Stoma formation (အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း)

Stoma formation (အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း)

အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း (Stoma formation) သည် ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်ပစ္စည်းများ ထွက်လာနိုင်ရန်အတွက် ခန္ဓာကိုယ်တွင် အပေါက်သစ်တစ်ခု ဖန်တီးပေးရသော ခွဲစိတ်မှုတစ်ခုဖြစ်သည်။ ဤခွဲစိတ်မှုသည် အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်းကို ပုံမှန်သွားရာလမ်းကြောင်းအတိုင်း မဟုတ်ဘဲ ဝမ်းဗိုက်ပေါ်ရှိ အပေါက်သစ်တစ်ခုဆီသို့ လမ်းကြောင်းပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ဝမ်း သို့မဟုတ် ဆီးသည် ဝမ်းဗိုက်ပေါ်ရှိ အပေါက် (Stoma) မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပတွင် တပ်ဆင်ထားသော အိတ် (Ostomy bag) ထဲသို့ စီးဝင်သွားမည်ဖြစ်သည်။ ဤသို့အပေါက်ဖောက်ထားခြင်းသည် အခြေအနေပေါ် မူတည်၍ ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နိုင်သည်။

အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း အမျိုးအစားများ
  • Colostomy (အူမကြီး လမ်းကြောင်းလွှဲခြင်း)
    အူမကြီး (Large Intestine) ၏ အစိတ်အပိုင်းတစ်နေရာကို အပေါက်ဖောက်ပြီး လမ်းကြောင်းလွှဲပေးခြင်းဖြစ်သည်။
  • Ileostomy (အူသိမ် လမ်းကြောင်းလွှဲခြင်း)
    အူသိမ်၏ အဆုံးပိုင်းဖြစ်သော အူသိမ်ပိုင်း (Ileum) ကို အပေါက်ဖောက်ပြီး လမ်းကြောင်းလွှဲပေးခြင်းဖြစ်သည်။
  • Urostomy (ဆီးလမ်းကြောင်းလွှဲခြင်း)
    ဆီးများကို သယ်ဆောင်ပေးသော ဆီးပြွန်များ (Ureters) ကို လမ်းကြောင်းလွှဲပေးခြင်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်ရသည့် အဖြစ်အများဆုံး အကြောင်းရင်းမှာ အူမကြီးကင်ဆာ (Colorectal Cancer) နှင့် အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Bowel Obstruction) တို့ကြောင့်ဖြစ်သည်။ သို့သော် လူနာ၏ အသက်အရွယ်နှင့် ရောဂါအခြေအနေပေါ် မူတည်၍ အောက်ပါအခြေအနေများကြောင့်လည်း ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။

