Fetal Growth Monitoring (သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း)

Fetal Growth Monitoring (သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း)

ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း (Fetal Growth Monitoring) သည် မိခင်နှင့် သန္ဓေသား နှစ်ဦးစလုံး၏ ကျန်းမာရေးကို စောင့်ရှောက်၊ ကာကွယ်၊ ကုသခြင်းတစ်မျိုးပင်ဖြစ်သည်။ မိခင်ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားသည် ကိုယ်ဝန်သက်အလိုက် ပုံမှန်ဖွံ့ဖြိုးကြီးထွားမှု ရှိမရှိကို သိရှိနိုင်ရန် စနစ်တကျ တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ရန်လိုသည်။

သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်းတွင် သ‌န္ဓေသားကိုယ်အလေးချိန်၊ ဦးခေါင်းလုံးပတ်၊ ဝမ်းဗိုက်လုံးပတ်စသည်တို့ ပုံမှန်တိုင်းတာခြင်း၊ အကဲဖြတ်ခြင်း၊ သန္ဓေသား၏ ကြီးထွားမှု အခြေအနေနှင့် လိုအပ်ချက်အပေါ် အခြေခံ၍ ဆွေးနွေး အကြံဉာဏ်ပေးခြင်းနှင့် လိုအပ်လျှင် လွှဲပြောင်းကုသခြင်းတို့ ပါဝင်သည်။

သန္ဓေသားကြီးထွားမှုကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်သောအခြေအနေများ

အောက်ပါရောဂါအခြေအနေများရှိပါက သန္ဓေသားကြီးထွားမှုကို ပုံမှန်ထက် ပိုမိုဂရုစိုက် စောင့်ကြည့်ရမည်။

  • ကိုယ်ဝန်ဆောင်စဥ် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း သို့မဟုတ် ကိုယ်ဝန်မဆောင်မီ မူလကတည်းက နာတာရှည်သွေးတိုးရောဂါရှိခြင်း
  • ကိုယ်ဝန်ဆောင်ဆီးချို သို့မဟုတ် ကိုယ်ဝန်မဆောင်မီ မူလကတည်းက ဆီးချိုရောဂါရှိခြင်း
  • ခန္ဓာကိုယ်၏ သွေးလှည့်ပတ်မှုကို ထိခိုက်စေနိုင်သော ရောဂါများ (ဥပမာ – ကျောက်ကပ်နှင့် နှလုံးရောဂါ)
  • ကိုယ်ဝန်ဆောင်မိခင် အလွန်အမင်း အာဟာရချို့တဲ့ခြင်း၊ ဆေးလိပ် သို့မဟုတ် အရက်သောက်ခြင်း
  • သန္ဓေသား နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍ ကိုယ်ဝန်ဆောင်ထားသော ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားကြီးထွားမှု ကွာဟချက်ရှိခြင်း
  • ရေမြွာရည် အလွန်နည်းခြင်း (Oligohydramnios) သို့မဟုတ် အလွန်များခြင်း (Polyhydramnios)
  • ယခင်က ကလေးအသေမွေးဖူးခြင်း သို့မဟုတ် ပေါင်မပြည့်သောကလေး မွေးဖူးခြင်း
သန္ဓေသားကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ

သန္ဓေသားကြီးထွားမှု စောင့်ကြည့် အကဲဖြတ်ခြင်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကြီးထွားမှု ပုံမမှန်ဖြစ်ခြင်းကို စောစီးစွာ သိရှိနိုင်ခြင်း၊ မွေးဖွားမည့်နည်းလမ်းနှင့် အချိန်ကို ဆုံးဖြတ်နိုင်ခြင်း၊ မွေးကင်းစကလေး သေဆုံးခြင်း အန္တရာယ်များကို လျှော့ချနိုင်ခြင်း၊ သန္ဓေသား၏ ကျန်းမာရေးနှင့် ပတ်သက်သော မိခင်၏ စိတ်ပူပန်မှုများကို လျှော့ချနိုင်ခြင်း၊ မိခင်၏ ကျန်းမာ‌ရေးနှင့် အာဟာရဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည်။ ထို့ကြောင့် ကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းသည် သန္ဓေသား၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ
  • သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်းသည် တစ်ကြိမ်တည်း တိုင်းတာခြင်းထက် အချိန်ကာလတစ်ခုအတွင်း ပြောင်းလဲမှုကို စဥ်ဆက်မပြတ်စောင့်ကြည့်ခြင်းက ပိုမိုတိကျသဖြင့် သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူမှ ချိန်းဆိုသည့်အတိုင်း ပုံမှန်ပြသပြီး စောင့်ရှောက်မှုခံယူရန် အရေးကြီးသည်
  • ကိုယ်ဝန်ဆောင်မိခင်သည်လည်း သန္ဓေသားလှုပ်ရှားမှုကို နေ့စဉ် မှတ်သားထားရမည်
သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ပုံအဆင့်ဆင့်

