအနေအထားတွင် ထောက်ပံ့ပေးနိုင်သော ခေါင်းအုံးကို အသုံးပြုပါ
  • နေ့စဉ်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း
    • ဆရာဝန်ခွင့်ပြုချက်ဖြင့် ခွဲစိတ်ပြီးနောက် တတ်နိုင်သမျှ စောစော နေ့စဉ် လမ်းလျှောက်ပါ
    • လမ်းလျှောက်ခြင်းသည် သွေးလည်ပတ်မှုကောင်းစေပြီး သွေးခဲဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသည်
    • အချိန်ကြာကြာ ဆက်တိုက်မထိုင်ဘဲ အခါအားလျော်စွာ ထ၍ လမ်းလျှောက်ပေးပါ
    • ကွန်ပျူတာနှင့် ဖုန်းကို အချိန်ကြာကြာ အသုံးပြု၍ ခေါင်းငုံ့ထားခြင်းကို ရှောင်ကြဉ်ပါ
    • အစပိုင်းတွင် ခေါင်းအပေါ်သို့ လက်မြှောက်၍ အလုပ်လုပ်ခြင်းနှင့် အမြင့်နေရာမှ ပစ္စည်းယူခြင်းကို ရှောင်ကြဉ်ပါ
    • ကာယကုထုံးပညာရှင် (Physiotherapist) ညွှန်ကြားသော လေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်ပါ
  • အလေးမခြင်းကို ရှောင်ကြဉ်ပါ
    • ပထမ ၆ ပတ်ခန့် အတွင်း ၅ ကီလိုဂရမ်ခန့် ထက်ပိုသော အလေးများကို မ မ ပါနှင့်
    • ကလေးချီခြင်း၊ ရေပုံးမခြင်းနှင့် လေးလံသော အိတ်များ သယ်ဆောင်ခြင်းကို ရှောင်ကြဉ်ပါ
    • အားကစားလေ့ကျင့်ခန်းများကို ဆရာဝန်ခွင့်ပြုမှသာ ပြန်လည်စတင်ပါ
  • ကားမောင်းခြင်း
    • လည်ပင်းထိန်းကော်လာ ဝတ်ဆင်ထားစဉ် ကားမမောင်းသင့်ပါ
    • နာကျင်မှု သက်သာပြီး လည်ပင်းလှုပ်ရှားနိုင်မှု ပြန်ကောင်းလာကာ အိပ်ငိုက်စေနိုင်သော အကိုက်အခဲပျောက်ဆေးများ မသောက်တော့သောအခါ ဆရာဝန်ခွင့်ပြုချက်ဖြင့် ကားမောင်းနိုင်သည်
    • ပုံမှန်အားဖြင့် ၂–၄ ပတ်ခန့် အကြာတွင် ကားမောင်းနိုင်သော်လည်း လူနာတစ်ဦးချင်းစီအလိုက် ကွာခြားနိုင်သည်
  • ခွဲစိတ်ဒဏ်ရာကို ဂရုစိုက်ပါ
    • ဒဏ်ရာကို သန့်ရှင်း၍ ခြောက်သွေ့စွာ ထားပါ
    • ဒဏ်ရာပေါ်သို့ လိမ်းဆေး၊ အမှုန့် သို့မဟုတ် ဆေးဖက်ဝင်အပင်များကို မိမိသဘောဖြင့် မလိမ်းပါနှင့်
  • ဆေးဝါးနှင့် အစားအသောက်
    • ဆရာဝန်ညွှန်ကြားသော ဆေးများကိုသာ သောက်သုံးပါ
    • ပရိုတင်း (Protein)၊ ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် D (Vitamin D) ကြွယ်ဝသော အစားအစာများကို စားသုံးပါ
    • ရေများများသောက်၍ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်
  • ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ
    • ဆေးလိပ်နှင့် နီကိုတင်း (Nicotine) သည် အရိုးပူးဆက်မှုကို နှောင့်နှေးစေသဖြင့် လုံးဝရှောင်ကြဉ်သင့်သည်
    • အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ပါ
  • ချိန်းဆိုထားသည့်ရက်အတိုင်း ပြန်လည်ပြသပါ
    • လိုအပ်ပါက ဓာတ်မှန် (X-ray) ရိုက်စစ်ဆေး၍ အရိုးပူးဆက်မှု (Fusion) အခြေအနေကို အကဲဖြတ်မည်
    • လိုအပ်ပါက ကိုယ်ကာယကုထုံး (Physiotherapy) နှင့် လည်ပင်းလေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်ရမည်
ဆရာဝန်နှင့် ချက်ချင်းပြသရမည့် လက္ခဏာများ

ACDF ခွဲစိတ်ကုသမှု ခံယူပြီးနောက် အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံသို့ ချက်ချင်း သွားရောက်ပြသပါ။

  • ဖျားခြင်း – ကိုယ်အပူချိန် ၃၈°C (၁၀၀.၄°F) ထက် မြင့်တက်ခြင်း။
  • ဒဏ်ရာပိုးဝင်သည့် လက္ခဏာများ
    • ဒဏ်ရာနီရဲလာခြင်း
    • ဒဏ်ရာရောင်ရမ်းလာခြင်း
    • ဒဏ်ရာပူလာခြင်း
      • ပြည် သို့မဟုတ် အနံ့ဆိုးသော အရည်များ ထွက်လာခြင်း
  • နောက်ဆက်တွဲပြဿနာများ ခံစားရခြင်း

References:

  1. American Academy of Orthopaedic Surgeons. (n.d.). Cervical radiculopathy: Surgical treatment options. Retrieved July 21, 2026, from https://www.orthoinfo.org/treatment/cervical-radiculopathy-surgical-treatment-options/
  2. Cleveland Clinic. (n.d.). ACDF surgery (anterior cervical discectomy and fusion). Retrieved July 21, 2026, from https://my.clevelandclinic.org/health/procedures/acdf-surgery
  3. Mayo Clinic. (n.d.). Spinal fusion. Retrieved July 21, 2026, from https://www.mayoclinic.org/tests-procedures/spinal-fusion/about/pac-20384523

Published: 29 July 2026

Share

29 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.