လူကြီးများတွင် ဖြစ်ပွါးတတ်သော အခြေအနေများ
  • အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများ (Inflammatory Bowel Disease – IBD) – Crohn’s disease သို့မဟုတ် Ulcerative colitis ကြောင့် အူလမ်းကြောင်း ပြင်းထန်စွာ ပျက်စီးခြင်း သို့မဟုတ် ဆေးဝါးကုသမှုများဖြင့် မသက်သာခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း (Trauma) – မတော်တဆမှု သို့မဟုတ် ပြင်းထန်သော ထိုးသွင်းဒဏ်ရာများကြောင့် ဝမ်းဗိုက်အတွင်းရှိ အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း ပျက်စီးသွားခြင်း
  • အူပေါက်ခြင်း (Perforated Bowel) – အကြောင်းအမျိုးမျိုးကြောင့် အူနံရံပေါက်ထွက်ပြီး ဝမ်းဗိုက်အတွင်း ပိုးဝင်သည့်အခါ အူကို ပြန်လည်ဖာထေးရန် မသင့်တော်သေးသည့် အခြေအနေများ
  • အူမကြီး အိတ်ငယ်များ ရောင်ရမ်း၍ ပေါက်ထွက်ခြင်း (Diverticulitis) – အူမကြီးတွင် အပိုပါလာသော အတက် (Diverticula) များ ရောင်ရမ်း၊ ပြည်တည် သို့မဟုတ် ပေါက်ထွက်ခြင်းကြောင့် အူမကြီးလမ်းကြောင်းကို အနားပေးရန် လိုအပ်ခြင်း
  • ဆီးအိမ်ကင်ဆာ (Bladder Cancer) – ဆီးအိမ်တစ်ခုလုံး ဖယ်ရှားလိုက်ရသည့်အခါ ဆီးစွန့်ထုတ်ရန် လမ်းကြောင်းသစ် (Urostomy) ဖန်တီးပေးခြင်း
  • ဝမ်းမထိန်းနိုင်ခြင်း (Faecal Incontinence) – အာရုံကြော ချို့ယွင်းမှု သို့မဟုတ် ကြွက်သား ပျက်စီးမှုကြောင့် ဝမ်းမထိန်းနိုင်ဘဲ လူနာ၏ နေထိုင်မှု ဘဝအရည်အသွေး (Quality of Life) အလွန်အမင်း ထိခိုက်နေခြင်း
  • အမျိုးသမီးရောဂါဆိုင်ရာ ကင်ဆာများ (Gynecologic Cancers) – သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာများ ပျံ့နှံ့ပြီး အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်းကို ပိတ်ဆို့လာခြင်း
  • Radiation Enteritis – ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုသမှုခံယူရာမှ အူလမ်းကြောင်း တစ်ရှူးများ ပျက်စီးပြီး ကျဉ်းသွားခြင်း သို့မဟုတ် ပေါက်ထွက်ခြင်း
ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အခြေအနေများ
  • မွေးရာပါ စအိုပေါက်မပါခြင်း (Imperforate Anus) – ကလေးငယ် မွေးဖွားလာစဉ် စအိုပေါက် လုံးဝမပါခြင်း သို့မဟုတ် လမ်းကြောင်း ပိတ်နေခြင်း
  • Hirschsprung’s Disease – မွေးရာပါ အူမကြီးရှိ အာရုံကြော ဆဲလ်များ ချို့ယွင်းမှုကြောင့် ဝမ်းမသွားနိုင်ဘဲ အူလမ်းကြောင်း ပိတ်ဆို့ခြင်း
  • Necrotizing Enterocolitis (NEC) – လမစေ့ဘဲ မွေးသော ကလေးငယ်များတွင် အဖြစ်များပြီး အူလမ်းကြောင်း တစ်ရှူးများ ပုပ်သွားခြင်း သို့မဟုတ် ပေါက်ထွက်ခြင်း
  • မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းချက်များ (Congenital Urinary Defects) – ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း သို့မဟုတ် ဆီးအိမ်၏ အာရုံကြော ချို့ယွင်းခြင်း (Neurogenic bladder) တို့ကြောင့် ဆီးစွန့်ထုတ်ရန် ခက်ခဲခြင်း
  • မွေးရာပါ ဝမ်းဗိုက်မှအူကျွံထွက်ခြင်း (Gastroschisis or Omphalocele) – မွေးစတွင် ဝမ်းဗိုက်နံရံ ပွင့်နေပြီး အူလမ်းကြောင်းများ အပြင်သို့ ထွက်နေသည့် အခြေအနေများတွင် ကုသမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လိုအပ်နိုင်သည်
မပြုလုပ်သင့်သော အခြေအနေများ

အောက်ပါအခြေအနေများတွင် ခွဲစိတ်မှုပြုလုပ်စဉ် အခက်အခဲရှိနိုင်ပြီး နောက်ဆက်တွဲဆိုပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် အပေါက်ဖောက်၍လမ်းကြောင်းလွှဲခြင်း ခွဲစိတ်မှု မပြုလုပ်သင့်ပါ။