သန္ဓေသားအရွယ်အစား တိုင်းတာခြင်း
သန္ဓေသား၏အရွယ်အစား တိုင်းတာရာတွင် အဓိကအားဖြင့် အောက်ပါ နည်းလမ်း (၂) မျိုးဖြင့် ပြုလုပ်လေ့ရှိသည်။

  1. သားအိမ်အမြင့် တိုင်းတာခြင်း (Uterine Fundal Height)
    ကိုယ်ဝန် (၂၄) ပတ်နောက်ပိုင်းတွင် ဝမ်းဗိုက်တွင်း သန္ဓေသားကြီးထွားလာခြင်းကြောင့် ဝမ်းဗိုက်တွင် ပူထွက်လာသော သားအိမ်အမြင့်ဆုံးနေရာကို ဆီးခုံရိုးမှ ပေကြိုးဖြင့် တိုင်းတာခြင်းဖြစ်သည်။ တိုင်းတာရရှိသောအမြင့်ကို စင်တီမီတာဖြင့် မှတ်သားပြီး ကိုယ်ဝန်သက်နှင့် တူမတူ ကြည့်သည် (ဥပမာ ကိုယ်ဝန်သက် (၃၂) ပတ် ရှိသည့်အချိန်တွင် သားအိမ်အမြင့် (၃၂) စင်တီမီတာ ရှိရမည်ဖြစ်သည်)။ အကယ်၍ ကိုယ်ဝန်သက်ထက် (၄) စင်တီမီတာအောက် လျော့နေလျှင် သန္ဓေသားညှက်ခြင်းကို သံသယရှိပြီး ကိုယ်ဝန်သက်ထက် (၄) စင်တီမီတာ ပိုများလျှင် သန္ဓေသားပုံမှန်ထက် ကြီးထွားခြင်းကို သံသယရှိနိုင်သည်။
  2. အာထရာဆောင်း (Ultrasound) ဖြင့် စစ်ဆေးခြင်း
    သားအိမ်အမြင့်တိုင်းတာခြင်းဖြင့် သန္ဓေသားကြီးထွားမှု ပုံမမှန်ဟု သံသယရှိလျှင် အာထရာဆောင်းကို ပုံမှန်ထက် ပို၍ရိုက်ပြီး ကိုယ်ဝန်တစ်လျှောက် သန္ဓေသားကြီးထွားမှုကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ အာထရာဆောင်းရိုက်သည့်အခါ သန္ဓေသား၏ ဦးခေါင်းခွံ၊ ပေါင်ရိုး၊ ဝမ်းဗိုက်တို့ကို တိုင်းတာ၍ သန္ဓေသားကြီးထွားမှုနှုန်းနှင့် ခန့်မှန်း ကိုယ်အလေးချိန် (Estimated Fetal Weight – EFW) ကို တွက်ချက် နိုင်သည်။ ထို့အပြင် အချင်းနှင့် ချက်ကြိုးရှိ သွေးကြောတွင်းသွေးစီးဆင်းမှု (Doppler flow) ကို စစ်ဆေးပြီး သွေးစီးဆင်းလည်ပတ်မှု ကောင်းမကောင်း ကြည့်ရှုနိုင်သည်။
    • ကြီးထွားမှုမှတ်တမ်းတင်ခြင်း
      သန္ဓေသား၏ ဦးခေါင်းခွံ၊ ပေါင်ရိုး၊ ဝမ်းဗိုက် နှင့် သ‌‌န္ဓေသား၏ ခန့်မှန်းကိုယ်အလေးချိန်တို့ကို အာထရာဆောင်း ဖြင့် တိုင်းတာပြီး ရရှိလာသောအတိုင်းအတာများကို ကြီးထွားမှုဇယား (Growth Chart) တွင် ဂရပ်ဆွဲရမည်။ ကြီးထွားမှုဇယားတွင် Centile ဟုခေါ်သော ဂရပ်လိုင်းများ ပါဝင်ပြီး အာထရာဆောင်းဖြင့် တိုင်းတာတိုင်း ရရှိလာသော အတိုင်းအတာများကို မျဥ်းကြောင်းဆက်၍ ကြည့်ခြင်းဖြင့် သန္ဓေသားကြီးထွားမှုနှုန်း ပုံမှန်ရှိမရှိ သိနိုင်သည်။
      • ပုံမှန်အလေးချိန် – သန္ဓေသား၏ မွေးစကိုယ်အလေးချိန်သည် 10th centile နှင့် 90th centile ဂရပ်လိုင်းများကြားတွင် ရှိနေလျှင် ပုံမှန်အဖြစ် သတ်မှတ်သည်
      • ပုံမှန်ထက်ကြီးထွားခြင်း – မွေးစကိုယ်အလေးချိန်သည် 90th centile ဂရပ်လိုင်း၏အထက်တွင် ရှိနေလျှင် သန္ဓေသား ပုံမှန်ထက်ကြီးထွားသည်ဟု သတ်မှတ်သည်
      • ပုံမှန်ထက်သေးငယ်ခြင်း– မွေးစကိုယ်အလေးချိန်သည် 10th centile ဂရပ်လိုင်း၏အောက်တွင် ရှိနေလျှင် သန္ဓေသား ပုံမှန်ထက် သေးငယ်သည်ဟု သတ်မှတ်သည်
    • ကြီးထွားမှုဇယားတွင် အောက်ဆုံးဂရပ်လိုင်းသည် 3rd centile ဖြစ်ပြီး၊ အပေါ်ဆုံးဂရပ်လိုင်းသည် 97th centile ဖြစ်သည်။
သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်းဖြင့် သိရှိနိုင်သော အဖြေများ