  • လူနာ၏ ခန္ဓာကိုယ်အခြေအနေ – ခွဲစိတ်မှုဒဏ်နှင့် မေ့ဆေးဒဏ်ကို မခံနိုင်လောက်အောင် အလွန်အမင်းအားနည်းနေသည့် အခြေအနေ
  • သွေးခဲစနစ် ချို့ယွင်းခြင်း – သွေးခဲစနစ် ပြင်းထန်စွာ ချို့ယွင်းနေပါက အရေးပေါ်မဟုတ်လျှင် ခွဲစိတ်မှုမပြုမီ သွေးခဲစနစ်ကို အရင်ကုသရမည်
  • ဝမ်းဗိုက်တွင် အရေပြားရောဂါ ပြင်းထန်စွာ ရှိနေခြင်း – အပေါက်ဖောက် လမ်းကြောင်းလွှဲမည့်နေရာတွင် အ‌ရေပြားရောဂါများ ရှိနေခြင်း ၊ အမာရွတ်များခြင်း သို့မဟုတ် အနာကျက်ရန် ခက်ခဲသော အခြေအနေရှိခြင်း
  • Mesentery (အူတွဲမြှေး) တိုလွန်းခြင်း – အူကို ဝမ်းဗိုက်အရေပြားအပြင်ဘက်သို့ ရောက်အောင် ဆွဲထုတ်ရန် အူတွဲမြှေးသည် လုံလောက်သည့် အရှည်ပမာဏ မရှိခြင်း
  • ဝမ်းဗိုက်အတွင်း ကင်ဆာပျံ့နှံ့နေခြင်း (Diffuse Intra-abdominal Malignancy) – ကင်ဆာဆဲလ်များ ဝမ်းဗိုက်တစ်ခုလုံးသို့ ပျံ့နှံ့နေခြင်းကြောင့် ခွဲစိတ်ရန် ခက်ခဲခြင်း
  • အလွန်အမင်း ကိုယ်အလေးချိန်များခြင်း (Severe Obesity) – ဗိုက်သားထူလွန်းသဖြင့် အူကို အရေပြားအပြင်ဘက်သို့ ထုတ်ရန်နှင့် အပေါက်ဖောက် နေရာသတ်မှတ်ရန် ခက်ခဲခြင်း
အကျိုးကျေးဇူးများ

အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်းသည် လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ အောက်ပါအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

  • အူပိတ်ခြင်း သို့မဟုတ် အူပေါက်ခြင်းကို ထိရောက်စွာ ကုသနိုင်ခြင်း
    အူလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ဖယ်ရှားပေးနိုင်ပြီး အူပေါက်ခြင်းကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သည်။
  • အူလမ်းကြောင်းကို အနားပေး၍ အနာကျက်ခြင်းကို အားပေးခြင်း
    ခွဲစိတ်ထားသော အူလမ်းကြောင်း အောက်ပိုင်းနေရာကို မစင်များ ဖြတ်သန်းသွားခြင်းမရှိစေရန် ခေတ္တလမ်းကြောင်းလွှဲပေးခြင်းဖြင့် အနာကို လျင်မြန်စွာ ကျက်စေသည်။
  • စွန့်ပစ်ပစ္စည်း ထွက်ခြင်းကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်း
    ပုံမှန်အတိုင်း ဝမ်းမသွားနိုင်တော့သော လူနာများအတွက် ဝမ်းဗိုက်ပေါ်ရှိ အပေါက် Stoma အိတ်အတွင်းသို့ စနစ်တကျ စွန့်ထုတ်နိုင်စေရန် ကူညီပေးသည်။
  • နာကျင်မှုနှင့် ပိုးဝင်ခြင်းကို လျော့နည်းစေခြင်း
    အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပွါးတတ်သော ပြင်းထန်သည့် နာကျင်ကိုက်ခဲမှုများနှင့် ပိုးဝင်ရောင်ရမ်းမှု အန္တရာယ်များကို လျှော့ချပေးနိုင်သည်။
  • အရေးပေါ် အခြေအနေများကို ကျော်လွှားနိုင်ခြင်း
    အူလမ်းကြောင်းတွင် ပြင်းထန်သော သွေးထွက်မှုများ ရှိနေပါက လမ်းကြောင်းလွှဲပေးခြင်းဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်ရန်နှင့် လူနာ၏ အခြေအနေကို တည်ငြိမ်စေရန် ကူညီပေးနိုင်သည်။
  • ကင်ဆာကုသမှုကို ပိုမိုထိရောက်စေခြင်း
    အချို့သော ကင်ဆာလူနာများတွင် ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် ဆေးသွင်းခြင်းတို့ ပြုလုပ်နေစဉ်အတွင်း အူလမ်းကြောင်း ပြဿနာများ မဖြစ်စေရန် ကြိုတင်လမ်းကြောင်းလွှဲထားခြင်းဖြင့် ကုသမှုကို အနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်နိုင်သည်။
  • အာဟာရစုပ်ယူမှုကို ပြန်လည်ကောင်းမွန်စေခြင်း
    အူလမ်းကြောင်း ပိတ်ဆို့မှု သို့မဟုတ် ပြင်းထန်သော ရောင်ရမ်းမှုများကြောင့် အစာမစားနိုင်သူများတွင် ခွဲစိတ်မှုအပြီးတွင် အစာပြန်စားနိုင်လာပြီး ခန္ဓာကိုယ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနိုင်သည်။
  • လူနာ၏ နေထိုင်မှုဘဝ အရည်အသွေး (Quality of Life) မြှင့်တင်ပေးနိုင်ခြင်း
    အမြဲတမ်း ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်းကဲ့သို့သော ဝေဒနာများကို ခံစားနေရသည့် အချို့လူနာများအတွက် ပြန်လည်လှုပ်ရှား သွားလာနိုင်စေသဖြင့် နေထိုင်မှု ဘဝအရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေသည်။
ကြိုတင်သိရှိထားရမည့် အရေးကြီးအချက်များ

ခွဲစိတ်မှုမပြုမီ လူနာနှင့် မိသားစုဝင်များအနေဖြင့် အောက်ပါအချက်များကို ကြိုတင်နားလည်ရန် အရေးကြီးသည်။

  • ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နိုင်ခြင်း
    ရောဂါအခြေအနေပေါ်မူတည်၍ အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း (Stoma Formation) သည် အူလမ်းကြောင်း အနားပေးရန်အတွက် ခေတ္တခဏ (ယာယီ) ဖောက်ထားခြင်း သို့မဟုတ် တစ်သက်လုံး (အမြဲတမ်း) ထားရှိရခြင်းမျိုး ဖြစ်နိုင်သည်။
  • စွန့်ပစ်ပစ္စည်းများ စုဆောင်းခြင်း
    ဝမ်း သို့မဟုတ် ဆီးသည် ပုံမှန်လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ဝမ်းဗိုက်ပေါ်ရှိ အပေါက်မှတစ်ဆင့် ပြင်ပတွင် တပ်ဆင်ထားသော အိတ် (Stoma bag) ထဲသို့ တိုက်ရိုက်ထွက်လာမည်ဖြစ်သည်။
  • အပေါက်ဖောက်မည့်နေရာကို စနစ်တကျ ရွေးချယ်ခြင်း
    ခွဲစိတ်ဆရာဝန်သည် လူနာ၏ ကိုယ်နေဟန်ထားကို ကြည့်၍ အဝတ်အစားများနှင့် မငြိစေရန်၊ အရေပြားတွန့်ခေါက်သည့် နေရာများနှင့် လွတ်ကင်းစေရန် အပေါက်ဖောက်မည့်နေရာ (Stoma site) ကို သေချာစွာ တိုင်းတာရွေးချယ်လိမ့်မည်။
  • ပြုစုစောင့်ရှောက်နည်းကို လေ့လာထားခြင်း
    လူနာနှင့် လူနာရှင်များသည် အိတ်လဲလှယ်နည်း၊ အပေါက်ပတ်ပတ်လည် အရေပြားကို သန့်ရှင်းရေးလုပ်နည်းနှင့် အိတ်အတွင်းရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နည်း (Stoma bag care) တို့ကို ကြိုတင်လေ့လာသင်ယူထားရန် လိုအပ်သည်။
  • ပုံမှန်လူနေမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း
    ခွဲစိတ်မှုအပြီး အနာကျက်သွားပါက အလုပ်အကိုင်၊ ခရီးသွားလာခြင်းနှင့် အားကစားပြုလုပ်ခြင်း အစရှိသော ပုံမှန်လူနေမှုဘဝ လုပ်ငန်းဆောင်တာများကို စိတ်ချလက်ချ ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ခွဲစိတ်မှုအတွက် ပြင်ဆင်ခြင်း