သန္ဓေသားကြီးထွားမှုကို ပုံမှန်စောင့်ကြည့်အကဲဖြတ်ခြင်းဖြင့် အောက်ပါအဖြေများကို တိကျစွာ သိရှိနိုင်သည်။

  • ကိုယ်ဝန်သက်နှင့် သန္ဓေသားကြီးထွားမှုအရွယ်အစားကိုက်ညီမှု ရှိမရှိ
  • ကြီးထွားမှုပုံစံနှင့် အရှိန် (Growth Velocity & Trajectory)
  • အချင်းနှင့် ချက်ကြိုးမှ အာဟာရနှင့် အောက်ဆီဂျင် ရရှိမှုအခြေအနေ (Placental Function)
  • ရေမြွာရည် ပမာဏ (Amniotic Fluid Index – AFI)
ကြီးထွားမှုပုံမမှန်ခြင်း၏ ဖြစ်နိုင်သော အကြောင်းရင်းများ

သန္ဓေသားကြီးထွားမှုပုံမမှန်ခြင်းတွင် သန္ဓေသားညှက်ခြင်းနှင့် သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းဟူ၍ နှစ်မျိုးရှိသည်။ ၎င်းတို့ကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။

သန္ဓေသားညှက်ခြင်း (Intrauterine Growth Restriction or IUGR) အကြောင်းရင်းများ
အချင်းနှင့်ချက်ကြိုးသည် သန္ဓေသားဆီသို့ အာဟာရ၊ အောက်ဆီဂျင်နှင့် သွေးများကို သယ်ယူ ပို့ဆောင်ပေးရသည်။ ရောဂါအခြေအနေတစ်ခုခုကြောင့် အချင်းနှင့် ချက်ကြိုး၏လုပ်ငန်းများကို ထိခိုက်လျှင် သန္ဓေသားသည် အာဟာရကောင်းစွာမရရှိဘဲ ရှိရမည့်အရွယ်ထက် သေးငယ်နေနိုင်သည်။

အချင်းနှင့်ချက်ကြိုးကို ထိခိုက်နိုင်သည့် မိခင်နှင့်ဆိုင်သော ရောဂါအခြေအနေများမှာ _