ခွဲစိတ်မှုမစတင်မီ ဆရာဝန်များမှ အောက်ပါတို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သည်။

  • အခြေခံစစ်ဆေးမှုများ
    • ခွဲစိတ်မှုဒဏ် ခံနိုင်ရည် ရှိမရှိ သိရှိရန် လိုအပ်သော သွေးစစ်ဆေးမှုများ၊ ရင်ဘတ်ဓာတ်မှန် (Chest X-ray) နှင့် ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကွန်ပျူတာဓာတ်မှန် (CT Scan) သို့မဟုတ် အာထရာဆောင်း (USG) ရိုက်ခြင်းများ ပြုလုပ်မည်
  • ဆေးရာဇဝင် မေးမြန်းခြင်း
    • လူနာတွင် နာတာရှည်ရောဂါ ရှိမရှိ၊ လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ အထူးသဖြင့် ဆီးချိုဆေးနှင့် သွေးတိုးဆေးများ၊ သွေးကျဲဆေးများ၊ ဓာတ်မတည့်သော ဆေးဝါးများ (Allergy) ရှိပါက သေချာစွာ ပြောပြရန် လိုအပ်သည်
  • အပေါက်ဖောက်မည့်နေရာ သတ်မှတ်ခြင်း (Stoma Site Marking)
    • ခွဲစိတ်မှုမတိုင်မီ ခွဲစိတ်ဆရာဝန်သည် လူနာ၏ ဝမ်းဗိုက်ကို စစ်ဆေးပြီး ထိုင်သည့်အခါ၊ လှဲသည့်အခါ သို့မဟုတ် လမ်းလျှောက်သည့်အခါ အိတ်နှင့် အဝတ်အစား မငြိစေရန်နှင့် အပေါက်ဖောက်ရ လွယ်ကူစေရန် အကောင်းဆုံးနေရာကို မှတ်သားပေးမည်
  • ရှင်းလင်းချက်နှင့် သဘောတူညီချက်
    • အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်းသည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နိုင်ခြေရှိမှုကို ရှင်းပြခြင်း၊ အသုံးပြုမည့် မေ့ဆေး၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် ခွဲစိတ်မှုအပြီး ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အန္တရာယ်များကို သေချာရှင်းပြပြီးနောက် ခွင့်ပြုချက် (Informed Consent) ရယူမည်
  • လူနေမှုပုံစံ ပြုပြင်ခြင်း
    • ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲပြဿနာ နည်းစေရန် ဆေးလိပ်ဖြတ်ရန် ညွှန်ကြားမည်
  • ဆေးဝါးများ ထိန်းညှိခြင်း
    • သွေးထွက်လွန်ခြင်းကို ကာကွယ်ရန်အတွက် သွေးကျဲဆေး သို့မဟုတ် သွေးမခဲဆေး စသည့်ဆေးဝါးများကို ခေတ္တရပ်ထားရန် သို့မဟုတ် ပမာဏလျှော့ရန် ညွှန်ကြားမည်
  • အူလမ်းကြောင်း သန့်စင်ခြင်း (Bowel Preparation)
    • အူလမ်းကြောင်း ခွဲစိတ်မည့်သူများတွင် ခွဲစိတ်မှုကို ပိုမိုလွယ်ကူစေရန်နှင့် ပိုးဝင်မှုနည်းစေရန် ခွဲစိတ်မှုမတိုင်မီ အူသန့်စင်ဆေးများ တိုက်ကျွေးခြင်း သို့မဟုတ် အစာလျှော့ခိုင်းခြင်းများ ပြုလုပ်နိုင်သည်
ခွဲစိတ်ကုသမှုအဆင့်ဆင့်
  • မခွဲစိတ်မီ (Pre-operative)
    ခွဲစိတ်ခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ပါတို့ကို ပြုလုပ်မည်။
    • ဆေးရည်သွင်းခြင်း – လက်သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဆေးရည်များနှင့် အာဟာရဓာတ်များကို ပေးသွင်းသည်
    • မေ့ဆေးပေးခြင်း – လူနာသည် ခွဲစိတ်နေစဉ်တစ်လျှောက် အိပ်ပျော်နေစေရန် မေ့ဆေးပေးမည်ဖြစ်သည်
    • ပိုးဝင်ခြင်းမှ ကာကွယ်ခြင်း – အနာပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများကို ကြိုတင်ထိုးပေးသည်