  • မိခင်ကိုယ်အလေးချိန် နည်းလွန်းခြင်း (ပေါင် ၁၀၀အောက်)
  • အာဟာရပြည့်ဝစွာမစားသောက်ခြင်း
  • သန္ဓေသားညှက်သော ကိုယ်ဝန်ဆောင်ခဲ့ဖူးသည့် ရာဇဝင်ရှိခြင်း
  • သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ နှလုံး‌ရောဂါ၊ ဆီးချိုရောဂါရှိခြင်း
  • မိခင်သည် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ စိတ်ကြွဆေးများသုံးစွဲခြင်း
  • ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်ရောဂါရှိခြင်း
  • ကျောက်ကပ်ရောဂါရှိခြင်း စသည်တို့ဖြစ်သည်။

အချင်းနှင့်ချက်ကြိုးကို ထိခိုက်နိုင်သည့် သန္ဓေသားနှင့်ဆိုင်သော ရောဂါအခြေအနေများမှာ_

  • သန္ဓေသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ မွေးရာပါချို့ယွင်းချက်များ ပါရှိခြင်း
  • မျိုးဗီဇ သို့မဟုတ် ခရိုမိုဆုမ်းဆိုင်ရာရောဂါများ (ဥပမာ _ ‌ဒေါင်းဆင်ဒရုန်း)
  • အမြွှာကိုယ်ဝန်ဖြစ်ခြင်း စသည်တို့ဖြစ်သည်‌။

သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်း (Fetal Macrosomia) အကြောင်းရင်းများ

  • ကိုယ်ဝန်ဆောင်မိခင်ဆီးချိုရောဂါရှိခြင်း
  • ပုံမှန်ထက်ကြီးထွားသော သန္ဓေသားကို မွေးဖွားခဲ့ဖူးသော ရာဇဝင်ရှိခြင်း
  • ကိုယ်ဝန်ဆောင်မိခင်အဝလွန်ခြင်း
သန္ဓေသားကြီးထွားမှုကို စနစ်တကျ မစောင့်ကြည့်ပါက ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ

သန္ဓေသားကြီးထွားမှု ပုံမမှန်ခြင်းကို အချိန်မီ မသိရှိပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။

သန္ဓေသားနှင့်ဆိုင်သော နောက်ဆက်တွဲပြဿနာများ

  • ဝမ်းဗိုက်ထဲတွင် သန္ဓေသားရုတ်တရက် သေဆုံးခြင်း (Stillbirth)
  • ဦးနှောက်နှင့် အင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးမှု နှေးကွေးခြင်း
  • မွေးဖွားပြီးနောက် အသက်ရှူရခက်ခဲခြင်း၊ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းနှင့် အသားဝါခြင်း

မိခင်နှင့်ဆိုင်သော နောက်ဆက်တွဲပြဿနာများ

  • အရေးပေါ် ခွဲစိတ်မွေးဖွားရနိုင်ခြေရှိခြင်းနှင့် ခွဲစိတ်မွေးဖွားရခြင်း၏နောက်ဆက်တွဲပြဿနာများ
  • သန္ဓေသားကြီးလွန်းပါက မွေးဖွားစဉ် မွေးလမ်းကြောင်း ပြင်းထန်စွာ စုတ်ပြဲဒဏ်ရာရခြင်းနှင့် သွေးလွန်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Fetal biometry. Retrieved May 7, 2026, from https://my.clevelandclinic.org/health/diagnostics/25087-fetal-biometry
  2. Cleveland Clinic. (n.d.). Fetal macrosomia. Retrieved May 7, 2026, from https://my.clevelandclinic.org/health/diseases/17795-fetal-macrosomia
  3. Cleveland Clinic. (n.d.). Intrauterine growth restriction (IUGR). Retrieved May 7, 2026, from https://my.clevelandclinic.org/health/diseases/24017-intrauterine-growth-restriction
  4. Fetal Medicine Foundation. (n.d.). Fetal growth assessment. Retrieved May 7, 2026, from https://www.fetalmedicine.org/research/assess/growth
  5. Gateshead Health NHS Foundation Trust. (n.d.). Growth scan in pregnancy. Retrieved May 7, 2026, from https://www.gatesheadhealth.nhs.uk/resources/growth-scan-in-pregnancy/
  6. Milton Keynes University Hospital NHS Foundation Trust. (2023). Fetal growth assessment guideline (Version 5.4). Retrieved May 7, 2026, from https://www.mkuh.nhs.uk/wp-content/uploads/2022/10/Fetal-Growth-Assessment-Guideline-5.4-10.10.23-1.pdf

Published: 21 May 2026

Share

21 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.