  • ခွဲစိတ်စဉ် (Intra-operative)
    • ကြာမြင့်ချိန် – ခွဲစိတ်မှုသည် လူနာ၏ အခြေအနေပေါ်မူတည်၍ ပုံမှန်အားဖြင့် တစ်နာရီ မှ သုံးနာရီအထိ ကြာမြင့်နိုင်သည်
    • သွေးသွင်းခြင်း – သွေးထွက်လွန်နေသည့် အရေးပေါ်အခြေအနေများ သို့မဟုတ် လိုအပ်ချက်ရှိပါက သွေးသွင်းခြင်းကို ပြုလုပ်မည်
    • ခွဲစိတ်မှုအမျိုးအစားများ (Types of Surgery)
      • သမာရိုးကျ ခွဲကြောင်းဖြင့် ခွဲစိတ်ခြင်း (Open Surgery)
        ဝမ်းဗိုက်တွင် ခွဲကြောင်းအကြီးတစ်ခုပေး၍ ခွဲစိတ်ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေများ သို့မဟုတ် အူလမ်းကြောင်းတွင် ပြဿနာ ကြီးကြီးမားမားရှိသည့်အခါ ဤနည်းလမ်းကို အသုံးပြု​လေ့ရှိ​သည်။
      • မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic Surgery)
        ဝမ်းဗိုက်တွင် အပေါက်ငယ်လေးများသာ ဖောက်၍ ကင်မရာနှင့် ကိရိယာများအသုံးပြုကာ ခွဲစိတ်ခြင်းဖြစ်သည်၊ ဒဏ်ရာသေးငယ်သည့်အတွက် နာကျင်မှုနည်းပါးပြီး လူနာနလန်ထချိန် ပိုမိုမြန်ဆန်သည်။
      • စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic-assisted Surgery)
        စက်ရုပ်လက်တံများကို အသုံးပြု၍ ပိုမိုတိကျစွာ ခွဲစိတ်ခြင်းဖြစ်သည်၊ ကုန်ကျစရိတ် ပိုမိုများပြားသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်စေရန် ကူညီပေးသည်။
  • ခွဲစိတ်ပြီးနောက် (Post-operative)
    • အနီးကပ်စောင့်ကြည့်ခြင်း
      • ခွဲစိတ်ပြီးချိန်တွင် လူနာ၏ သွေးခုန်နှုန်း၊ သွေးဖိအားနှင့် အသက်ရှူနှုန်းများကို စောင့်ကြည့်မည့်အပြင် အပေါက်ဖောက်ထားသည့် Stoma ၏ အရောင်နှင့် သွေးလည်ပတ်မှု ကောင်းမွန်ခြင်း ရှိမရှိကို အထူးဂရုစိုက် စစ်ဆေးမည်ဖြစ်သည်
    • ပြန်လည်နိုးထလာချိန်
      • လူနာ မေ့ဆေးမှ ကောင်းစွာနိုးလာပါက အောက်ပါတို့ကို ဆောင်ရွက်မည်
        • ဆေးဝါးကုသမှု – အနာသက်သာဆေးများနှင့် ပိုးသတ်ဆေးများကို လိုအပ်သည့်အတိုင်း ပေးထားမည်
        • အိတ်တပ်ဆင်ခြင်း – Stoma အသစ်ပေါ်တွင် အိတ်ကို စနစ်တကျ တပ်ဆင်ပေးမည်ဖြစ်ပြီး စွန့်ပစ်ပစ္စည်းများ ထွက်လာခြင်း ရှိ၊ မရှိကို စောင့်ကြည့်မည်ဖြစ်သည်
        • လူနာခန်းသို့ ပြောင်းရွှေ့ခြင်း – စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ဆေးရည်များနှင့် ပိုးသတ်ဆေးများကို ဆက်လက်ပေးသွင်းမည်
    • အိမ်ပြန်ရန် ပြင်ဆင်ခြင်း
      • ဆေးရုံမဆင်းမီ ခွဲစိတ်အနာနှင့် အပေါက်ဖောက်ထားသည့် Stoma အိတ်လဲလှယ်နည်း၊ အရေပြားကို သန့်ရှင်းရေးလုပ်နည်းနှင့် အိတ်အတွင်းရှိ ပစ္စည်းများကို စွန့်ပစ်နည်းများကို သင်ကြားပေးမည်ဖြစ်ရာ လူနာကိုယ်တိုင် သို့မဟုတ် လူနာရှင်မှ စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ ကျွမ်းကျင်စွာ တတ်မြောက်ထားရန် လိုအပ်သည်
နောက်ဆက်တွဲပြဿနာများ

အခြားသော ခွဲစိတ်မှုများကဲ့သို့ပင် ဤခွဲစိတ်မှုတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေရှိသည်။

  • မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ – မေ့ဆေးကြောင့် ခေတ္တခဏ မူးဝေခြင်း၊ ပျို့အန်ခြင်းအပြင် အဆုတ်ရောင်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေရှိသည်
  • သွေးထွက်ခြင်းနှင့် သွေးခဲခြင်း – ခွဲစိတ်စဉ် သို့မဟုတ် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း သို့မဟုတ် သွေးကြောထဲတွင် သွေးခဲပိတ်ခြင်းများ ဖြစ်ပွါးနိုင်သည်
  • အပေါက်ပတ်ပတ်လည် အရေပြား ယားယံခြင်း (Skin irritation) – ဝမ်း သို့မဟုတ် ဆီးများသည် အရေပြားပေါ်သို့ ယိုစိမ့်မှုကြောင့် အရေပြား နီမြန်းခြင်း၊ ယားယံခြင်းနှင့် အနာဖြစ်ခြင်းများ ခံစားရနိုင်သည်
  • ပိုးဝင်ခြင်း (Infection) – ခွဲစိတ်ထားသော အနာနေရာ သို့မဟုတ် အပေါက်ဖောက်ထားသည့် Stoma ပတ်ပတ်လည်တွင် ပိုးဝင်၍ ပြည်တည်ခြင်း၊ နာကျင်ခြင်းနှင့် ဖျားခြင်းများ ဖြစ်နိုင်သည်
  • အပေါက်ဖောက်ထားသည့် နေရာမှ အူရှည်ထွက်လာခြင်း (Prolapse) – အူလမ်းကြောင်းသည် ဝမ်းဗိုက်အတွင်းမှ ပုံမှန်ထက်ပို၍ အပြင်သို့ ရှည်ထွက်လာခြင်းဖြစ်သည်
  • အပေါက်ဖောက်ထားသည့် ဘေးတွင် အူကျွံခြင်း (Parastomal hernia) – အပေါက်ဘေးရှိ ဝမ်းဗိုက်ကြွက်သားများ အားနည်းသွားပြီးနောက် အူကျွံကာ ဗိုက်ဖောင်းထွက်လာခြင်းဖြစ်သည်
  • အပေါက် ကျဉ်းသွားခြင်း (Stenosis) – အမာရွတ်များကြောင့် အပေါက်နေရာ ကျဉ်းသွားပြီး စွန့်ပစ်ပစ္စည်းများ ထွက်ရန် ခက်ခဲလာခြင်းဖြစ်သည်
  • ဓာတ်ဆားဓာတ် မညီမျှခြင်း (Electrolyte imbalance) – အထူးသဖြင့် အူသိမ်ကို အပေါက်ဖောက်ထားသူများ (Ileostomy) တွင် အရည်နှင့် ဓာတ်ဆားဓာတ်များ အလွန်အမင်း ထွက်သွားခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဓာတ်ဆားချို့တဲ့ခြင်းများ ဖြစ်တတ်သည်
ခွဲစိတ်ပြီးလိုက်နာဆောင်ရွက်ရမည့်အချက်များ

အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း လမ်းကြောင်းလွှဲခြင်း (Stoma formation) ခွဲစိတ်မှုအပြီးတွင် လူနာများအနေဖြင့် ဘေးကင်းပြီး ကျန်းမာသော နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ရန် အောက်ပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

  • အိတ်ကို သန့်ရှင်းစွာ လဲလှယ်အသုံးပြုခြင်း
    • Stoma အိတ် (Stoma bag) ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည့်အချိန်တွင် သန့်ရှင်းစွာ လဲလှယ်ပေးရမည် (ပုံမှန်အားဖြင့် အိတ်၏ သုံးပုံတစ်ပုံခန့် ပြည့်လျှင် သွန်ပေးရန် သို့မဟုတ် လဲလှယ်ရန် လိုအပ်သည်)
  • အရေပြားကို ဂရုစိုက်ခြင်း
    • အပေါက်ဖောက်ထားသည့် ပတ်ဝန်းကျင်ရှိ အရေပြားကို အမြဲတမ်း သန့်ရှင်းခြောက်သွေ့အောင် ထားရှိရမည်
    • အရေပြားကို သန့်ရှင်းရေးလုပ်ရာတွင် နူးညံ့သောဆပ်ပြာနှင့် ရေကိုသာ အသုံးပြုသင့်သည်
  • အစားအသောက် စီမံခြင်း
    • ဆရာဝန် သို့မဟုတ် အာဟာရပညာရှင် ညွှန်ကြားချက်အတိုင်း အစာကို ညက်အောင်ဝါးစားခြင်း၊ ရေများများသောက်ခြင်းနှင့် လေပွစေသော အစားအစာများကို ရှောင်ကြဉ်ခြင်းတို့ဖြင့် အစာခြေစနစ်ကို ထိန်းညှိရမည်
  • ပြဿနာရှိပါက အကြောင်းကြားခြင်း
    • အိတ်မှ ယိုစိမ့်ခြင်း (Leakage) ဖြစ်ခြင်း၊ Stoma ပတ်ပတ်လည်ရှိ အရေပြား နီမြန်းနာကျင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်းများ ရှိပါက မိသားစုဆရာ၀န်များနှင့် အမြန်တိုင်ပင်ဆွေနွေးသင့်သည်
    • လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်
  • ရက်ချိန်းမှန်မှန်ပြသခြင်း
    • ခွဲစိတ်မှုအပြီး အနာကျက်နှုန်းနှင့် အပေါက်ဖောက်ထားသည့်နေရာ အခြေအနေကို စစ်ဆေးနိုင်ရန် ဆရာဝန်ပေးထားသော ရက်ချိန်း (Follow-up visit) များသို့ ပုံမှန်သွားရောက် ပြသရမည်

References:

  1. Cleveland Clinic. (n.d.). Ostomy: What it is, surgery, what to expect & bag care. Retrieved March 9, 2026, from https://my.clevelandclinic.org/health/procedures/22496-ostomy
  2. Mayo Clinic. (n.d.). Ileostomy. Retrieved March 9, 2026, from https://www.mayoclinic.org/tests-procedures/ileostomy/about/pac-20582350
  3. Mayo Clinic. (n.d.). Colostomy. Retrieved March 9, 2026, from https://www.mayoclinic.org/tests-procedures/colostomy/about/pac-20583139
  4. Mulita, F., & Lotfollahzadeh, S. (2023). Intestinal stoma. In StatPearls. StatPearls Publishing. Retrieved March 9, 2026, from https://www.ncbi.nlm.nih.gov/books/NBK565910/

Published: 28 March 2026

Share

28 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.